စစ်မီး၊ ပဋိပက္ခတွေကြားထဲက လူထုရဲ့ သတင်းအချက်အလက်ရယူမှု အခြေအနေတွေ
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၀ မြင်ကွင်း
(မိုးမခ) မေ ၁၁၊ ၂၀၂၃
စစ်မီး၊ ပဋိပက္ခတွေကြားထဲက လူထုရဲ့ သတင်းအချက်အလက်ရယူမှု အခြေအနေတွေ
မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ စစ်မီးတောက်လောင်နေပြီး အသက်ဆုံးရှုံးသွားတဲ့ သတင်း၊ နေအိမ် မီးရှို့ခံရတဲ့ သတင်း၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ သတင်း၊ ဖမ်းဆီး ထောင်ချခံရတဲ့ ဘယ်သတင်းကမှ သတင်းဖတ်ပရိသတ်ကို ထူးထူးခြားခြား သတင်းအဖြစ်နဲ့ မဆွဲဆောင်နိုင်တော့ပါဘူး။ ဘာကြောင့်ဆို နေ့စဥ် သတင်းတွေရဲ့ ခေါင်းစဥ်တွေက ပေါက်ကွဲမှုကြောင့် သေဆုံး၊ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးတဲ့ သတင်း၊ နေအိမ် ဘယ်နှလုံး မီးရှို့ခံရတယ်ဆိုတဲ့ သတင်း၊ ပစ်ခတ်သတ်ဖြတ်တဲ့ သတင်း၊ လုပ်ကြံသတ်ဖြတ်တဲ့ သတင်းစတဲ့ ခေါင်းစဥ်တွေက ထက်ဝက်မက ပါရှိလေ့ရှိတာကြောင့် အဆိုပါ ခေါင်းစဥ်တွေကို မြင်ရ၊ နားထောင်ရပေမယ့် သတင်းထူးလို့ စိတ်ထဲက မမှတ်ယူတော့ဘဲ နေ့စဥ် ကြားနေကျ သတင်းတွေထဲက သတင်းတပုဒ် သဖွယ်သာ ယူဆကြတာဖြစ်ပါတယ်။ ဒါကသတင်းမီဒီယာနဲ့ နီးစပ်တဲ့ ကျနော်တို့လိုသူတွေရဲ့ အမြင် နဲ့ ယူဆချက်ဖြစ်ပါတယ်။ နေ့စဥ်သတင်းတွေထဲ စစ်ပွဲတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေ၊ မြို့တွေပေါ်မှာ ဆိုးရွားတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ၊ ဖမ်းဆီးထောင်ချမှု၊ ငွေညှစ်တာ နိုင်ငံရေးနဲ့ လာဘ်စား ငွေညှစ်တဲ့ သတင်းတွေကိုနေ့စဥ် ဖတ်ရှုပြီး ထူးထူးခြားခြား စိတ်ဓာတ်ကျဆင်းတာမျိုးမဖြစ်အောင် မိမိဦးနှောက်ကို မိမိဘာသာ ပြန်ဆင်ခြေပေးပြီး ချေဖျက်နေတာမျိုး ဖြစ်ပါတယ်။
ဒီလို သတင်းတွေအထဲမှာ တခါတခါ နှလုံးသားကို ထိခိုက်စေတဲ့ လူတဦးနဲ့တဦးအကြားက ချစ်ခင်မှုမေတ္တာ သတင်းလိုမျိုး၊ အဖြစ်အပျက်လိုမျိုး၊ ဆိုးယုတ်မှုတွေကြားထဲက ကိုယ်ကျိုးစွန့်လွှတ်ပြီး ကူညီမှု၊ ဒုက္ခရောက်နေသူအချင်းချင်းအကြားက မေတ္တာတရား ထားရှိတဲ့ အဖြစ်အပျက် သတင်းတွေ၊ တဦးနဲ့တဦး ချစ်ခင်မေတ္တာထားမှု ကိုယ်ကျိုးစွန့်လွှတ်မှုလို အကြောင်းအရာသတင်းမျိုးတွေ ဖတ်ရတဲ့အခါမှာ စိတ်ထဲ ခံစားကြရတာဖြစ်ပါတယ်။
လူတွေကို နေ့စဥ် စိတ်နေစိတ်ထားတွေ ထုံလာအောင်၊ မာကျောလာအောင်၊ လျစ်လျူရှုတတ်လာအောင် လေ့ကျင့်ပေးသလိုဖြစ်နေတဲ့ အဖြစ်အပျက်တွေ သတင်းတွေကြားထဲ နှလုံးသားကို ပြန်လည် နူးညံ့ပျော့ပျောင်းစေတဲ့ ဖြစ်ရပ်တွေ၊ ဆိုးယုတ်မှုတွေကြားက မြင့်မြတ်တဲ့ သဘောထား ကျင့်သုံးမှုတွေလည်း ရှားရှားပါးပါး တခါတရံမှာ ဖတ်ရ ကြားရတာဖြစ်ပါတယ်။
ခုကာလမှာ အလားတူ သတ်ဖြတ်၊ သေဆုံး၊ ဆုံးရှုံးမှု အစရှိတဲ့ သတင်းမျိုးတွေက အများစုဖြစ်နေတာမို့ ကျေးလက်တွေ နယ်မြို့လေးတွေက ပရိသတ်တချို့က သတင်းတွေကို ဖတ်ရှုနားထောင်ပြီးနောက်မှာ ရှေ့ဆက်ဖို့ အကောင်းမြင်တဲ့ မျှော်လင့်ချက်လိုမျိုးတွေ ပျောက်ဆုံးကုန်ပြီး စိတ်အားငယ်တဲ့ ခံစားမှု၊ အနာဂတ်လမ်းကြောင်း ပျောက်ဆုံးတဲ့ ခံစားမှုတွေ ဖြစ်လာတယ်လို့ မြန်မာနိုင်ငံ နယ်စွန်နယ်ဖျားက ဒေသခံတချို့ရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးပေးတဲ့ ခံစားချက် တချို့လည်း ခုရက်ပိုင်းမှာ ကြားသိလိုက်ရပါတယ်။ သတင်းကြောင့် ရရှိလာတဲ့ စိတ်ဒဏ်ရာလို့ဆိုရမယ် ထင်ပါတယ်။ သတင်းတွေက အဆိုးတွေချည်း၊ စိတ်ဓာတ်ကျဆင်းစရာ၊ စိတ်ပျက်စရာတွေချည်း မို့လို့ သတင်းဖတ်ပြီး မျှော်လင့်ချက် ကင်းမဲ့တဲ့ ခံစားချက် စိတ်ဒဏ်ရာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ လူထုတွေကြားထဲ သတင်းက နေ့စဥ်ဘဝနဲ့ ပိုပြီးသက်ဆိုင်လာပြီး သတင်းအချက်အလက် သိနေဖို့ သိဖို့ပိုကြိုးစားလာကြတာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာ၊ လက်နက်ကိုင် ပဋိပက္ခရဲ့ နောက်ဆုံးအခြေအနေ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို နေ့စဥ် သိနေဖို့အရေးကြီးလာပါတယ်။ စစ်ကြောင်း ဘယ်ကို ထိုးနေလဲ၊ ဘယ်ရွာမှာ ဘယ်လက်နက်ကိုင်အဖွဲ့တွေ ရောက်နေလဲဆိုတဲ့ သတင်းနဲ့ အချက်အလက်တွေက စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက အချို့ကျေးရွာတွေအဖို့ သေရေးရှင်ရေးတမျှ အရေးပါတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။
သို့ပေမဲ့ စစ်ကောင်စီဘက်ကလည်း အဲလို ဒေသတွေမှာ အင်တာနက် မရအောင် ဖြတ်တောက်ထားတာ ဖုန်းလိုင်းတွေအထိ ဖြတ်တောက်ထားတာတွေလည်း ရှိတာမို့ ဒေသတိုင်းက သတင်းအချက်အလက်ကို ချက်ချင်း သိနိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေလည်း ရှိနေတာဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခဒေသက ပြည်သူတွေအဖို့ နေ့စဥ်သတင်းတွေ ဘယ်လို ရအောင်ကြိုးစားကြလဲလို့ လေ့လာကြည့်ရင် အင်တာနက်၊ ဖုန်းလိုင်း ရတဲ့ ဒေသတွေက လူထုတွေအဖို့ အင်တာနက် ဖုန်းကို အသုံးပြုပြီး နောက်ဆုံး အခြေအနေကို ဝင်ရောက်ကြည့်ရှုပြီး ကိုယ့်ရပ်ရွာ ကိုယ့်အသိုက်အဝန်းကို ပြန်မျှဝေကြတာ ဖြစ်ပါတယ်။ အင်တာနက်၊ ဖုန်းလိုင်းမရတဲ့ ဒေသတွေအဖို့ ရေဒီယိုကို အားကိုးတဲ့ အနေအထားပြန်ရောက်နေကြတာလည်း ဖြစ်ပါတယ်။ ရေဒီယို သတင်းကနေ နေ့စဥ်ဘဝအတွက် သေရေး ရှင်ရေးတမျှ အရေးပါတဲ့ သတင်းအချက်လက်ကို ရယူကြတာပါ။ အဆိုးဆုံး ဥပမာအနေနဲ့ မြန်မာနိုင်ငံတချို့ ဒေသတွေမှာ လူအချင်းချင်း နှုတ်နဲ့ သယ်ဆောင်တဲ့ သတင်းအချက်အလက်ကို ပြန်အားကိုးကြရတဲ့ အနေအထားလည်း ပြန်ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ထဲက ခေါင်တဲ့ ဒေသအချို့၊ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဒေသအချို့ မှာဆိုရင် အွန်လိုင်းလည်း မရ၊ ရေဒီယိုလိုမျိုးတွေကိုလည်း မသုံးကြဘဲ တယောက် နဲ့တယောက် နှုတ်နဲ့ မေးမြန်းဖလှယ်ကြတဲ့ အနေအထားမျိုးတွေလည်း စစ်အာဏာသိမ်းပြီးနောက် ပြန်လည်ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
အဲဒီလိုဒေသတွေက ဒေသခံတွေအနေနဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီး အနည်းဆုံး နှစ်ပတ်၊ သုံး ပတ်မှသာ အဲဒီသတင်းတွေကို သိရှိကြရတဲ့ အနေအထားလည်းဖြစ်ပြီး ၄င်းတို့အနေနဲ့ နေ့စဥ် ဘဝမှာ သတင်းက သေရေး ရှင်ရေး အရေးမကြီးကြတာကြောင့်လည်း နှုတ်ဖျားကတဆင့်သာ သတင်းရယူနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar