ခိုင်မာကျော်ဇော - တမာနီ
တမာနီ
ခိုင်မာကျော်ဇော
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၃
အညာမြေပထဝီမှာ
တမာတွေ နီခဲ့ပြီ
ပဇီ...။
မီးလောင်မြေကို သက်သေတည်လို့
၅ / တွေရဲ့ အသည်းပြင်မှာ တက်တူးထိုးထားတယ်
"ကမ္ဘာမကြေ အညာမြေ" ။
ခွေးဆွဲပေမဲ့
သွေးမကျဲဘူး
အသွေးထဲ အသားထဲမှာ...
တော်လှန်ပန်းနီနီတွေ အုံကျင်းဖွဲ့လို့။
တမာ ခါးခါး
ပြောက်ကျား ရဲရဲ
ထနောင်း ဆူးခက်
သေနတ်ပြောင်းတွေ တလက်လက်နဲ့။
'စစ်ခွေးရိုးနဲ့ ထန်းလျက်အိုးတည်မယ်'
'စစ်ခွေးသွေးနဲ့ အိမ်သာဆေးမယ်' တဲ့။
ပြာပုံပေါ် ကျသွားတဲ့
အညာသူမကြီးရဲ့ မျက်ရည်ဟာ
ချွန်မြတဲ့ ဓားသွားလို တောက်ပလာပြီ
တမာနီ။
ရွာတွေ ရွာတွေက
တလိပ်လိပ်တက်သွားတဲ့ မီးခိုးလုံးကြီးတွေဟာ
စစ်မိစ္ဆာမုချကျဆုံးရမယ်ဆိုတဲ့ ယုံကြည်ချက်မိုးစက်တွေအဖြစ်နဲ့
အညာမြေပေါ် ပြန်ကျလာတယ်။
ပဇီရေ...
ဘုရားသားတော်ကြီးတွေ
လူသတ်သမားနဲ့ ပျော်ပါးနေလို့
သွားလေသူတွေအတွက်
ရေစက်ချ အမျှ မဝေနိုင်သေးဘူး။
စစ်ပင်ကို ခုတ်
ပျူငုတ်ကို ရှင်းနေရလို့
အညာလမ်းမှာ
တမာပန်းတွေလည်း မသင်းနိုင်သေးဘူး။
တော်လှန်ရေး မအောင်မချင်း
အညာမြေမှာ ...
တမာတွေ နီနေမယ်
တမာတွေ နီနေမယ်
တမာတွေ နီနေမယ်။
ဧပြီ ၂၃၊ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar