Breaking News

နေသွင်ညိဏ်း - အနိုင်၊ အရှုံး ကိစ္စ( မှတ်စု )

Photo- Credit
အနိုင်၊ အရှုံး ကိစ္စ( မှတ်စု )
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၃

‘မော်’ ရဲ့ နာမည်ကျော် အဆိုမိန့်တခုက အာဏာဟာ သေနတ်ပြောင်းဝကနေ လာသတဲ့။ မူးယစ်ဆေးထက် ပိုစွဲလမ်းစေတာလည်း အဲဒီအာဏာပါပဲ။ 
အာဏာရဲ့ဖောက်ပြန်တတ်တဲ့သဘောကို ဝေဖန်သရော်ရာမှာ အင်္ဂလိပ်စာရေးဆရာ ဂျော့ချ်အော့ဝဲက ထင်ရှားတယ်။ 
အာဏာနဲ့ ပတ်သက်တဲ့ သူ့အယူအဆကို Animal Farm မှာလည်း တွေ့နိုင်ပါတယ်။ အလွန်ထင်ရှားပြီး မကြာခဏကိုးကားကြတဲ့စာသားက Power tends to corrupt, and absolute power corrupts absolutely 
‘အာဏာက လူကိုဖျက်ဆီးတတ်တယ်။ အကြွင်းမဲ့ အာဏာဆိုရင်တော့ ကမ်းကုန်အောင် ဖျက်ဆီးလိမ့်မယ်’။  (Animal Farm က ရုရှားတော် လှန်ရေး အလွန် အာဏာရှင် စတာလင် တက်လာတဲ့ခေတ်ကို သရော်တာလို့ ယူဆကြပါတယ်။) ဒါပေမယ့် အင်္ဂလိပ်တွေဆီက လွတ်လပ်ရေးရခဲ့တဲ့ မြန်မာပြည်အကြောင်းလို့ ပြောလို့လည်း ရနိုင်ပါတယ်။
ဂျော့ချ်အော်ဝဲ George Orwell ရေးတဲ့ နာမည်ကြီး အက်ဆေး ‘ဆင်ပစ်ခြင်း Shooting an Elephant ‘ က အော်ဝဲ ရဲ့ တခြားနာမည်ကျော် လက်ရာတွေအတိုင်းပဲ အာဏာရဲ့သဘာဝ၊ အာဏာဘက်သားတွေကို သရော်တာပါ။
ခရိုင်အဆင့် ပုလိပ်အရာရှိတယောက်က ဇာတ်ကြောင်း ပြန်ပြောတဲ့ ဟန်နဲ့ ရေးတယ်။ မော်လမြိုင်မှာ  လူမုန်းများတဲ့ပုလိပ်အရာရှိဟာ မုန်ယိုပြီး သောင်းကျန်းတဲ့ ဆင်တကောင်ကိုသွားကြည့်ရုံပဲ ရည်ရွယ်ပေမယ့် နောက်က လိုက်လာတဲ့ လူအုပ်ကြီးရဲ့ ‘ထင်မြင်ချက်’ ကို မလွန်ဆန်နိုင်ပဲ’ နွားမတကောင်လောက်တောင် အန္တရာယ်မရှိတော့မှန်းသိပေမယ့် ဆင်ကို သေ နတ်နဲ့ ပစ်ဖို့ရွေးချယ်ခဲ့တယ်။ နဂါးမှန်းသိအောင် အမောက်ထောင်ပြခြင်း။ 
ပုလိပ်အရာရှိဟာ ဆင်ခြင်ဉာဏ်ရှိပေမယ့်၊ အာဏာဘက်သားတယောက်အနေနဲ့ အာဏာရဲ့အလိုကို သူ မလွန် ဆန်နိုင်ခဲ့ပါဘူး။ ဇာတ်ကြောင်း ပြောသူက သူ၊ ဆင်ပစ်သူက သူဆိုပေမယ့် တကယ်တမ်း နောက်ကလိုက်လာတဲ့လူအုပ်ကြီး (အခြေအနေ)၊ အာဏာပြချင်ဇောက တွန်းပို့လိုက်တယ်။
ဒီလိုအဖြစ်မျိုး အနီးသမိုင်းမှာ ရှိပါတယ်။ အမေရိကန်မြေပေါ်အထိ လာတိုက်ခိုက်တဲ့ တာလီဘန်တွေကို စစ် ကြေညာတာကလွဲလို့ သမ္မတ ဘုရှ် အတွက် ရွေးစရာမရှိပါဘူး။ ဒီလိုနဲ့ပဲ အမေရိကန်ဟာ နောက်ထပ်စစ်ပွဲတွေထဲမှာ နစ်မွန်းခဲ့တယ်။ ၉-၁၁ အဖြစ်အပျက်နောက်ပိုင်း အမေရိကန်က တိုက်တဲ့စစ်ပွဲတွေနဲ့ပတ်သက်လို့ ‘ရွေး ချယ်စစ်ပွဲ’ လား၊ ‘လိုအပ်စစ်ပွဲ’ လား ဆိုတဲ့ မေးခွန်းပေါ်လာတယ်။
ဆင်ပစ်တာနဲ့ပတ်သက်တဲ့ ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်း ဇာတ်လမ်းထဲက သုဘဒ္ဒါဟာလည်း ဘဝဟောင်းက ခင်ပွန်းသည်ကို လက်စားချေ အသေသတ်ဖို့ ကြံစည်ခဲ့ပါတယ်။ သောနုတ္တရ မုဆိုးကို ဆင်ပစ်ထွက် စေခဲ့တယ်။
ဦးပုညက ‘အစွယ်ကို လိုသူ မိဖုရား၊ အသွားစေခိုင်းသူ အရှင်မင်းကြီး၊ မြှားပစ်သူ ဘုရား ကျနော်မျိုး’ လို့ ဖွဲ့ပါတယ်။ 
ဟဲမင်းဝေး Ernest Hemingway ရဲ့ အကောင်းဆုံး လက်ရာတခုဖြစ်တဲ့  The Old Man and the Sea ထဲက တံငါအိုပင်လျှင် ငါးဖမ်းရုံ သက်သက် ပင်လယ်ကမ်းဝေး ငါးဖမ်းထွက်ခဲ့ပုံမရပါဘူး။ နောက်ဆုံးမှာ သူဟာ လူအိုပေမယ့်  ကံရော ဉာဏ်ရော ခေသူမဟုတ်ဘူးဆိုတာကို  ရွာသားတွေကို သက်သေပြနိုင်ခဲ့တယ်ဆိုရပါမယ်။
ဒီဇာတ်လမ်းမျိုး မြန်မာ့ရာဇဝင်မှာလည်း ရှိပါတယ်။ အလောင်းစည်သူမင်းရဲ့ ဦးပေါင်းကြားနှင့် မြင်းကြားရှင်ဇာတ်လမ်းကတော့ အာဏာပုလ္လင်ထက်က လူအိုတယောက်ရဲ့ မာန်လို့ ဆိုရပါမယ်။ 
ဟဲမင်းဝေးရဲ့ တံငါအိုနဲ့ ဂျော့ချ်အောဝဲရဲ့ ပုလိပ်အရာရှိတို့ဟာ မခံချင်စိတ်ကို သူနည်းနဲ့ ပြခဲ့ကြတယ်။ တံငါအိုက သူ့ လက်ကျန်အင်အားနဲ့ အစွမ်းကို ပြခဲ့သလို၊ ပုလိပ်ကလည်း သေနတ်အစွမ်းကို ပြခဲ့တယ်။ ဒါပေမယ့် တံငါအိုဟာ သူဖမ်းမိတဲ့ ငါးကို သူမရသလို၊ ပုလိပ်ကလည်း သားကောင်ကို မရလိုက်ပါဘူး။ ဒီလို မရလိုက်တာကပဲ သူတို့အတွက် ကြီးမားတဲ့ဂုဏ်သိက္ခာ ဖြစ်နိုင်ပါတယ်။ သုဘဒ္ဒါဟာ သူလိုတဲ့ဆုကို ရခဲ့ပါတယ်။ ဒါကပဲ သူ့ရဲ့ အကြီးမားဆုံး အရှုံးဖြစ်ခဲ့ပါတယ်။ 

နေသွင်ညိဏ်း
ဧပြီ ၂၂၊ ၂၀၂၃
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar