Breaking News

သင်္ကြန်မဏ္ဍပ်တွေ တိုက်ခိုက်မှုဖြစ်ပွားလာခြင်းနဲ့ အရပ်သားတွေ ထိခိုက်နိုင်တဲ့နေရာတွေ ပစ်မှတ်ထားသင့်၊ မသင့်

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၉ မြင်ကွင်း

(မိုးမခ) ဧပြီ  ၁၀၊ ၂၀၂၃


သင်္ကြန်မဏ္ဍပ်တွေ တိုက်ခိုက်မှုဖြစ်ပွားလာခြင်းနဲ့ အရပ်သားတွေ ထိခိုက်နိုင်တဲ့နေရာတွေ ပစ်မှတ်ထားသင့်၊ မသင့် 

စစ်ကောင်စီအနေနဲ့ နှစ်စဥ် ကျင်းပနေကျ ရိုးရာသင်္ကြန်ပွဲကို ဘာကြောင့် စည်ကားအောင် လုပ်ဆောင်နေတာလဲ။ ကိုဗစ်ကပ်ဘေးဖြစ်ပွားတဲ့ ၂၀၂၀ ခုနှစ်ကစလို့ သင်္ကြန်ပွဲက ကူးစက်ကပ်ဘေးနဲ့ နိုင်ငံရေး အကြောင်းအရာတရပ်အဖြစ် သတ်မှတ်ယူဆလာကြပြီး သင်္ကြန်မှာ ပါဝင်ဆင်နွှဲတာမျိုး မလုပ်ကြဖို့ တနည်းအားဖြင့် သပိတ်မှောက်ဖို့ နှိုးဆော်လာကြတာ အခုဆို ၃ နှစ်မြောက် သင်္ကြန်ပွဲတော် အဖြစ်ဆိုရမှာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်က နိုင်ငံရေးကြောင့်မဟုတ်ပဲ ကူးစက်ကပ်ဘေးကြောင့် မကျင်းပခဲ့ပဲ၊ ၂၀၂၁ ခုနှစ် ၂၀၂၂ ခုနှစ်ကတော့ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ဘယ်သူမှ စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်ပွဲမှာ မဆင်နွှဲခြင်းဖြင့် နိုင်ငံရေးအရ သပိတ်မှောက်မှု၊ ဆန့်ကျင်မှုကို ပြသဖို့ လှုံ့ဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီနည်းလမ်းဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်နေကြရတဲ့ ပြည်သူလူထုတွေ အနေနဲ့ စစ်ကောင်စီကို ထောက်ခံခြင်း မရှိဘူးဆိုတာ၊ ဆန့်ကျင်တယ်ဆိုတာကို အသံတိတ်နည်း၊ အကြမ်းမဖက်တဲ့နည်းနဲ့ နိုင်ငံရေး အင်အားပြသခြင်းလည်း ဖြစ်ပါတယ်။ 

အသံတိတ် သပိတ်တွေလိုပဲ သင်္ကြန်ပွဲတော်မှာလည်း မဆင်နွှဲကြခြင်းအားဖြင့် စစ်ကောင်စီကို ဆန့်ကျင်မှု အင်အားဘယ်လောက် ရှိတယ်ဆိုတာကို ပြသကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီလို

နည်းလမ်းနဲ့ လူထုကို စိတ်ဓါတ်တက်ကြွနေအောင် စစ်ကောင်စီကို ၄င်းတို့ကို ဆန့်ကျင်တဲ့ လူထုအင်အား ဘယ်လောက်အားကောင်းကြောင်း ပြသဖို့ရာ ပလက်ဖောင်းတခုလည်း ဖြစ်ပါတယ်။ 

သို့ပေမယ့် ယမန်နှစ်က စတင်ပြီး သင်္ကြန်မဏ္ဍပ်တွေကို ဗုံးခွဲမယ့် ခြိမ်းခြောက်မှုတချို့ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာလည်း အလားတူ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာ နေတာတွေ့ရပါတယ်။ အခုလို အရပ်သားတွေ စုဝေးနေတဲ့ နေရာ၊ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုတွေက ဖြစ်သင့်သလား ဆိုတာလည်း မေးခွန်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

သင်္ကြန်ပွဲတော်ဟာ နိုင်ငံရေး အဖြစ်အပျက် တရပ်ဆိုတာထက် နိုင်ငံရေး အရအသုံးချခံရတဲ့ ပွဲတော်တရပ် ဖြစ်လာတဲ့ သဘောလို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ရိုးရာပွဲတော်ကို စစ်ကောင်စီက အသုံးချပြီး လူထုအနေနဲ့ နိုင်ငံရေးကို စိတ်မဝင်စားတော့ဘူး ဆိုတာမျိုး ပုံဖေါ်ဝါဒဖြန့်ချင်တာလည်း အသေအချာ ဖြစ်ပါတယ်။ 

သို့ပေမယ့် သင်္ကြန်ပွဲဆိုတဲ့ သဏ္ဍာန်တခုလုံးကို နိုင်ငံရေးအရ စစ်ကောင်စီထောက်ခံသူတွေလို့ အပြည့်အဝသတ်မှတ်ကာ ဖောက်ခွဲမှုလုပ်ဖို့ ပစ်မှတ်အဖြစ်တော့ သတ်မှတ်ကာ တိုက်ခိုက်တာမျိုးတွေကတော့ မလုပ်ဆောင်သင့်ဘူးလို့ နားလည်ပါတယ်။ 

အရပ်သားတွေ စုဝေးနေတဲ့ နေရာမျိုးဖြစ်ပြီး ဒီလိုပွဲတော်၊ အရပ်သား ပစ်မှတ်နေရာမျိုးကို ဖောက်ခွဲ တိုက်ခိုက်တာမျိုးက စစ်ရေးနည်းလမ်းမဟုတ်ပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေအဖြစ် သတ်မှတ်ခံရနိုင်တာလည်း ဖြစ်ပါတယ်။ 

အခုရက်ပိုင်း အချို့သော မြို့ပြပြောက်ကျား အဖွဲ့တွေက စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ကမကထ ပြုလုပ်တဲ့ မဏ္ဍပ်တွေကို မသွားကြဖို့ ဝေးဝေးနေကြဖို့ နှိုးဆော်မှုတွေလည်း ပေါ်ထွက်နေတာတွေ့ရတာ ဖြစ်ပါတယ်။ စစ်ကောင်စီ မြို့နယ်မဏ္ဍပ်တွေလိုနေရာမျိုးတွေကို မသွားကြဖို့ သတိပေးမှုတွေလည်း သတင်းတွေထဲပါရှိနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက သင်္ကြန်ကို နိုင်ငံရေးအမြတ်ထုတ်တာကို ဆန့်ကျင်ဖို့ လုပ်ဆောင်တာ မှန်ပေမယ့် မိမိတို့ တော်လှန်ရေး အဖွဲ့တွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကျင့်ကြံဖို့လည်း လိုအပ်လှပါတယ်။ 

နွေဦးတော်လှန်ရေးမှာ အခုလို အရပ်သားပစ်မှတ်တွေနဲ့ ပတ်သက်လို့ NUG အစိုးရမှာ မူဝါဒတွေ ရှိထားပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ချမှတ်ထားတဲ့ မူဝါဒကို တော်လှန်ရေးထဲပါဝင်နေတဲ့ အဖွဲ့အစည်းတွေ ပြောက်ကျား အဖွဲ့တွေ သိရှိလိုက်နာဖို့လည်း နှိုးဆော်ကြပ်မတ်တာမျိုး လုပ်ဖို့ လည်း အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ နွေဦးတော်လှန်ရေးက မူဝါဒအားဖြင့်ရော လက်တွေ့ လိုက်နာကျင့်သုံးမှုအားဖြင့်ပါ နိုင်ငံတကာ ဥပဒေ၊ စံနှုန်း၊ စည်းမျဥ်း အစရှိတာတွေကို လိုက်နာကျင့်သုံးတဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ တော်လှန်ရေးတရပ် ဖြစ်ဖို့လည်း အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ 

အဲသည်အခြေအနေမျိုးမှာ မြေပြင်သပိတ်အဖွဲ့တွေ အင်အားစုတွေဘက်က စစ်ကောင်စီသင်္ကြန်ပွဲကို ထောက်ခံဆင်နွှဲခြင်းဆိုတာထက် "စစ်တပ်စစ်ပွား ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ “ ဆိုတဲ့ တိုက်တွန်းနှိုးဆော်မှုမျိုးကို ထုတ်ဖော်လာကြတာလဲ တွေ့ရပါတယ်။ သင်္ကြန်ကာလတွင်းမှာ ပြည်သူလူထုအနေနဲ့ ဘယ်လိုပဲ ဆောင်ရွက်သည် ဖြစ်ပါစေ စစ်တပ်ထုတ်ကုန် စီးပွါးရေးကိုတော့ ရှောင်ကြရှားကြ ငြင်းဆန်ကြပါလို့ တိုက်တွန်းကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ထုတ်ပြန်ထားတာ ဖတ်ရှုလိုက်ရပါတယ်။ မြန်မာပြည်၏ ရှုမျော်ခင်းတိုင်းမှာ နိုင်ငံရေးအရ တိုင်းတာရှုမြင်ခြင်းတွေ ရပ်တည်ခြင်းတွေဟာ သူ့ဘက် ကိုယ့်ဘက် ဘက်တိုင်းမှာ တည်ရှိနေပြီဆိုတာက ငြင်းဆန်းလို့ မရတော့တာ အသေအချာ ဖြစ်နေပါတော့တယ်။ မေးခွန်းကတော့ ခေါင်းဆောင်မှုနဲ့ သဘောတရားရေးရာမှာ ပြည်သူလူထုကို ဘယ်လို စည်းရုံးချိတ်ဆက်သွားကြသလဲဆိုတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar