Breaking News

နိုင်ငံတကာ ငွေကြေး အထောက်အပံ့နဲ့ တော်လှန်ရေး

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၄ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၅

နိုင်ငံတကာ ငွေကြေး အထောက်အပံ့နဲ့ တော်လှန်ရေး 

အမေရိကန် နိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီ ပေးရေးအေဂျင်စီကို သမ္မတသစ် ထရန့် ရဲ့ အစိုးရ အဖွဲ့ အသုံးစရိတ် စိစစ်ဖြတ်တောက်ရေးမှာ လက်မရွံ့ ပါးကွက်သားသဖွယ် လုပ်ဆောင်နေတဲ့ အီလွန်မတ်စ်ရဲ့ ဝန်ကြီးဌာနက ရုံးကို ပိတ်သိမ်းမယ့်အထိ ခြိမ်းခြောက်နေသလို ထရန့်နဲ့ သူ့ရဲ့ လက်မရွံ့ အီလွန်မတ်စ်တို့ရဲ့ ပစ်မှတ်က USAID နဲ့ တင်ပြီးဆုံးခြင်း မရှိဘဲ National Endowment for Democracy (NED) တို့ကိုပါ စပြီး တိုက်ခိုက်လာသလို အခြားသော အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံချက်တွေကိုလည်း တခုပြီး တခု သို့မဟုတ် တခုမရရင် နောက်တခုသဘောမျိုးနဲ့ ရန်ရှာလာမယ့်အနေအထားတွေ တွေ့နေရတာဖြစ်ပါတယ်။ 

ဒီနေရာမှာ အမေရိကန်ရဲ့ပြဿနာ ကမ္ဘာလုံးဆိုင်ရာ လက်တံ ခြေတံတွေကို ပြောချင်တာထက် အခု ပြဿနာဖြစ်နေတဲ့ USAID နဲ့ ပြဿနာဖြစ်ဖို့ လက္ခဏာတွေတွေ့မြင်နေရတဲ့ NED တို့လိုအဖွဲ့အစည်းတွေက မြန်မာ နိုင်ငံအဖို့ ဘာတွေသက်ရောက်နိုင်လဲ၊ နွေဦးတော်လှန်ရေးကိုသက်ရောက်နိုင်ခြေ၊ မြန်မာလူထုကို သက်ရောက်နိုင်ခြေ၊ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေအပေါ် သက်ရောက်နိုင်ခြေတွေကို စေ့ငုကြည့်လိုတဲ့ သဘောဖြစ်ပါတယ်။ 

USAID လို့ အင်္ဂလိပ်ဘာသာနဲ့ အတိုကောက်ခေါ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေ ဂျင်စီက ဆယ်စုနှစ်အတန်ကြာပြီဖြစ်တဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ စတင်ဖွဲ့စည်းစဥ်က သမ္မတရဲ့အမိန့်နဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ကွန်ဂရက်က အတည်ပြုခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော် ကမ္ဘာအနှံ့အပြားမှာ ရှိတဲ့နိုင်ငံတွေမှာ ဖွံ့ဖြိုးရေးလို့ ယေဘုယျအားဖြင့် ခြုံငုံသုံးနှုန်းတဲ့ လူသားချင်းစာနာမှုအကူအညီ၊ အရပ်ဖက်အဖွဲ့တွေရဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပုဂ္ဂလိကကဏ္ဍ၊ စိုက်ပျိုးရေးကျွမ်းကျင်မှုဆိုင်ရာ၊ အမျိုးသမီးအခွင့်အရေး၊ လူနည်းစုအခွင့်အရေးနဲ့ သတင်းလွတ် လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ဆိုင်ရာကိစ္စတွေအထိ ကျယ်ပြန့်တဲ့နယ်ပယ် အကြောင်း အရာတွေကိုအကူအညီပေးခဲ့တာ ဖြစ်ပါတယ်။ 

အစိုးရရဲ့အေဂျင်စီတခုဖြစ်တာကြောင့်လည်းကောင်း အမေရိကန်ပြည်ထောင်စု အစိုးရဝန်ကြီးဌာနတွေမှာ ရှိတဲ့ အဆင့်ဆင့်သောဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေကျယ်ပြန့်စွာကျင့်သုံးကြသလို အကူ အညီတွေ အကျိုးခံစားသူအထိမရောက်ခင် ကြားခံအဖွဲ့တွေနဲ့ လုပ်ထုံးလုပ်နည်း အဆင့်တွေအများအပြား လုပ်ဆောင်ပြီးမှ အကျိုးခံစားသူတွေထံရောက်ရှိကြတာ ဖြစ်ပါတယ်။ အခု သမ္မတသစ်ထရန့်တက်လာပြီးတဲ့နောက်မှာတော့ အမေရိကန် အစိုးရရဲ့ နှစ်စဥ် နိုင်ငံတကာအကူအညီငွေ ၆၀ ဘီလျံကျော်ကို စိစစ်မယ်လို့ သမ္မတ တာဝန်ယူတဲ့နေ့မှာတင်ပဲ အမိန့်လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။ USAID ရဲ့ ကမ္ဘာနိုင်ငံအများအပြားမှာ အကူအညီအထောက်အပံ့ပေးနေတဲ့အစီအစဥ်တွေအနက် မြန်မာ-ထိုင်းနယ်စပ်ဒေသနဲ့တိုင်းရင်း သားဒေသတွေက စစ်ဘေးရှောင်တွေကိုအကူအညီပေးနေတဲ့ အစီအစဥ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကန်ဒေါ်လာ ၉၃ သန်း ကူညီခဲ့တယ်လို့လည်း သတင်းတွေမှာဖေါ်ပြထားကြတာတွေ့ရပြီး အခုလို ထရန့်နဲ့ အီလွန်မတ်စ်တို့ အမိန့်တွေကြောင့် ကရင်နီပြည်၊ ကရင်ပြည်နယ်၊ ကရင်ပြည်နယ်-ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေက ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ၊ ပညာပေးလုပ်ငန်း၊ သောက်သုံးရေရရှိရေးကိစ္စရပ်တွေ ဖြတ်တောက်ခံကြရကြောင်း သတင်းတွေအရ သိရှိရပါတယ်။ 

Burma Act လို့ခေါ်တဲ့အမေရိကန်အမျိုးသားလုံခြုံရေး ဘတ်ဂျက်အောက်ကလာတဲ့အကူအညီတွေက လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေကိုပေးအပ်ခွင့်ရှိကြောင်း အမေရိကန်လွှတ်တော်နဲ့ အစိုးရအဖွဲ့အစည်းတွေက ခွင့်ပြုခဲ့ကြတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးရဲ့ လက်နက် ကိုင်တိုက်ပွဲကို တိုက်ရိုက် အကူအညီပေးတာမဟုတ်သော်လည်း နွေဦးတော်လှန်ရေးထဲ တထောင့်တနေရာမှာပါဝင်နေကြတဲ့ လူထုတွေကိုအနေနဲ့ အကူအညီခံစားနေကြရတာ ဖြစ်ပါတယ်။ 

ထရန့်ရဲ့ ပေါ်လစီ၊ အမိန့်တွေကြောင့် နွေဦးတော်လှန်ရေးရဲ့လက်နက်ကိုင်လှုပ်ရှားမှုကို တိုက်ရိုက်မထိခိုက်ပေမယ့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်နေကြတဲ့ လူမှုအသိုင်းအဝိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲမှာ နောက်ကနေရပ်ခံ အားပေးနေကြရတဲ့ ကျေးရွာလူထုတွေ၊ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကိုထိခိုက်စေတာထင်ရှားပါတယ်။  နွေဦးတော်လှန်ရေးက အမေရိကန်က ထောက် ပံ့ငွေရပ်ဆိုင်းလိုက်ရင် လှုပ်ရှားမှု ရပ်တန့်သွားမလားလို့ မေးရင် မဟုတ်ဘူးလို့ဖြေကောင်း ဖြေကြပါလိမ့်မယ်။ ဘာကြောင့်ဆို လက်နက်ကိုင် တော်လှန်ရေးက ပြည်တွင်းကကူညီငွေ၊ ပြည်ပရောက် မြန်မာအသိုင်း အဝိုင်းက ကူညီငွေ၊ သယံဇာတတွေ ရောင်းချရာကရရှိတဲ့ ငွေကြေးနဲ့ ထိန်းချုပ်နယ်မြေတွေက ကောက်ခံတဲ့ အခွန်အကောက်တွေကိုအသုံးချပြီး လည်ပတ်နေကြတာကြောင့်လို့ ဖြေရမှာပါ။ 

သို့ပေမယ့် အခုလိုအကူအညီတွေ ရပ်တန့်သွားခြင်းက လူမှုအသိုင်းအဝိုင်းမှာ အခက်ခဲဆုံးအလွှာဖြစ်တဲ့ စစ်ဘေးဒုက္ခသည်၊ နေရပ်ကနေတိမ်းရှောင်နေရသူတွေကို ထိခိုက်မှုက စိတ်မကောင်းစရာအနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

USAID အနေနဲ့ ထုထည်ကြီးမားတဲ့ ဗျူရိုကရေစီ၊ စီမံခန့်ခွဲမှုအဆင့်တွေ များလွန်းပြီး ဘတ်ဂျက်ရဲ့ အများစုက စီမံခန့်ခွဲမှု အဆင့်ဆင့်နဲ့ ကြားခံ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ရေး လည်ပတ်ရေးအသုံး စရိတ်တွေအဖြစ် ရာနှုန်းအများအပြား သုံးစွဲလိုက်ကြတာတွေက ဆန်းစစ်ရမယ့် ပြင်ဆင်ရမယ့် အပိုင်းတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက ခေတ်အဆက်ဆက် လက်နက်ကိုင်တော်လှန်ရေးတွေမှာ ပြည်ပစွက်ဖက်မှု အတိုင်းအတာတခုထိရှိခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ မဆလခေတ်မှာလည်း ဗကပကို တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရက ကွန်မြူနစ်ဝါဒအရ ညီနောင်ပါတီဆိုတဲ့အယူအဆနဲ့ လက်နက် ငွေကြေး ကျွမ်းကျင်မှုတွေကူညီခဲ့ကြသလို ဦးနုရဲ့ပြည်ချစ်ပါတီ နဲ့ လက်နက်ကိုင်တော်လှန်ရေးကာလမှာတော့ အနောက် အုပ်စုအစိုးရတွေကိုယ်၌က မကူညီသော်လည်း ကြားခံအဖွဲ့အစည်းတွေကတဆင့် ရံပုံငွေကူညီခဲ့ကြတဲ့ သာ ဓကတွေရှိပြီး လက်ရှိနွေဦးတော်လှန်ရေးမှာတော့ အချို့သောတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရုတ်နိင်ငံရဲ့ဆက်ဆံရေးကလွဲရင် ပြည်ပ တိုက်ရိုက်အကူအညီမပါတဲ့ လက်နက်ကိုင်တော်လှန်ရေးလို့ ဆိုနိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတွေမှာ ပြည်ပအစိုးရတရပ်ရပ်က ငွေကြေးလက်နက်တိုက်ရိုက်ကူညီခဲ့ရင် လက် နက်ကိုင်တော်လှန်ရေးက မြန်ဆန်နိုင်သော်လည်း တချို့သောအခြေအနေမှာတော့ သြဇာခံအဖြစ် ကျရောက်နိုင်တာ သို့မဟုတ်အခြားဆန့်ကျင်ဘက်ကို တခြားသောနိုင်ငံတွေကကူညီပြီး ကြားခံစစ်ပွဲတွေထဲ ကျရောက်နိုင်ခြေလည်း သတိပြုသင့်တာ ဖြစ်ပါတယ်။

နိဂုံးအနေနဲ့ USAID ကအမေရိကန်အစိုးရထံက တိုက်ရိုက်ငွေကြေးကိုင်တွယ်ဖြန့်ချိသည့် အစိုးရအဖွဲ့အစည်းဟုဆိုနိုင်ပြီး၊ NED ဆိုတာကတော့ အဆိုပါပြည်ထောင်စုငွေကြေးထောက်ပံ့မှုကို တဆင့်လက်ခံပြီး အခြား ပြည်ပအဖွဲ့အစည်း လူပုဂ္ဂိုလ်များထံ ထပ်ဆင့်လက်ဝေခံပေးအပ်စီမံသည့် အဖွဲ့ဖြစ်ပါတယ်။ ၎င်းဖွဲ့စည်းပုံကို သည်လို ရှင်းပြထားပါတယ်။ 

National Endowment for Democracy (NED) သည် နှစ်ပါတီစလုံးကို ကိုယ်စားပြုသည့် (bipartisan) အဖွဲ့အစည်းဖြစ်ပြီး အမေရိကန် ဒီမိုကရက်ပါတီ သို့မဟုတ် ရီပတ်ဗလီကန်ပါတီ တစ်ဖက်တည်းနှင့် သက်ဆိုင်မှု မရှိပါ။ သို့သော်၊ ဒုတိယအသုံးအနှုန်းအနေနဲ့၊ NED သည် အောက်ပါ ပါတီနှင့် ဆက်စပ်သည့် သီးခြားအဖွဲ့ နှစ်ခုကို ရန်ပုံငွေထောက်ပံ့ပေးလေ့ရှိသည်—

1. National Democratic Institute (NDI) – ဒီမိုကရက်ပါတီ နှင့် ဆက်စပ်။

2. International Republican Institute (IRI) – ရီပတ်ဗလီကန်ပါတီ နှင့် ဆက်စပ်။

NDI နှင့် IRI နှစ်ခုလုံးသည် နိုင်ငံတကာ တွင် ဒီမိုကရေစီဖော်ဆောင်ရေး ကို အထောက်အပံ့ပေးသည့် မူဝါဒအပေါ် ပါတီစွဲ မထားသည့် (nonpartisan) အဖွဲ့အစည်းများ ဖြစ်ပြီး၊ တကမ္ဘာလုံးအတိုင်းအတာဖြင့် ဒီမိုကရေစီစနစ် နှင့် အုပ်ချုပ်ရေးဆိုင်ရာ တည်ဆောက်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။ NDI သည် အမေရိကန် ဒီမိုကရက်ပါတီထံမှ ထိန်းချုပ်မှုရှိသလို၊ IRI သည် အမေရိကန် ရီပတ်ဗလီကန်ပါတီနှင့် ပိုမိုသက်ဆိုင်ပါသည်။ သို့သော်၊ တည်ထောင်ရည်ရွယ်ချက်အရ ၎င်းတို့သည် အမေရိကန်နိုင်ငံရေးပါတီများ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက် မရှိပဲ ဒီမိုကရေစီ တည်ဆောက်မှုကို အဓိကထားပါသည်။ 

မြန်မာနွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ကတော့ NDI တို့ IRI တို့နဲ့ ကြုံတွေ့ဆက်ဆံဖူးတဲ့ အတွေ့ အကြုံတော့ ရှိကြလိမ့်မယ်လို့ယူဆနိုင်သလို၊ တခါမျှမကြားဖူးဘဲ အခြားအမည်တမျိုးနဲ့ ကြားခံဆက်သွယ်ပြီး အလုပ်လုပ်ဖူးကြမယ်လို့လည်း ယူဆနိုင်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar