Breaking News

ဇာနည် - ပန်းတစ်ခြင်းနဲ့လွမ်းချင်းဧကများစွာ..

Image - Credit
ပန်းတစ်ခြင်းနဲ့လွမ်းချင်းဧကများစွာ..
ဇာနည်
(မိုးမခ) မေ ၁၁၊ ၂၀၂၃

ကျုပ်တို့ပို့သလိုက်တဲ့
ပန်းတစ်ခြင်းမှာ
လွမ်းချင်းဧကပေါင်းများစွာရှိတယ်ဆိုတာ
ယုံပါ ကဗျာဆရာ...
ဒီပန်းခြင်းဟာ
ကျုပ်တစ်ယောက်ထဲမဟုတ်ဘူး
ဒီပန်းခြင်းထဲကပန်းတွေဟာ
ရှယ်လီ
ဗားတော့ဗ်ရက်
မာယာကော့ဗ်စကီး
ဂျုလီးယက်ဖူးချစ်နဲ့
နီရူဒါတို့ရဲ့
ဝိညာဉ်ပူးကပ်
ဂုဏ်ပြုအပ်သူကဗျာဆရာတွေရဲ့
ပန်းတစ်ခြင်းနဲ့
အလွမ်းတစ်ခင်းလဲဖြစ်ပါတယ်...

ဒီပွဲမှာ
ခုနှစ်နှစ်သမီးလေးလဲ
နောက်ကျောကိုသေနတ်နဲ့ပစ်သတ်ခံရတယ်
ကဗျာဆရာလဲအဖမ်းခံရပြီး
နှစ်ဆယ့်လေးနာရီမပြည့်ခင်မှာ
ရက်ရက်စက်စက်
နှိပ်စက်သတ်ဖြတ်ခံရတယ်
သူရဲဘောကြောင်သူတွေရဲ့လက်ချက်နဲ့
သူရဲကောင်းတွေကျဆုံးခဲ့ရတယ်...

ကျုပ်တို့အားလုံး
ဂုဏ်ယူလိုက်ပရစေ...

ဒါဟာ...
ဗမာပြည်က
အဖိနှိပ်မခံ တော်လှန်ကဗျာဆရာတွေရဲ့
သမိုင်းတစ်ခု
(ကဗျာဆရာခက်သီ)
ထုဆစ်ခြင်းလို့လဲမှတ်ယူပါတယ်...

လက်ခံပါ
သူရဲကောင်းကဗျာဆရာ...
လူသားတစ်ဦးရဲ့
ကြီမြတ်တဲ့လူ့တန်ဘိုး
လူ့ဂုဏ်သိက္ခာတွေနဲ့အညီ
ဂုဏ်ယူစွာ
ကျုပ်တို့အဖိနှိပ်ခံပြည်သူအားလုံးရဲ့
ပန်းတစ်ခြင်းနဲ့
လွမ်းချင်းဧကများစွာ
လက်ခံလိုက်ပါ
သူရဲကောင်းကဗျာဆရာရေ...။

ဇာနည်
(၉-၅-၂၀၂၁)
* ရဲရဲတောက် တော်လှန်ကဗျာဆရာ "ခက်သီ" ကျဆုံးခြင်း (၂) နှစ်ပြည့်နေ့တွင် ရဲဘော်ခက်သီကျဆုံးစဉ်ကရေးခဲ့သော ကဗျာလေးကို အမှတ်တရပြန်လည်ဖော်ပြလိုက်ပါသည်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar