အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး အဖြေရှာဖို့ ကြိုးပမ်းနေမှု ဘယ်လို အဖြေထွက်နိုင်မလဲ
မြန်မာနွေဦး ခရိုနီကယ် - မေ ၅ မြင်ကွင်း
(မိုးမခ) မေ ၆၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး အဖြေရှာဖို့ ကြိုးပမ်းနေမှု ဘယ်လို အဖြေထွက်နိုင်မလဲ
၂၀၂၃ ခုနှစ် အတွက် အာဆီယံနိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့တဲ့ ၄ လတာ ကာလအတွင်း အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာနိုင်ဖို့ သံတမန်ရေးအရ ကြိုးစားနေတာတွေကို ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးမှာ တိတ်ဆိတ်တဲ့ သံတမန်ရေး လုပ်ဆောင်မှုလို့ အဓိပ္ပာယ်ရတဲ့ Silent Diplomacy နည်းလမ်းကို ကျင့်သုံးနေတဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၄ လတာအတွင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်ပြောဆိုတာတွေ မလုပ်ဆောင်ခဲ့ဘဲ နောက်ကွယ်မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့ရာမှာ အစည်းအဝေး အကြိမ်ရေ ၆၀ လောက်ရှိနှင့်ပြီးဖြစ်တယ်လို့လည်း ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ ဘယ်သူတွေနဲ့ တွေ့တယ် ဘယ်အဖွဲ့အစည်းတွေ ပါတယ် ဆွေးနွေးရေးလမ်းကြောင်းက ဘယ်လို ဆိုတာတွေကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် သက်ဆိုင်သူအားလုံး ပါဝင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုက ပြောဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမတိုင်ခင် အလှည့်ကျတာဝန်ယူခဲ့တဲ့ ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ ညှိနှိုင်းဆောင်ရွက်စဥ်က အခုလို တိတ်ဆိတ်တဲ့သံတမန်နည်းလမ်းကို ကျင့်သုံးခဲ့တာမဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူရဲ့ ခရီးစဥ်၊ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဥ်တွေမှာ သတင်းမီဒီယာတွေက စောင့်ကြည့် ဖော်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံတာဝန်ယူတဲ့ တနှစ်တာမှာ မြန်မာနိုင်ငံအရေးကို တိုးတက်မှုရှိအောင် မစွမ်းဆောင်နိုင်ခဲ့ တနည်းအားဖြင့် ရလဒ်။ သိသိသာသာ မထွက်ရှိခဲ့ပဲ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဖြစ်သူက မြန်မာ့အရေးမှာ ကာယကံရှင်တွေက ငြိမ်းချမ်းရေး ပြဿနာပြေလည်ရေးကို စိတ်မဝင်စားရင် သူတို့အနေနဲ့လည်း မတတ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်သဘောသက်ရောက်တဲ့ လက်မြှောက်တဲ့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ခု အင်ဒိုနီးရှားနိုင်ငံအလှည့်ကျ တာဝန်ယူချိန်မှာတော့ မြန်မာနိုင်ငံက ကာယကံရှင်အဖွဲ့အစည်းတွေအနေနဲ့ အထက်က သဘောထားမျိုး ဆက်လက်ရှိနေဆဲပဲလား၊ သို့မဟုတ် ဆွေးနွေးညှိနှိုင်းလိုတဲ့ ဆန္ဒဖြစ်ပေါ်လာပြီလား ဆိုတာ သဲသဲကွဲကွဲ မပြောဆိုနိုင်သေးပါဘူး။
အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့တွင်းမှာလည်း သြဇာအကြီးဆုံးနိုင်ငံတနိုင်ငံ ဖြစ်သလို နိုင်ငံတကာအရေးကိစ္စတချို့မှာပါ ကြားဝင်ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံလည်း ရှိတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ယူကရိန်း-ရုရှား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးရေးထွက်ကုန် သင်္ဘောတွေ ထွက်ရှိနိုင်ရေးမှာ ကြားဝင်ညှိနှိုင်းသူတဦးအဖြစ် ဆောင်ရွက်ခဲ့တဲ့ သာဓကလည်း ရှိခဲ့တာဖြစ်ပါတယ်။
ခု မြန်မာ့အရေးကိစ္စမှာတော့ ခေါင်းမာတဲ့၊ အတိုက်အခံ လက်နက်ကိုင်တွေ၊ လူမျိုးစု တန်းတူအခွင့်အရေးအတွက် တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်ရေးနဲ့ ဖြေရှင်းလာတဲ့ ရှည်ကြာတဲ့ သမိုင်းရှိတဲ့ မြန်မာစစ်အာဏာရှင်တွေကို ဘယ်လို စည်းရုံးပြောဆိုမလဲ၊ အခြားတဖက်မှာ စစ်အာဏာသိမ်းပြီးနောက် အသီးသီး ဖွဲ့စည်း ပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ ခေါ်ဆိုတဲ့ လက်နက်ကိုင် အင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဘယ်လို ဆွေးနွေးပြောဆိုမလဲ ဆိုတဲ့ လက်တွေ့ အခက်အခဲတွေနဲ့ပတ်သက်လို့တော့ လောလောဆယ်မှာ မသိရှိရသေးတဲ့ အနေအထားဖြစ်ပါတယ်။
အာဆီယံရဲ့ ဆွေးနွေးအဖြေရှာရေး နည်းလမ်းတွေနဲ့ တရုတ်နိုင်ငံရဲ့ သံတမန်ရေးအရ ကြိုးစားမှုတွေက လမ်းကြောင်းတခုထဲ အပေါ်မှာလား သို့မဟုတ် သီးခြားစီလား ဆိုတဲ့အချက်လည်း တိတိကျကျ မပြောဆိုနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ခုလပိုင်းမှာ တွေ့ဆုံမှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေပြီး စစ်ကောင်စီဘက်က ကဆုန်လပြည့်နေ့မှာ နိုင်ငံရေး အကျဥ်းသား ၂၁၀၀ ကျော်ကို လွှတ်ပေးခဲ့ခြင်းနဲ့ သေဒဏ်ချမှတ်ထားသူ ၃၈ ဦးကို တသက်တကျွန်းပြစ်ဒဏ်သို့ပြောင်းလဲခဲ့ခြင်းက အာဆီယံကြိုးပမ်းမှုရဲ့ အကျိုးဆက်လား တရုတ်နိုင်ငံရဲ့ ကြားဝင်မှုရဲ့ အကျိုးဆက်လား ဆိုတာ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
တဖက်မှာ NUG အနေနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုကြီးတခုလုံးကို ကိုယ်စားပြု ပြောဆိုနိုင်ဖို့ ဆိုတဲ့အချက်ကလည်း အရေးကြီးတဲ့ အချက်တချက်ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး လှုပ်ရှားမှုဆိုလိုက်ရင် အထွေထွေ သပိတ်ကော်မတီ၊ NLD ပါတီရဲ့ ခေါင်းဆောင်တချို့ ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်အများအပြား ပါဝင် ဖွဲ့စည်းထားတဲ့ CRPH၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အခြား စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြမှုက ထွက်ပေါ်လာတဲ့ လူငယ်တွေနဲ့ လူနည်းစု အစုအဖွဲ့တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ ပါဝင်နေတာ ဖြစ်ပါတယ်။
NUG က အဲဒီအင်အားစုအားလုံးရဲ့ ဦးဆောင်မှု ခေါင်းဆောင်လို့ ယေဘုယျ နားလည်ကြပေမယ့် စနစ်အရ ဖွဲ့စည်းထားတဲ့ ကိုယ်စားပြုမှု၊ ကိုယ်စားပြုလွှဲအပ်ထားမှု မရှိသေးတဲ့ သဘောလည်း တွေ့ရမှာဖြစ်ပါတယ်။ NUCC လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီမှာ အထက်ကပြောခဲ့တဲ့ အင်အားစုတွေ အတော်များများကို ကိုယ်စားပြုထားပေမယ့် နောက်ပိုင်းမှာ NUCC ကို အားပြုမှု၊ NUCC ရဲ့ ပုံမှန်အစည်းအဝေး၊ NUCC က NUG ကို ဘယ်လို အခန်းကဏ္ဍကနေ ဦးဆောင်နေသလဲ စတာတွေက ရှင်းရှင်းလင်းလင်း မရှိတာလည်း တွေ့ရပါတယ်။ ဒီလို အသေးစိတ် ဆက်ဆံရေး အထက်အောက် ဘေးတိုက်စတဲ့ သဘောတွေကို ဆွေးနွေးခြင်းက အာဆီယံ၊ တရုတ် စတဲ့ ဒေသတွင်း အဖွဲ့အစည်း၊ အင်အားကြီးနိုင်ငံတွေရဲ့ မြန်မာ့အရေး အဖြေရှာရေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ ဘက်က ဦးဆောင်အဖွဲ့အစည်းတွေ ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ရှိထားဖို့ လိုအပ်ချက်၊ ကိုယ်စားပြုမှုကို ရယူထားဖို့ လိုအပ်မှာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။
နောက်တချက်က စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကို လက်ခံကြမလား ဆွေးနွေးစရာမလို၊ အရှုံးပေးသည်အထိ ဆက်လက်တိုက်ခိုက်ကြမယ်ဆိုတဲ့ အယူအဆတွေလည်း ထွက်ပေါ်လာနိုင်တာမို့လို့ အဆိုပါ နိုင်ငံရေး လမ်းစဥ်ပိုင်းနဲ့ ပတ်သက်လို့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေဘက်မှာ ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။
ဒီလို ရှုထောင့်တွေ စဥ်းစားမှုတွေက အခုလက်ရှိရောက်နေတဲ့ နိုင်ငံရေး စစ်ရေး အခြေအနေအရ စောလွန်းသေးတယ် ၊ ဒီလိုအဆင့်မရောက်သေးဘူးလို့ ယူဆမှုရှိကောင်းလည်း ရှိနိုင်တာဖြစ်ပေမယ့် သံတမန်ရေးအရ ကြုံတွေ့ရမယ့် အဆင့်တွေ ဖြစ်တာမို့လို့ မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ တဖက်မှာ သံတမန်ရေးအရ ချဥ်းကပ် ဆွေးနွေးမှုတွေက ရှိနေနိုင်တာလည်း ဖြစ်ပြီး ဦးဆောင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ ရပ်တည်မှု၊ အကျိုးရလဒ်တွေကို တွက်ဆမှုတွေ အသင့်ရှိထားရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar