စစ်ဘေးနဲ့ ဒုက္ခတွင်းထဲရောက်နေတဲ့ နိုင်ငံကို ထပ်ပြီးနှိပ်စက်တဲ့ သဘာဝဘေးအန္တရာယ်
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၄ မြင်ကွင်း
(မိုးမခ) မေ ၁၅၊ ၂၀၂၃
စစ်ဘေးနဲ့ ဒုက္ခတွင်းထဲရောက်နေတဲ့ နိုင်ငံကို ထပ်ပြီးနှိပ်စက်တဲ့ သဘာဝဘေးအန္တရာယ်
“ဆိုင်ကလုန်းမိုခါ” ဆိုတဲ့ နာမည်က မြန်မာနိုင်ငံက ဒေသအများအပြားက လူတွေရဲ့ နှုတ်ဖျားမှာ မရည်ညွှန်းချင်တဲ့ စကားလုံးတလုံး၊ စိတ်ဒဏ်ရာရစေတဲ့ စကားလုံး တလုံးအဖြစ် ဆယ်စုနှစ်တွေချီပြီး ကျန်ရစ်နေမယ့် သဘောဖြစ်လာပါတယ်။ ဒီစကားလုံးနဲ့ ဆက်စပ်နေတဲ့ အဖြစ်အပျက်တွေက အပျက်အစီးတွေ၊ နေအိမ်နဲ့ အသက်မွေးဝမ်းကျောင်းပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ သဘာဝဘေးအန္တရာယ် ကျရောက်အပြီးမှာ “ဆိုင်ကလုန်းနာဂစ်”ဆိုတဲ့ စကားလုံးက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက လူပေါင်းသိန်းနဲ့ချီတဲ့ သူတွေရဲ့ ဘဝမှာ ဒဏ်ရာဒဏ်ချက်အဖြစ် ကျန်ရစ်ခဲ့တာ ၁၅ နှစ်ကျော်လာတဲ့ အခုချိန်တိုင် ဒဏ်ရာက အမာရွတ်အဖြစ် ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။
ခုတခါ ရခိုင်ပြည်နယ်နဲ့ ချင်း၊ မကွေး၊ စစ်ကိုင်းတို့မှာ ဆိုင်ကလုန်း မိုခါ ဆိုတဲ့ စကားလုံးက မိသားစုတွေထဲ ချစ်ခင်မြတ်နိုးသူတွေကို ဆွဲထုတ်သွားခံရတာမျိုး၊ မပျောက်နိုင်တဲ့ စိတ်ဒဏ်ရာ ကိုယ်ကာယဒဏ်ရာတွေ ရစေတာမျိုး၊ နိမ့်ပါးနေတဲ့ အသက်မွေးဝမ်းကျောင်းမှု ဘဝတွေကို ပြန်လည်ထူထောင်ရခက်ခဲအောင် ရိုက်ချသွားတာမျိုး ဖြစ်လာနေပြီဖြစ်ပါတယ်။
မုတ်သုန်မိုးရာသီ မဝင်မီကာလ မေလဆန်းမှာ ဖြစ်ပေါ်တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းလိုပဲ အခု မိုခါကလည်း ပြင်းထန်မှုမှာ အတူတူနီးနီး သို့မဟုတ် အနည်းငယ်တောင် ပိုပြင်းထန်တဲ့ သဘောဖြစ်ပြီး ခု မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တဲ့ ဒေသက နာဂစ်ဝင်ရောက်တဲ့ ဒေသလို မြေပြန့်အနိမ့်ပိုင်းဒေသ မဟုတ်ခြင်းနဲ့ ကြိုတင်သတိပေးမှု အချိန်အတိုင်းအတာတခုထိ ရခဲ့တဲ့အချက်ကြောင့် နာဂစ် ဆိုင်ကလုန်းလို အသက်ဆုံးရှုံးမှုတွေ အများအပြားမရှိနိုင်တဲ့ အနေအထားဖြစ်တာ တွေ့ရပါတယ်။ နာဂစ်လောက် အသက်ဆုံးရှုံးမှုတွေ အများအပြားမရှိဘူးလို့ ဆိုပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပြီးခါစ ဒေသဖြစ်တဲ့ ရခိုင်၊ လက်ရှိ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ မကွေးတိုင်း အထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ထိခိုက်ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပွားမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
မုန်တိုင်း ပထမဦးဆုံး ကမ်းတက်တဲ့ ရခိုင်ပြည်နယ်က အပျက်အစီးတွေရဲ့ ဓာတ်ပုံတွေ မေလ ၁၄ ရက်နေ့ညနေမှာ ဆိုရှယ်မီဒီယာတွေမှာ စတင်မြင်တွေ့လာရပြီဖြစ်ပါတယ်။ မြို့လယ်က ဆက်သွယ်ရေး တာဝါတိုင်ကျိုးကျနေတဲ့ မြင်ကွင်း၊ ပျက်စီးနေတဲ့ စစ်တွေမြို့ရဲ့ မြို့အဝင် မုခ်ဦး၊ မြို့လယ်လမ်းမကြီးတခုနံဘေးက ခေါင်မိုးတွေအားလုံး လွင့်ထွက်သွားတဲ့ အလယ်တန်းကျောင်း အဆောက်အဦတခု၊ မြစ်နဲ့ ပင်လယ်ကမ်းနားက ရေတွေတက်လာလို့ နေအိမ်အောက်ထပ်တွေ မြုပ်နေတဲ့ စစ်တွေမြို့က ရပ်ကွက်တချို့၊ လေဒဏ်ကြောင့် အပိုင်းပိုင်း ဖြစ်နေတဲ့ သစ်ရွက်တွေ ပြန့်ကျဲနေတဲ့ မြို့ပေါ်က လမ်းမတွေ၊ ဘုရားစေတီနဲ့ ခေါင်မိုးတွေ အားလုံးလေနဲ့ လွင့်ပါသွားတဲ့ စေတီနဘေးက ဓမ္မာရုံလို အဆောက်အဦ စတဲ့မြင်ကွင်းတွေက ဆိုင်ကလုန်းဒဏ် ဘယ်လောက် ပြင်းထန်သလဲဆိုတာကို ပေါ်လွင်စေပါတယ်။
မေလ ၁၄ ရက်နေ့ နေ့ခင်း စစ်တွေမြို့မှာ ပင်လယ်ထဲက ဒီရေ ရုတ်တရက် လေနဲ့အတူ မြင့်တက်လာလို့ လူနေအိမ်တွေထဲမှာ ပိတ်မိနေတဲ့သူတွေ ရဲ့ အကူအညီတောင်းခံတဲ့ အသိပေးချက်တွေ ဆိုရှယ်မီဒီယာပေါ်မှာ အများအပြားတွေ့ရပါတယ်။ မုန်တိုင်းမဝင်ရောက်မီလေး အကူအညီတောင်းခံနိုင်တယ်ဆိုတဲ့ ပရဟိတအဖွဲ့တွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း မွန်းလွဲပိုင်းရောက်တဲ့အခါ ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှုကြောင့် ခေါ်ဖို့ ခက်ခဲကုန်ကြတာ တွေ့ရပါတယ်။
ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်နေချိန်မှာ ကယ်ဆယ်ကူညီရေးတွေလည်း လုပ်ဖို့ အခက်အခဲတွေအများကြီး ရှိမှာ အသေအချာဖြစ်ပါတယ်။
စစ်တွေက ပင်လယ်ကမ်းနဲ့ မေးတင်နေတာ၊ ကုလားတန်မြစ်ဝ မှာ ရှိနေတဲ့ မြို့ဖြစ်လို့ စစ်တွေက ဒေသခံအများအပြား မုန်တိုင်းမဝင်မီ တရက်၊ နှစ်ရက်အလိုက မြောက်ဦး ကျောက်တော်ဘက်ကို ကုန်းလမ်းကနေ တိမ်းရှောင်မှုတွေလည်း ရှိခဲ့သလို တိမ်းရှောင်ဖို့ ကုန်ကျစရိတ်၊ အဆက်အသွယ်၊ စတဲ့အကြောင်းတွေကြောင့် မြို့မှာပဲ မိမိတို့ နေအိမ် သို့မဟုတ် ဘုရား၊ ကျောင်းတန်ဆောင်းတွေမှာ ခိုလှုံနေထိုင်ကျန်ရစ်သူတွေလည်း အများအပြားရှိတာဖြစ်ပါတယ်။
နိုင်ငံရေးအရရော အုပ်ချုပ်ရေးအရပါ အစိုးရလို့ နာမည်ခံထားတဲ့ စစ်ကောင်စီအနေနဲ့ အခုလို သဘာဝဘေးအန္တရာယ်ကို ကောင်းမွန်တဲ့ အစီအစဥ်၊ ထိရောက်တဲ့ ဆောင်ရွက်မှုမျိုး မရှိတာက ထင်ရှားပါတယ်။ ရခိုင်ဒေသက ပုံမှန်အခြေအနေမျိုးမှာပင်လျှင် လူထုနဲ့ စစ်ကောင်စီ အစိုးရအုပ်ချုပ်ရေးနဲ့က သီးခြားစီ စိတ်ဝမ်းကွဲနေတဲ့ အနေအထားမို့လို့ စစ်ကောင်စီအနေနဲ့လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဟန်ပြသဘောသာသာ လုပ်ဆောင်တာ ဖြစ်ပြီး ဘယ်ရွေ့ဘယ်မျှ ရွှေ့ပြောင်းတယ်ဆိုတဲ့အချက်အလက်တွေ ကိန်းဂဏန်းတွေ ထုတ်ပြန်နိုင်ခြင်း မရှိတာ တွေ့ရပါတယ်။ ယမန်နေ့ကတော့ မုန်တိုင်း ဝင်ရောက်နိုင်တဲ့ ဒေသတွေက ဒေသခံ ၆ သိန်းလောက်ကို ရွှေ့ပြောင်းပြီးဖြစ်တယ်လို့ ကြေညာပေမယ့် ဒီကိန်းဂဏန်းဟာ ဘယ်လောက်မှန်ကန်နိုင်သလဲ၊ သို့မဟုတ် စစ်ကောင်စီရဲ့ ကူညီပံ့ပိုးမှုနဲ့ တိမ်းရှောင်တာလား မိမိတို့အစီအစဥ်နဲ့ မိမိတို့ တိမ်းရှောင်မှုတွေကို ထည့်သွင်းပြီး ကြေညာတာလားဆိုတာ မသဲကွဲတဲ့ သဘောဖြစ်ပါတယ်။
မုန်တိုင်းဝင်ရောက်နေစဥ်နဲ့ မုန်တိုင်း ဝင်ရောက်ပြီးခါစ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အရ ဆုံးရှုံးမှုက စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဂွတို့မှာ အပျက်အစီး အများအပြား ရှိတာတွေ့နိုင်ပါတယ်။ လူတဦးချင်း မိသားစု တဦးချင်း ပျက်စီးဆုံးရှုံးမှု ရှိနေကြသလိုပဲ နိုင်ငံအနေနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ၊ ကျန်းမာရေး ပညာရေး အဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုတွေ လည်းအများအပြားရှိမှာ အသေအချာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လို ထိခိုက်ပျက်စီးမှုတွေ ချင်းပြည်နယ်မှာ အများအပြားထွက်ပေါ်လာနိုင်တဲ့ အနေအထားဖြစ်သလို မကွေးတိုင်းမြောက်ပိုင်းနဲ့ စစ်ကိုင်းဒေသတွေမှာလည်း ရေလွှမ်းမိုးမှု မြေပြိုမှုတွေ ဖြစ်ပွားနိုင်ပြီး မေလ ၁၅ ရက်နေ့ နေ့ခင်းပိုင်းမှာ သတင်းအချက်အလက်တွေ ထပ်မံထွက်ပေါ်လာနိုင်ပါတယ်။
ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ ကျောက်ဖြူ အစရှိတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေမှာ နေအိမ်ပျက်စီးမှုက ၇၀ ရာနှုန်းကနေ ၉၀ ရာနှုန်းအထိရှိနေတဲ့ သတင်းတွေလည်း စတင်ထွက်ပေါ် လာနေတာ ကြားသိနေရပါတယ်။
စစ်အာဏာ မသိမ်းမီ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ ဒေသအချို့မှာ စစ်ပွဲအတွင်း ထွက်ပြေးနေကြရပြီး ယာယီ စခန်းတွေမှာ နေထိုင်နေထိုင်ကြရတဲ့ သူတွေ အခုဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ထပ်မံခံစားကြရတဲ့အဖြစ်တွေလည်း ကြားသိကြရပါတယ်။ မြောက်ဦးလိုမြို့မှာ စစ်ဘေးရှောင်စခန်းတွေ ထိခိုက်ပျက်စီးတာတွေ ဆိုရှယ်မီဒီယာမှာ တွေ့ရတာဖြစ်ပါတယ်။ ၂၀၁၈-၁၉ စစ်တပ်နဲ့ အေအေ တိုက်ပွဲတွေတုန်းက ရှောင်တိမ်းခဲ့ရတဲ့ သူတွေရှိသလို ၂၀၂၂ ခုနှစ်လယ်က ဒုတိယအကျော့ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေလည်း ရှိပါတယ်။ ရခိုင်ပြည်နယ် ရဲ့ ဒုက္ခတွေ အခက်အခဲတွေလိုပဲ ဖွံ့ဖြိုးမှု နည်းပါးတဲ့ ချင်းပြည်နယ်မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူတွေ အခု မုန်တိုင်းဒဏ် ခံစားကြရဦးမှာ ဖြစ်ပါတယ်။ မကွေးတိုင်းအထက်ပိုင်း ဂန့်ဂေါမြို့နယ် စစ်ကိုင်းတိုင်း ကလေးမြို့နယ် စတဲ့ဒေသတွေလည်း လေပြင်းတိုက်ခတ်မှုဒဏ်၊ ရေကြီး မြေပြိုမှုဒဏ်တွေ ခံစားကြရဖွယ်ရှိနေပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာပင်လျင် စစ်ရေးတိုက်ခိုက်မှုတွေကို ခေတ္တရပ်ဆိုင်းမထားနိုင်တဲ့ အဖြစ်အပျက်တချို့လည်း ဒီနေ့ သတင်းထဲတွေ့ရမှာ ဖြစ်ပါတယ်။ မုန်းတိုင်းအရှိန်ကြောင့် မိုးတွေကြီးပြီး ချောင်းမြောင်းတွေထဲ ရေတွေပြည့်နေချိန် ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် လူပေါင်းထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
ပြည်တွင်းစစ်ဒဏ်ကြောင့် နိမ့်ကျနေတဲ့ လူနေမှုဘဝတွေ၊ ကျန်းမာရေး ပညာရေးစောင့်ရှောက်မှု သိသိသာသာကျဆင်း ယိုယွင်းနေတဲ့ ဒေသတွေက လူထုအဖို့ အခုလို ဖျက်ဆီးအားကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်း သဘာဝဘေးက ထပ်ပြီးနှိပ်စက်မှုက ပိုပြီးခက်ခဲ ကျပ်တည်းစေဦးမယ့် သဘောလည်း တွေ့နေရပါတယ်။
အခုလို ရင်ဆိုင်နေကြရတဲ့ အပျက်အစီးတွေ ဆုံးရှုံးမှုတွေထဲက ပြန်လည် ရုန်းထဖို့အရေးမှာ ပြည်သူအချင်းချင်း ကူညီရိုင်းပင်းမှုက အရေးကြီးသလို နိုင်ငံရေးအရ ဦးဆောင်မှုပေးနေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေအနေနဲ့လည်း လူထုအကျိုးစီးပွားကို ပထမဆုံး ဦးစားပေးထားရှိပြီး ဆောင်ရွက်ကြဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်၊ ကူးစက်ကပ်ဘေးတွေ နဲ့ ကြုံလာတဲ့အခြေအနေမျိုးမှာ ဘုံရန်သူက သဘာဝဘေးအန္တရာယ်နဲ့ ကူးစက်ရောဂါ ကပ်ဘေးဆိုတာ ရှင်းရှင်းလင်းလင်း နားလည် ကျင့်သုံးနိုင်ကြဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar