Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အကြားအမြင်ပိတ် တပ်ရိပ်စွန့်ခွာ မင်္ဂလာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အကြားအမြင်ပိတ် တပ်ရိပ်စွန့်ခွာ မင်္ဂလာ

(မိုးမခ) ဧပြီ ၂၀ ၊ ၂၀၂၃


မြတ်စွာဘုရားက တတ်ကောင်းတတ်ရာဟူသမျှကို ကြားမြင်သုတ ရှိပါစေတဲ့။

အကြားအမြင်များမှ မင်္ဂလာဖြစ်မှာ။ မဟုတ်လို့ကတော့ ဘယ်ဟာမှန် ဘယ်ဟာမှား။ ဘယ်ဟာကောင်း ဘယ်ဟာဆိုး။ ဘယ်ဟာလူကောက် ဘယ်ဟာ လူဖြောင့် ဘယ်လိုလူ မဲထည့်ရမယ်၊ မထည့်ရဘူး၊ ဘယ်လိုသိမလဲ။ အထွေထွေဗဟုသုတ မကျယ်လို့ကတော့ ဗာလကို ဘုရားလောင်းထင် အမင်္ဂလာမှန်သမျှ ဝင်ဖို့သာမှတ်တော့။ အကြားအမြင်ပိတ်တဲ့နေရာဟာ နေရမယ့်နေရာမဟုတ်။ ပတိရူပဒေသမဖြစ်။ တပ်ဆိုတာ ဘာမှမသိအောင်လုပ်ထားတဲ့နေရာမို့ ထွက်သာလာခဲ့။ မဟုတ်ရင်မင်္ဂလာမဲ့တယ်။

ဆက်ဟောတာက အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေတဲ့။ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အမျိုးမျိုးရှိတဲ့ကြားက စစ်သားဘဝကို ရွေးလိုက်ကြတယ်။ စစ်တိုက်တဲ့ အလုပ်လေ။ လူသက်သက် သတ်ပြီး အသက်မွေးရသလို မဖြစ်ဖို့က တပ်ရဲ့ရည်ရွယ်ချက် မှန်၊ မမှန်ကို ကြည့်နိုင်မှဖြစ်မယ်။ တပ်မတော်သားတွေအပေါ် တပ်ခေါင်းဆောင်တွေရဲ့သဘောထားက မှန်ရဲ့လား။ ပြည်သူတွေအပေါ်  ဗိုလ်တွေရဲ့သဘောထား ဟုတ်ရဲ့လား။ တပ်မတော်ဟာ ပြည်သူကို ကာကွယ်နေတာ ဟုတ်ရဲ့လားဆိုတာ မေးခွန်းများများမေးရမယ်။ ကာကွယ်ပေးတာမဟုတ်ရင် လူသတ်တာသက်သက်နဲ့ အသက်မွေးတာဘဲ။ ခု အိမ်တွေ တိုက်တွေကို မီးရှို့၊ ပစ္စည်းလု ဓားပြတိုက်၊ လူတွေကို ဖမ်းဆီးနှိပ်စက် မုဒိမ်းကျင့်သတ်ဖြတ် တရစပ်မရပ်မနား ခွေးရူးဆေးစားထားသလို လုပ်နေတာဟာ သိပ္ပ ဆိုတဲ့ အသက်မွေးဝမ်းကျောင်းမှု မင်္ဂလာပျက်တာပါပဲ။ ရတဲ့လစာဟာ အဆိပ်အပင်းဘဲ။ ပြည်သူကို သတ်ပြီး ပြည်သူဆီက လစာယူနေတာဟာ ဗဟုသုတနည်းပါး အတတ်ပညာ မှားတာလေ။

အဲဒါ မမှန်တော့ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြား နားလည်စေဆိုတဲ့ လူ့ကျက်သရေ၊ လူ့ယဉ်ကျေးမှုမင်္ဂလာက အလိုလိုပျက်ရော။ တပ်ထဲမှာ ဘာဗဟုသုတမှမရှိအောင်လုပ်ထား၊ အသက်မွေးဝမ်းကြောင်းစောင်းအောင်လုပ်ထားတော့ ဘာကျင့်ဝတ်မှ မသိ မကျင့်။ တာဝန်ဆိုပြီးထမ်းနေသမျှက မဟုတ်တာသာ လုပ်နေသလိုဖြစ်။ ဆောင်ရမှာမသိတော့ လုပ်သင့်တာမလုပ်။ ပြည်သူ့ဘက်မရပ်။ ရှောင်ရမှာမသိတော့ မလုပ်သင့်တာလုပ်။ ပြည်သူသတ်။ တပ်ထဲကြာလေ မွေးရာပါလူ့အရည်အသွေးအကောင်းတွေ တရိရိပျက်စီး တိုင်းပြည်ကြီး မီးဟုန်းဟုန်း တောက်အောင် လုပ်လေဖြစ်။ ခုဆို ကိုယ့်မိသားစုပါ အိုးပျောက် အိမ်ပျောက် အသက်ပျောက်ကိန်းဆိုက်လာ။

အဲဒီလိုအခြေအနေမှာ သုဘာသိတဝါစာ ဆိုတဲ့ မှန်ကန်ယဉ်ကျေး ချိုသာအေး ဆိုရေးတတ်မင်္ဂလာပါ အလိုလိုပျက်ပါရော။

လိမ်ပြီးရင်းလိမ် ညာပြီးရင်းညာ ဇော်မဲလုံးသာ ကြည့်၊ လူ့ရုပ်ပျောက်။ ဂဘောက်တိဂဘောက်ချာ ဗရမ်းဗတာ ပြောတာမှာတော့ ဘဒ္ဒကမ္ဘာမှာ မအလကို မီဖို့မလွယ်ပါ။ 

အလွန်အကုသိုလ်ကြီးမားတဲ့ အမင်္ဂလာကောင်ဖြစ်ရာနေရာကို စွန့်ခွာခဲ့ကြလော့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar