ကိုသန်းလွင် - ဦးနှောက်နှင့် နှလုံး
ကိုသန်းလွင် - ဦးနှောက်နှင့် နှလုံး
(မိုးမခ) ဧပြီ ၂၀ ၊ ၂၀၂၃
( ၁ )
နှလုံးရောဂါ စွဲကပ်ပြီဆိုလျှင် လူတိုင်း အထိတ်တလန့် ဖြစ်ကြရပါသည်။ ယနေ့တွင် ရာပေါင်းများစွာသော သိပ္ပံပညာရှင်များက နှလုံးရောဂါ ကုသနည်း၊ ကာကွယ်နည်းများကို ရှာဖွေနေကြပါသည်။ သို့သော် အစ္စရေး ဆေးတက္ကသိုလ်မှ ကျောင်းသားများက ထိုနည်းများကို ဦးနှောက်ထဲတွင် ရှာဖွေနေကြပါသည်။ ဦးနှောက်ထဲတွင် ရှိသည့် ခံစားမှုနှင့် အခြား စိတ်အားတက်ကြွဖွယ်ရာများကို လှုံ့ဆော်သည့် ဧရိယာသည် နှလုံးသားနှင့် မည်သို့ ပတ်သက်နေသည်ကို သိလိုကြပါသည်။
တက္ကသိုလ်မှ မိုက်ခရိုစကုပ် အခန်းထဲတွင် ကြွက်၏ ဦးနှောက်ကို ဆလိုက်ပြားများပေါ်တွင် တင်၍ လေ့လာနေကြသည်ကို တွေ့နိုင်ပါသည်။ ထိုအထဲတွင် ကြွက်၏ သေးငယ်သောနှလုံးများကိုလည်း တွေ့ရပါ သည်။ ဦးနှောက်တွင် (VTA- Brain Reward Center) ဟု ခေါ်သောနေရာ၌ရှိရာ ထိုနေရာကို နှိုးဆွပေးပါက ကြွက်၏ ကိုယ်တွင်းခုခံအားကို ဖြစ်ပေါ်စေသည့်စနစ်တွင် အပြောင်းအလဲများဖြစ်ပြီး ကျန်းမာလာသော အဖြစ်များကို တွေ့နိုင်ပါသည်။
( ၂ )
ထိုလေ့လာမှု၏ စဦးအခြေခံသဘောတရားမှာ စိတ်ပညာရှင်များ၏ နှစ်ပေါင်းများစွာ လေ့လာခဲ့ကြသော “လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များသည် နှလုံးသားကျန်းမာမှုကို အထောက်အကူပြုသည်” ဟူသော အချက်ပေါ်တွင် မူတည်နေပါသည်။
(Broken Heart Syndrome) ခေါ် နှလုံးသား ပျက်စီးယိုယွင်းရမှုမှာ စိတ်သည် အလွန်ဆိုးရွာသော ဖိအားအောက် ရောက်ရှိနေသောအခါ (Heart attack) ကို ရစေနိုင်သည်။ အချို့ကိစ္စများတွင်အသက်သေဆုံးနိုင်သည်အထိ ဖြစ်ပျက်နိုင်သည်။ တခြားတဖက်တွင် ကောင်းမွန်သော စိတ်ထားကို ထားနိုင်ပါက နှလုံးသွေးလမ်းကြောင်း (Cardiovascular) နှင့်ဆိုင်သော ရောဂါများတွင် ကောင်းမွန်လာနိုင်သည်။ သို့ရာတွင် ဘယ်သို့ ဆက်စပ်နေသည်ကို လူတို့ နားမလည်ကြသေးပါ။ ဦးနှောက်၏ ခုခံအားစနစ်ပေါ်တွင် မည်သို့ စိုးမိုးသည် ဆိုသည်ကို အလေးထား၍ လေ့လာခဲ့ကြပါသည်။ တနည်းဆိုသော် ဦးနှောက်သည်လူ၏ ကျန်းမာရေးအပေါ်တွင် စိုးမိုးပုံကို ဆိုလိုပါသည်။ ပထမဦးဆုံး သူတို့ လုပ်နေကြခြင်းမှာ ဦးနှောက်ကို (Map) လုပ်ခြင်းပင် ဖြစ်သည်။ ဦးနှောက်၏ မည်သည့်နေရာသည် မည်သို့သော ခံစားမှုကို လွှမ်းမိုးသည်ကို ဇယားချ၍ လေ့လာ ခြင်းပင် ဖြစ်သည်။
လူတွင် နာဗ့်ကြောများနှင့် ခုခံအားစနစ်ကို ဆက်သွယ်ပေးနေသော လမ်းကြောင်းများ ရှိပါသည်။ ၎င်းတို့တွင် သေးငယ်သော (Circuit) အဖြစ် အရေပြားနှင့် နာဗ့်ကြောများသည် ဆက်သွယ်မှုနှင့် ပိုမိုရှုပ်ထွေးသော ဦးနှောက်နှင့် နာ့ဗ်ကြောများ ဆက်သွယ်ပုံတို့ ပါဝင်ပါသည်။
လူ့ကိုယ်ခန္ဓာနှင့် ဦးနှောက်ကို ဗားဂပ် (Vagus) ခေါ် နာဗ့်ကြောကြီးနှင့် ဆက်သွယ်ထားပြီး ယင်းကို နာ့ဗ်ကြောများ၏ “ဟိုက်ဝေး “ဟု ခေါ်ကြပါသည်။ ယခုအခါ ဆေးခန်းများတွင် (Clinical Trial) အများအပြား ဖြင့် စမ်းသပ်နေကြပါသည်။ ဦးနှောက်နှင့် ဆက်သွယ်ပြီး အလုပ်လုပ်သည်ဆိုသည်နှင့် (Black Box) သဖွယ် ဖြစ်သွားပြီး ဘာမှ မသိနိုင်သော အဖြစ်သို့ ရောက်ရှိသွားပါသည်။
နာဗ့်ကြောနှင့် ခုခံအားကို ဖြစ်စေသော စနစ်တို့၏ ဆက်သွယ်မှုရှိပုံကို လူတို့ သိနားလည်ထားကြသည်မှာ နှစ်ပေါင်း တစ်ရာမက ရှိခဲ့ပါပြီ။ ၁၉ ရာစုအကုန် ၂၀ ရာစုဆန်းစ အချိန်တွင် နာဗ့်ကြောနှင့် အရေပြားများကို ဆက်သွယ်သည့်နေရာကို ဖြတ်လိုက်ပါက ရောဂါချို့ယွင်းမှု (Inflammation) မရှိတော့ကြောင်းကို သိနေကြ ပါသည်။ ၁၉၉၀ ပြည့်နှစ်များတွင် နာဗ့်ကြောများကို ဦးနှောက်က အမိန့်ပေး ခိုင်းစေပုံကို ရိပ်စားမိလာကြသည်။ စထရုတ် (Stroke) ဖြစ်သော ကြွက်၏ ဦးနှောက်ထဲသို့ ဆေးထိုးသွင်းသောအခါ ဆေးသည် သူတို့ မျှော်လင့်သည့်အတိုင်း တုံ့ပြန်သည်ကို တွေ့ရှိကြကာ ထိုဦးနှောက်ဆေးကိုပင် ကိုယ်ခန္ဓာအတွင်းသို့ ထိုးသွင်းသည့်အခါတွင်လည်း အလားတူ တုံ့ပြန်မှုကို တွေ့ကြရပြန်သည်။ သုတေသနပြုသူများကို ရှုပ်ထွေးသွားစေပါသည်။
ဦးနှောက်မှ ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ သွားသော “ဗားဂပ်” နာဗ့်ကြော ရှိပါသည်။ နာ့ဗ်ကြောပေါင်း တစ်သိန်းခန့်ရှိသည့် အကြောမွှာကလေးများသည် နှလုံး၊ အဆုတ်၊ အစာအိမ်လမ်းကြောင်းနှင့် အခြား အဓိကလူ့ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ သွားနေကြပါသည်။ ထိုလမ်းကြောင်းကို ဖြတ်သောအခါ ဦးနှောက်တွင် ထိုးထားသော ဆေးမှာ အကျိုးသက်ရောက်မှု မရှိတော့သည်ကို တွေ့ရပါသည်။
ဟားဗတ်တက္ကသိုလ်မှ အဖွဲ့ကလည်း ဟိုက်ပိုသားလမက် (Hypothalamus) သည် ဖျားနာခြင်း၊ အနွေးဓာတ်ကို ခံစားခြင်း၊ အစားစားလိုသော စိတ်ဓာတ်ကို ထိန်းချုပ်ခြင်း စသည်တို့ကို တွေ့ရှိရသည်။ ယခင်က ယုံကြည်ကြသည်မှာ ဖျားနာ၍ အစားကို စားလိုစိတ်မရှိ ဖြစ်ရသည်မှာ ကိုယ်ခန္ဓာကို ဗက်တီးရီးယားပိုးများ၏ နှောင့်ယှက်မှုကြောင့်ဟု ထင်ခဲ့ကြသည်။ ယခုအခါ ထိုခံစားချက်မှာ ကိုယ်ခန္ဓာကြီးမှ လာရုံသာမဟုတ်ဘဲ ဟိုက်ပိုသားလမတ်ကို လှုံ့ဆော် (Activate) ထားလျှင်လည်း အလားတူ ခံစားရကြောင်း သိရှိရပါသည်။
ထို့ကြောင့် မေးစရာ မေးခွန်းပေါ်လာသည်မှာ ဦးနှောက်အတွင်းတွင် တစုံတရာ နှောက်ယှက်ခြင်းကြောင့် ဟိုက်ပိုသားလမတ်အတွင်းမှ နျူရုန်းများကို နှောင့်ယှက်နိုင်ခြင်း ရှိ၊ မရှိပင် ဖြစ်သည်။ ဟိုက်ပိုသားလမတ်၏ အထက်တစ်နေရာတွင် အင်ဆူလာ (Insula) ဟူသော နေရာရှိပြီး ၎င်းသည် ခံစားချက်များနှင့် ကိုယ်ခန္ဓာ၏ အထိအတွေ့ကို ထိန်းချုပ်သောနေရာ ဖြစ်သည်။ ၂၀၂၁ က ရီပို့စ်တခုတွင် ထိုအင်ဆူလာအတွင်းရှိ မှတ်ဉာဏ်က အူလမ်းကြောင်းတွင်ရှိသော ပြဿနာတခုကို မှတ်သားသည်။ ထိုအဖြစ်အပျက်ကို မှတ်မိနေသော အင်ဆူလာက အူအတွင်းတွင် ပြဿနာမရှိပါဘဲလျက် ရှိပါသည်ဟု ဖော်ပြနေသည်။ ၎င်းသည် စိတ်ကို စိုးမိုးသော အခြားအချက်အလက်များနှင့် ရောပေါင်းထားသောအခါ ပိုမိုရှုပ်ထွေးသော ပြဿနာကြီး ဖြစ်လာပါသည်။
၁၉၈၉ ခုနှစ်က ရီပို့စ်တခုတွင် ကင်ဆာရောဂါ ကုသရာ၌ ဤရောဂါအကြောင်း လူအများနှင့် ဆွေးနွေးခြင်းဖြင့် ရောဂါသက်သာလာကြောင်း တွေ့ရှိရပါသည်။ VTA ဧရိယာရှိ နျူရုန်းများကို နှိုးဆွပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်နေသော နေရာအကျယ်အဝန်းကို လျှော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။ VTA ဧရိယာရှိ နျူရုန်းများက အရိုး (Bone marrow) ရှိ ခုခံအားကို နှိပ်ကွပ်နိုင်သော ဆဲလ်များကို ဖယ်ရှားပေးသောအခါ ခုခံအားမှာ ကင်ဆာရောဂါကို ပိုမိုတိုက်ခိုက်နိုင်ကြောင်း တွေ့ရှိရပါသည်။
ဆေးကုသသူတိုင်းက ကောင်းသောစိတ် ထားနိုင်လျှင် ရောဂါကို သက်သာရာရစေကြောင်း သိကြပါသည်။ သို့သော် သက်သေပြချက်များမှာ ဟိုတစ်စ သည်တစ်စဖြင့် စုစည်း၍ မရနိုင်သေးပါ။
ခုခံအားနှင့် ပတ်သက်၍ သွားရာလမ်းကြောင်းနှစ်ကြောင်း ရှိပါသည်။ ဦးနှာက်၏ ရှေ့ပိုင်း (Lobe) မှ (motor cortex) က ခုခံအားဆဲလ်များကို ဒဏ်ရာရသည့်နေရာသို့ သွားစေပါသည်။ နောက်တစ်ခုမှာ ဟိုက်ပို သားလမတ်က စိတ်ဖိအားတစ်ခုခုကို ခံစားနေရသည့်အခါတွင် သွေးထဲ၌ လှည့်ပတ်နေသော ခုခံအားဆဲလ်များ၏ အရေအတွက်ကို လျှော့ချပေးသည်။ ထို့ကြောင့် လူတစ်ယောက်သည် ဝမ်းသာမှုမရှိ စိတ်ခံစားရမှု များပြားနေလျှင် ရောဂါကို ကာကွယ်နိုင်အား လျော့နည်းစေသည်။
( ၃ )
ဦးနှောက်တွင်းမှ နျူရုန်းများကို နှိုးဆွပေးခြင်းဖြင့် ရောဂါကုသနိုင်ခြင်းမှာ ရှင်းရှင်းလင်းလင်း မသိရသေးသော အချက်ဖြစ်ပါသည်။ ကြွက်များတွင် စမ်းသပ်၍ အောင်မြင်နေသောကြောင့် လူတွင် ထိုအဖြစ်မျိုး ဖြစ်ရမည်ဟု ယုံကြည်နေကြပါသည်။ ဦးနှောက်ကိုနှိုးဆွရာတွင် (Transcranial magnetic Stimulation) ခေါ် သံလိုက် (Pulse) များဖြင့် နှိုးဆွခြင်းပြုလုပ်သည်။ သို့မဟုတ် အသံလှိုင်း (Ultrasound wave) များကို အသုံးပြု၍ ခုခံအားစနစ်ကို နှိုးဆွခြင်းဖြင့် ကင်ဆာရောဂါ၊ ခုခံအားနည်းပါးသဖြင့် ဖြစ်ရသော ရောဂါနှင့် အခြား အခြေအနေအမျိုးမျိုးတို့ကြောင့် ဖြစ်ရသောရောဂါများကို ကုသနိုင်ရန် ကြိုးစားလျက်ရှိပါသည်။ ယခုအခါ ထိုလူနာများမှ သွေးနမူနာများကို ယူပြီး ကုသမှု ထိရောက်မှု ရှိ၊ မရှိကို စစ်ဆေးနေကြပါသည်။
နောက်တဖွဲ့ကလည်း ဆေးပြားအရွယ် နာ့ဗ် နှိုးဆော်သည့် ကိရိယာ (Pill size nerve simulator) များကို လူနာ၏ ကုပ်အတွင်းမှ ဗားဂါတ် နာ့ဗ်ကြောတွင် ထည့်သွင်းပြီး တုံ့ပြန်မှုကို စစ်ဆေးလျက်ရှိကြပါသည်။ အနည်းဆုံး ရောဂါမပျောက်ကင်းသည့်တိုင် ရောဂါကို သက်သာစေနိုင်ကြောင်း သိရှိရပါသည်။ အမေရိကန်နိုင်ငံတွင် ထိုကဲ့သို့ စမ်းသပ်နေသော လူနာ ၂၅၀ ရှိပါသည်။
တစ်ခါတစ်ရံ လူတစ်ယောက်တွင် ရုပ်ခန္ဓာ၌ မှားယွင်းချက် တစုံတရာ မရှိဘဲ ရောဂါဖြစ်နေသည်ဟု ခံစားနေရသူများ ရှိပါသည်။ ထိုလူနာအား ဦးနှောက်နှင့် သူ၏ ခုခံအားဆက်သွယ်မှုရှိပုံကို ရှင်းပြနိုင်ကြပါသည်။ ရောဂါမရှိဘဲ ထိုရောဂါကို ရှာဖွေရ ခက်နေသူများအတွက် ဤအချက်မှာ အရေးကြီးလှပါသည်။
ကိုသန်းလွင်
Ref: How the brain controls Sickness and health. By Diana Kwon Nature February 23 203.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar