စစ်ကောင်စီကျင်းပတဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲ၊ ပျက်ယွင်းနေတဲ့ အုပ်ချုပ်ရေးအခြေအနေမှာ ရင်ဆိုင်ရနိုင်တဲ့ မုန်တိုင်းအန္တရာယ်
မြန်မာနွေဦး ခရိုနီကယ် - မေ ၆ မြင်ကွင်း
(မိုးမခ) မေ ၇၊ ၂၀၂၃
စစ်ကောင်စီ ကျင်းပတဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲ၊ ပျက်ယွင်းနေတဲ့ အုပ်ချုပ်ရေးအခြေအနေမှာ ရင်ဆိုင်ရနိုင်တဲ့ မုန်တိုင်းအန္တရာယ်
ကိုဗစ် စတင်ဖြစ်ပွားတဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက မကျင်းပနိုင်ခဲ့တဲ့ ရုပ်ရှင် အကယ်ဒမီဆုပေးပွဲကို ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ကျင်းပဖို့ ကြိုးစားခဲ့ပြီး ဒီနေ့မှာတော့ ကုန်လွန်ခဲ့တဲ့ ၃ နှစ်စာ အကယ်ဒမီဆုပေးပွဲကို နေပြည်တော်မှာ ကျင်းပတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းအပြီး ဒါဇင်နဲ့ချီတဲ့ ရုပ်ရှင်အနုပညာ လောကသားတွေကို စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာ၊ လူမှုမီဒီယာကနေ ထောက်ခံခဲ့တာတွေ အတွက် ဖမ်းဆီးပြီး အများစုကို ပုဒ်မ ၅၀၅-က နဲ့ အရေးယူပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ကာလတုန်းကထက် အခု ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အနုပညာသည်တွေ ပါဝင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီက အဲဒီလို ရုပ်ရှင်၊ အဆိုတော် အနုပညာသမားတွေကို ဖမ်းဆီးကာ အကျဥ်းထောင်ထဲ နှစ်နဲ့ချီချထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့ ထင်ရှားတဲ့ သရုပ်ဆောင်၊ အဆိုတော်တွေကို ပြစ်ဒဏ်အချို့ လွတ်ငြိမ်းခွင့်ထဲ ထည့်သွင်းကာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ အခုအကယ်ဒမီပေးပွဲကို ကျင်းပတဲ့ ရည်ရွယ်ချက်က အခြေအနေတွေ ပုံမှန်ဖြစ်နေတယ် ဆိုတာကို ပြသချင်တာ၊ ဖမ်းဆီး အပြစ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တဲ့ အနုပညာလောကက သူတချို့ကိုလည်း ပြန်စည်းရုံးလိုတဲ့အချက်၊ အနုပညာလောကအနေနဲ့ နွေဦးတော်လှန်ရေးနယ်ပယ်က ပြောသလို စစ်ကောင်စီကို တက်ကြွစွာ ဆန့်ကျင်နေကြတာ မဟုတ်ဘူးဆိုတာကို သက်သေပြချင်တဲ့ ရည်ရွယ်ချက်တွေ ပါဝင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ နှစ်နဲ့ချီ ဖမ်းဆီးအကျဥ်းချခံခဲ့ရဖူးသူတွေ ဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန် စတဲ့သူတွေကို အနုပညာလောကထဲ ဆက်လက်လှုပ်ရှား လုပ်ကိုင်နိုင်ခွင့် ရှိဖို့ဆိုရင် အခုလို စစ်ကောင်စီက ကျင်းပတဲ့ အကယ်ဒမီပေးပွဲလိုမျိုးကို ဆန့်ကျင်သပိတ်မှောက်လို့ မရဘူးဆိုတဲ့ အချက်ကိုလည်း စစ်ကောင်စီက သက်သေထူခဲ့တဲ့ သဘောဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး တက်ကြွစွာ ထောက်ခံသူတွေက စစ်ကောင်စီရဲ့ အကယ်ဒမီပွဲကို သပိတ်မှောက်ဖို့ နှိုးဆော်နေကြတဲ့ အနေအထားမှာ အခုလို စစ်အာဏာသိမ်းမှုကို တက်ကြွစွာဆန့်ကျင် လှုပ်ရှားခဲ့တဲ့ ထင်ရှားတဲ့ အနုပညာသည်တွေကို စစ်ကောင်စီက အကယ်ဒမီပွဲနဲ့ စည်းရုံးသိမ်းသွင်းခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။
အမှန်တကယ်တော့ စစ်အာဏာသိမ်းပြီးနောက်မှာ ရုပ်ရှင် အနုပညာလောက၊ တေးဂီတလောက အနေနဲ့ အနုပညာနဲ့ လူထုကို ဖျော်ဖြေနိုင်လောက်တဲ့ အခြေအနေမျိုး ပြည့်ပြည့်ဝဝမရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ မြို့တွေ၊ နယ်တွေ မငြိမ်းချမ်းတာ၊ နိုင်ငံရေး သဘောထားကွဲလွဲမှုက နက်ရှိုင်းစွာ ရှိနေတာကြောင့် ရုပ်ရှင်ရုံလိုမျိုး ကြည့်ရှုမယ့်သူ မရှိသလောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားသစ် ဖန်တီးမှု သိသာစွာ ဆုတ်ယုတ်ကျဆင်းနေခဲ့ပြီ ဖြစ်ပါတယ်။ အဆိုတော်တွေအဖို့လည်း စတိတ်ရှိုးလို ဂီတဖျော်ဖြေပွဲတွေ ကျင်းပဖို့ အခြေအနေမရှိတာကြောင့် လူထုကို ဖျော်ဖြေဖို့ ထိတွေ့ဖို့ အနေအထားမျိုးမရှိတာ တွေ့ရမှာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ၊ အွန်လိုင်းနဲ့ ရုပ်သံကြော်ငြာ၊ ရုပ်သံဇတ်လမ်းတွဲ စတာတွေလောက်သာ ဖန်တီး ထုတ်လုပ်တင်ဆက်နိုင်ကြတဲ့ အနေအထားဖြစ်ပြီး လူသန်းနဲ့ချီ စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်နေချိန် ကျေးရွာပေါင်း ထောင်နဲ့ ချီ မီးရှို့ ဖျက်ဆီးခံထားရချိန်၊ လူအသက်ပေါင်း ထောင်နဲ့ချီ ဆုံးရှုံးနေရချိန်မှာ သန်းနဲ့ချီတဲ့ နိုင်ငံသားတွေအနေနဲ့ အနုပညာကို ခံစားနိုင်မယ့် အနေအထားမျိုး မရှိကြတာလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက် စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ ဒါဇင်နဲ့ချီတဲ့ အနုပညာသည်တွေလည်း နယ်စပ်ဒေသရောက်ပြီး အများစုက တတိယနိုင်ငံတွေမှာ အခြေချကာ အနုပညာအလုပ်ကို စွန့်လွှတ်လိုက်ကြရတဲ့ အနေအထားလည်း တွေ့ရမှာပါ။ စစ်အာဏာသိမ်းမှုက နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးလို နယ်ပယ်ကိုသာ ပျက်စီးစေတာမဟုတ်ဘဲ ကျန်းမာရေး၊ ပညာရေးနဲ့ ယဥ်ကျေးမှု အနုပညာနယ်ပယ်ကိုပါ ပျက်စီးစေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားအကြောင်းအရာတခုကတော့ လာမယ့်သီတင်းပတ်မှာ မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်နိုင်ခြေရှိနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း အကြောင်း ဖြစ်ပါတယ်။ မိုးရာသီ မဝင်ရောက်ခင် မုတ်သုံလေ မဝင်ခင် အပူဆုံးကာလမှာ ဖြစ်ပွားတတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေက ပြင်းထန်လေ့ရှိပြီး ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံး နာဂစ်ကို အမှတ်ရစေတာ ဖြစ်ပါတယ်။
အခုနောက်ဆုံး မုန်တိုင်း စောင့်ကြည့်ခန့်မှန်းချက်တွေအရ ဆိုင်ကလုန်း မုန်တိုင်းဟာ မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ မုန်တိုင်းအဆင့်ရောက်ရှိလာပြီး သီတင်းပတ်ကုန်ခါနီး ၁၃ ရက်ဝန်းကျင်မှာ မြန်မာနိုင်ငံ ဧရာဝတီတိုင်းနဲ့ ရခိုင်တောင်ပိုင်းကို ကမ်းခြေကို ဝင်ရောက်နိုင်ခြေရှိနေတာလည်း ဖြစ်ပါတယ်။
အဲဒီဒေသတွေမှာ အုပ်ချုပ်စီမံနေတဲ့ စစ်ကောင်စီအနေနဲ့ မကြာခင် ဝင်ရောက်လာနိုင်တဲ့ ပြင်းထန်တဲ့ မုန်တိုင်းအန္တရာယ်ကို ထိရောက်စွာ သတိပေး ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပြီး အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေကို အနိုင်ရဖို့သာ ကြိုးစားနေတဲ့ စစ်ကောင်စီအနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို အရေးထား ဆောင်ရွက်မှာမဟုတ်သလို၊ ဒေသခံ လူထုအနေနဲ့လည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ယုံကြည်မှု နည်းပါးနေတာကြောင့် အန္တရာယ် သတိပေးချက်တွေ၊ နှိုးဆော်မှုတွေက ထိရောက်မှုသိပ်ရှိမှာ မဟုတ်ပါဘူး။
နဂိုက ပျက်စီးယိုယွင်းနေတဲ့ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအောက်မှာ သဘာဝ ဘေးအန္တရာယ် ကျရောက်လာခဲ့ရင် လူထုအနေနဲ့ ခါးစည်းခံကြရမယ့် အနေအထားရှိပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အရေးပေါ် အင်အားအဖြစ် စစ်တပ်က ကယ်ဆယ်ရေး ကူညီရေးမှာ လုပ်ကိုင်ကြရပေမယ့် မြန်မာနိုင်ငံအဖို့တော့ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်နဲ့ လူထုအကြား ယုံကြည်မှု ပျက်သုဥ်းနေတဲ့ အခြေအနေမျိုးမှာ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရင် လူထုအချင်းချင်း ကူညီရိုင်းပင်းရုံကလွဲပြီး အခြားနည်းလမ်းမရှိတဲ့ အနေအထားလည်း ဖြစ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar