လှကျော်ဇော - တရုတ်ရဲ့ ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် ( ၂ )
လှကျော်ဇော - တရုတ်ရဲ့ ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် ( ၂ )
(မိုးမခ) မေ ၊ ၂၀၂၃
ပိုးလမ်းမ(ခေတ်သစ်နဲ့ ခေတ်ဟောင်း)
တလောက ယူကျုရဲ့ ဗွီဒီယို အတိုလေးတခုမှာ တွေ့ရတာက— ဂရိ ဘဏ္ဍာရေး ၀န်ကြီးဟောင်း (Yanis Varoufakis) ရဲ့ ဟောပြောမှုတခုအပြီး မေးဖြေခန်းမှာ အမေရိကန်သတင်းထောက်အမျိုးသမီးတယောက်နဲ့ အပြန်အလှန်ပြောဆိုရာမှာ—
သတင်းထောက် ။ ။ "ကျွန်မကတော့ အခု တရုတ်က အာဖရိကမှာ လုပ်ဆောင်ချက်တွေအပေါ် အတော်စိုးရိမ်မိနေပါတယ်။"
၀န်ကြီး ။ ။ "ဘာလုပ်ဆောင်ချက်တွေလဲ။
သတင်းထောက် ။ ။ "ငွေကြေးအရင်းအနှီးတွေ ထုတ်ပြီး လမ်းတွေ၊ တံတားတွေ၊ သင်္ဘောဆိပ်တွေ အကြီးအကျယ်ဆောက်နေတာကိုပါ။"
၀န်ကြီး ။ ။ "အဲဒါ ဘာမှားလဲ။ နိုင်ငံတိုင်းအတွက် အခြေခံအဆောက်အအုံတွေ ဆိုတာ လိုအပ်တာပဲ မဟုတ်လား။"
သတင်းထောက် ။ ။ "ဟုတ်ပါတယ်။ဒါပေမဲ့ အဲဒီကနေ တရုတ်က သြဇာလွှမ်းမိုးဖို့လုပ်တာပါ။ဟုတ်တော့ဟုတ်ပါတယ်။ ကျွန်မတို့တတွေလဲ ဒီလိုပဲလုပ်ခဲ့တာတော့ ရှိပါတယ်။
၀န်ကြီး ။ ။ "တို့တတွေလုပ်ခဲ့တာနဲ့စာရင် တရုတ်က အများကြီးလူသားဆန်တယ်။ တို့အနောက်တိုင်းလူတွေက စစ်တပ်တွေလွှတ်၊ နယ်မြေတွေသိမ်း၊ လူတွေသတ်၊ လုပ်ခဲ့တာ။ သူတို့က တို့ လိုချင်သလို အဲဒီဒေသက သယံဇာတတွေ လိုချင်တာ မှန်ပေမယ့် သုံးတဲ့နည်းနာက ပါဝါပျော့ကို သုံးတာလေ"တဲ့။
က။ ရှေးက ပိုးလမ်းမကြီး
ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်ကစလို့ တရုတ်ကုန်သည်တွေဟာ အနောက်ဘက် ကုန်းတွင်းပိုင်းကတောတွေ၊ တောင်တွေ၊ သဲကန္တာရတွေကို ဖြတ်ပြီး အာရှ-ဥရောပနဲ့ အာရပ်နိုင်ငံများ၊ အာဖရိကတိုက်တို့ကို ဆက်စပ်ပေးတဲ့ ကီလို ၈၀၀၀ ကျော်ရှိ (ကုန်းပိုင်း)ပိုးလမ်းမကြီးကို ဖွင့်ပေးခဲ့တယ်။(၁၃ ရာစုက အီတလီက ကုန်သည်ကြီး မာကိုပိုလို သွားခဲ့တဲ့လမ်း)။
တခါ အရှေ့ဘက် ကမ်းရိုးတန်းများကနေပြီး (လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀) ၁၃ရာစုက) (စကားချပ်- ကိုလံဘတ်စ် အမေရိကတိုက်ကို မရောက်ခင် အနှစ် ၂၀၀ စောခဲ့ပါတယ်။)
ရွက်လွှင့်ကာ သမုဒ္ဒရာတွေ ဖြတ်ပြီး အရှေ့အာရှနိုင်ငံများ (ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ စသဖြင့်) အလယ်အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများကတဆင့် အာဖရိကအရှေ့ဘက်ကမ်းခြေ (ဆိုမာလီ)အထိ ပေါက်ရောက်တဲ့ (ရေပိုင်း)ပိုးလမ်းမကို တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး၊ လမ်းတလျှောက်က နိုင်ငံများ၊ နယ်မြေများ၊ လူမျိုးများနဲ့ ကုန်စည်များ ရောင်းဝယ်ဖလှယ်ကြရုံမက ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်တွေ၊ ဘာသာတရားဆိုင်ရာ အယူအဆတွေပါအပြန်အလှန် နားလည်သင်ယူကြပြီး လူသားများရဲ့ သမိုင်းကို တဆင့်တိုး ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။
ခ။ ခေတ်သစ် ပိုးလမ်းမ (B.R.I. Belt and Road Initiative)
ဒီစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ပင်က ၂၀၁၃ ခုနှစ်က ကာဇက်စတန်နဲ့ အင်ဒိုနီရှား ခရီးစဉ်တွေမှာ စတင် တင်ပြပြီး ဒီလို ရှင်းပြ ပြောခဲ့ပါတယ်။
"ရှေးပိုးလမ်းမကြီးဟာ လူသားများအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြ၊ လေ့လာသင်ယူကြပြီး အကျိုးကျေးဇူးများ ရရှိရေး' ဆိုတဲ့ ပိုးလမ်းမစိတ်ဓာတ်ကို လူသားများအတွက် အမွေအနှစ်တရပ်အဖြစ် ပေးထားခဲ့ပြီး အခုခေတ်သစ် (၂၁ ရာစု)မှာလည်း ခေတ်သစ်ပိုးလမ်းမတရပ် လိုအပ်နေပါတယ်"တဲ့။
ဘာကြောင့်လဲဆိုတော့ လူသားများရဲ့သမိုင်းဟာ မကြုံစဖူး အကြီးအကျယ် ပြောင်းလဲနေတယ်။
တိုင်းပြည်များအကြား အပြန်အလှန် အမှီအခိုပြုမှုဟာ အလွန်ကြီးမားလာနေတယ်။ ဒါ့အပြင် တချို့ စိန်ခေါ်မှုတွေဟာ တနိုင်ငံတည်း မဖြေရှင်းနိုင်တော့ဘူး။ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း နည်းလမ်းသစ်တွေ လိုအပ်နေတယ်။ ဒါ့ကြောင့် တကမ္ဘာလုံးချီတဲ့ စီမံအုပ်ချုပ်မှုသစ်တွေ၊ ဖြေရှင်းနည်းသစ်တွေကို တီထွင်ဖန်တီးမှုရှိစွာ ဖော်ထုတ်ဖို့ လိုအပ်တယ်" တဲ့။
အဲဒီအမြင်အောက်မှာ ဒီခေတ်သစ် ပိုးလမ်းမစီမံကိန်းကြီးကို စတင်ခဲ့ပါတယ်။
ဒီစီမံကိန်းကို ခေတ်ဟောင်းက ပိုးလမ်းမရဲ့ နိမိတ်ပုံအပြင် တခြားစီမံကိန်းတခုကိုလည်း တရုတ်မှု ပြုပုံရပါတယ်။
၁၉၄၅-ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမန်လေတပ်က ပြာပုံဖြစ်အောင် ဗုံးကြဲ တိုက်ခိုက်ထားတဲ့ ဥရောပနိုင်ငံများရဲ့ စီးပွားရေးတွေ ပြန်နာလန်ထူအောင် ကူညီတဲ့ (စစ်မက်ဘေးက ဝေးရုံမက စစ်အတွင်း စီးပွားအရမ်းတက်လာတဲ့) အမေရိကန်ရဲ့ မာရှယ် စီမံကိန်းပါ။((Marshall Plan) အမေရိကန်အနေနဲ့ မိမိမှာ ပုံနေတဲ့ အရင်းအနှီးတွေနဲ့ ကုန်ပစ္စည်းတွေ တင်ပို့ဖို့ ဈေးကွက်လိုပါတယ်။ ဒါ့အတွက် ဥရောပစီးပွားရေးတွေကို ပုံအောကူညီခဲ့တာပါ။
ဒါကို တရုတ်က လေ့လာပြီး အခုခေတ်(Globalization) နဲ့လည်း ကိုက်ညီပြီး ပိုလည်း တရားမျှတတဲ့ (win-win) ခွဲဝေမှုနဲ့ ဒီစီမံကိန်းကိုတင်ပြီး လုပ်ဆောင်ခဲ့တာပါ။
( ၄-၅ ) နှစ် တကြိမ်လည်း ပိုးလမ်းမဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးလုပ်ပြီး အဲဒီစီမံကိန်းများ ပါဝင်တဲ့ နိုင်ငံများက အစိုးရများ၊ နိုင်ငံရေးပါတီများရဲ့ ခေါင်းဆောင်များ၊ သုတေသီများ၊ စီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံတကာအဖွဲ့အစည်းများက တာဝန်ခံများ၊ ပညာရှင်များပါ ဖိတ်ကြားပြီး လုပ်ဆောင်ပြီးသမျှတွေအပေါ် နိဂုံးချုပ်ချက်တွေ၊ ပြုပြင်သင့်တာတွေ စတာတွေကို ဆွေးနွေး ညှိနှိုင်းတာတွေလည်း လုပ်ဆောင်ပါတယ်။
အဲဒါမျိုး ညီလာခံများကို (၂၀၁၇) က တကြိမ် (အဲဒီကာလ မြန်မာပြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်က ခေါင်းဆောင်တွေအပြင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်တဲ့ အဖွဲ့လည်း တက်တာ တွေ့ရပါတယ်။) ပြုလုပ်ခဲ့ပြီး အကျိုး ဘာတွေရှိတယ်၊ ဘာတွေပြုပြင်သင့်တယ် ဆိုတာတွေ ဆွေးနွေးကြပါတယ်။
ရရှိထားတဲ့ အကျိုးတွေကတော့—
၁။ နိုင်ငံများရဲ့ ပေါ်လစီများကို ပေါင်းစပ်နိုင်မှု။ ဥပမာ- တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းတချို့ကို ရုရှားရဲ့ ယူရေရှားစီးပွားရေးအဖွဲ့ရဲ့ စီမံကိန်းတချို့နဲ့ ဆက်စပ်လိုက်နိုင်မှု။
၂။ အခြေခံအဆောက်အအုံတွေကို ဆက်စပ်နိုင်မှု။ ဥပမာ- တရုတ်-လာအို ရထားလမ်း ဆက်ပြီး ထိုင်းအထိ ထိုမှ စင်ကာပူအထိ ဆက်ရန်။
ဆိပ်ကမ်းများ၊ ရေနံပိုက်လိုင်းများ၊ အင်တာနက်ကွန်ရက်များ၊ ဆက်စပ်မှုများ။
၃။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆက်စပ်ပေးနိုင်ပြီး စီးပွားရေး ပူးပေါင်းလုပ်ဆောင်ရေးဇုန်နယ်များ ဖွင့်လှစ်နိုင်ခြင်း။
၄။ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ တဆက်တစပ်တည်း ဖြစ်လာမှု။
ပိုးလမ်းမစီမံကိန်းများအတွက် တရုတ်က မတည်ရင်းနှီးမြှုပ်နှံတဲ့ အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (A.I.I.B) (ဒီဘဏ်အကြောင်း သီးခြားရေးပါဦးမယ်။)နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ (ကမ္ဘာဘဏ်) နဲ့ ပူးတွဲပြီး ပိုးလမ်းမစီမံကိန်းတချို့ကို ပူးတွဲလုပ်ဆောင်နိုင်မှု။
၅။ ပြည်သူအချင်းချင်းကြား ဆက်ဆံရေးများ ပိုမိုတိုးတက်ကောင်းမွန်လာ။
တရုတ်အစိုးရက နှစ်စဉ် နိုင်ငံ အများအပြားကို ပညာသင်ဆုတွေ ပေးတာ၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာပွဲတွေ၊ သုတေသနလုပ်ငန်း ဆွေးနွေးပွဲတွေ ကျင်းပပေးတာတွေ လုပ်နိုင်ခဲ့တယ်။
ဒါတွေကို ပိုးလမ်းမရဲ့ ပထမအဆင့် အောင်မြင်မှုတွေလို့ သတ်မှတ်ခဲ့တယ်။
(၂၀၁၉) မှာလည်း ဒါမျိုး အစည်းအဝေးကြီး တကြိမ် လုပ်ခဲ့တာ တွေ့ရပြီး အခုနှစ် (၂၀၂၃) အကုန်မှာ ထပ်လုပ်ဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။
ဒီစီမံကိန်း အစမှာတော့ တရုတ်အပေါ် စွပ်စွဲချက်အမျိုးမျိုး (ကိုလိုနီဝါဒသစ် ကျင့်သုံးတာ၊ ကြွေးထောင်ချောက်ဆင်တာ၊ သဘာပတ်ဝန်းကျင် ထိခိုက်တာ စသဖြင့်) ရှိခဲ့ပေမယ့် အခု ၂၀၂၃ ဇန်နဝါရီလ ရောက်ရှိလာတဲ့အခါမှာတော့ ကမ္ဘာ့ဘဏ်က ဒီလို တွက်ချက်ပေးလာပါတယ်။
(အချက်အလက်များကို Wikipedia မှရယူထားပါတယ်။)
ပိုးလမ်းမစီမံကိန်း(Belt and Road Initiative.B.R.I) မှာ ပါဝင်ဖို့ လက်မှတိထိုးထားတဲ့ နိုင်ငံပေါင်း ၁၅၁ နိုင်ငံရှိပြီး ကမ္ဘာလူဦးရေးရဲ့ ၇၅ ရာခိုင်နှုန်းနီးပါး ပါဝင်နေပြီး ကမ္ဘာ GDP ရဲ့ ထက်ဝက်ကျော်ရှိပါတယ်။
ကမ္ဘာဘဏ်က လေ့လာတွေ့ရှိချက်များကတော့— ပိုးလမ်းမစီမံကိန်းများမှာ ပါဝင်တဲ့ နိုင်ငံများရဲ့ GDP များဟာ ပျှမ်းမျှ ၁ ဒသမ ၁ ရာခိုင်နှုန်းကနေ ၃ ဒသမ ၉ အထိ တိုးတက်နိုင်မှာဖြစ်ပြီး ကမ္ဘာ့GDPဟာ ၂၀၄၀ အရောက်မှာ နှစ်စဉ်ဒေါ်လာ ၇.၁ ထရီလီယံ ရောက်ရှိနိုင်လိမ့်မယ်။---တဲ့။
လှကျော်ဇော
၁၅-၅-၂၀၂၃။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar