ကိုအောင်မှိုင်း - ထောင်မလဲသဲကော် ဝါဇီစက္ကူ
ကိုအောင်မှိုင်း - ထောင်မလဲသဲကော် ဝါဇီစက္ကူ
(မိုးမခ) မေ ၇ ၊ ၂၀၂၃
ထောင်မလဲသဲကော် ဆိုတာ ဂျပန်နိုင်ငံက စစ်အတွင်းသုံးဖို့ ထုတ်ထားတဲ့ပိုက်ဆံကို ခေါ်ကြတာ ဖြစ်ပါတယ်။ ငွေစက္ကူတွေကတော့ အသစ်ကျပ်ချွတ်တွေ ဖြစ်နေပေမဲ့ တန်ဖိုးမရှိသလောက် ဖြစ်နေတဲ့ စစ်တွင်းသုံး ဂျပန်ပိုက်ဆံကို မြန်မာပြည်သားတွေ ခေါ်ကြတာပါ။
ဝါဇီမှာတော့ နေ့ဆိုင်း ညဆိုင်းတွေနဲ့ ငွေစက္ကူတွေ ရိုက်ထုတ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ မင်းအောင်လှိုင်ကလဲ ထောင်မလဲသဲကော်ဝါဇီ ပိုက်ဆံတွေ ဖောဖောသီသီပေးပြီး ဘုန်းကြီး တပါး ၃ သိန်းဆိုလား အကယ်ဒမီဆုပေးပွဲ ရွှေတကျပ်သားဆိုလား လူများဖို့သာအဓိက ဆိုသလို ဖောဖောသီသီကို အလှူကြီးပေးနေတဲ့အချိန် ဖြစ်ပါတယ်။ တကယ်က ငွေစက္ကူရိုက်နှက်ထုတ်ဝေခြင်း ကိစ္စတွေကို နိုင်ငံတကာမှာတော့ ဗဟိုဘဏ်တွေက တာဝန်ခံကြီးကြပ်ရတာ ဖြစ်ပါတယ်။ ငွေစက္ကူ ရိုက်နှိပ်တယ်ဆိုတာ ကိုယ့်နိုင်ငံရဲ့ အရန်ဒေါ်လာငွေ၊ ရွှေ၊ GDP အကုန်ချိန်ဆပြီး ဘယ်လောက်ရိုက် မလဲဆိုတာ ဆုံးဖြတ်ရတာဖြစ်တော့ ဒီလိုငွေ စက္ကူတွေ အကန့်အသတ်မရှိ ရိုက်နှိပ်ထုတ်ဝေတဲ့အတွက် အနည်းဆုံး ဖြစ်နိုင်ခြေ ၂ ခုကို လူထုအနေနဲ့ ဆိုးဆိုးဝါးဝါးခံရမှာ ဖြစ်ပါတယ်။
ဒါတွေကတော့......
၁။ လအနည်းငယ်အတွင်းမှာ ကုန်စျေးနှုန်းတွေဟာ မထင်မှတ်လောက်အောင် အခုထက်ပိုပြီး အဆပေါင်းများစွာ ပိုတက်လာနိုင်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း စျေးနှုန်းမြင့်တက်မှုတွေ ရှိလာမယ်။ လူထု နေထိုင်စားသောက်မှုက အခုထက် ကျပ်တည်းလာမယ်။ ကုန်သွယ်မှုစနစ်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်လာမယ်။ ရာဇဝတ်မှုတွေ အကြီးအကျယ် တိုးပွားလာမယ်။ စစ်တပ်ကိုယ်တိုင်က ရာဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်လာကြလိမ့်မယ်။
၂။ မင်းအောင်လှိုင်အနေနဲ့ ငွေစက္ကူတွေ တန်ဖိုးမရှိ ကြေညာပြီး လူထုကို ဓားပြတိုက်နိုင်ပါတယ်။
ငွေဖောင်းပွမှု INFLATION
ငွေဖောင်းပွမှုနဲ့ပတ်သက်ပြီး သီအိုရီအရကတော့ အချက် ၄ ချက်လောက်ကို အခြေပြုလေ့ ရှိပါတယ်။
၁။ ငွေဖောင်းပွမှုဆိုတာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းမြင့်တက်လာခြင်း။
၂။ ငွေရဲ့ ဝယ်ယူနိုင်မှုစွမ်းအား ကျဆင်းခြင်း။
၃။ စားသုံးသူ ကုန်ဈေးနှုန်း (Consumer Price Index – CPI) အဆမတန် မြင့်တက်လာခြင်း။
CPI ဆိုတာ စားသုံးသူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစားအသောက်၊ ပို့ဆောင်ဆက်သွယ်ရေး၊ နေအိမ်၊ လျှပ်စစ်ဓာတ်အားနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစရှိတဲ့ အခြေခံကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းကို စစ်တမ်းကောက်ယူတာ ဖြစ်ပါတယ်။
၄။ အချိန်နဲ့အမျှ မိမိပိုင်ဆိုင်မှုကို ခိုးယူဖြတ်တောက်ခံနေရခြင်းတို့ ဖြစ်ပါတယ်။
ငွေဖောင်းပွမှုကို ဥပမာအနေနဲ့ပြောရရင် ငစိန်ဆန်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တအိတ် ၂၄,၅၀၀ ကျပ်ကနေ ၂၀၂၃ ခုနှစ် ဧပြီလမှာ ၅၅,၀၀၀ကျပ် ဖြစ်သွားတာဟာ ရာခိုင်နှုန်းအရ ၁၁၆ % ငွေဖောင်းပွသွားတာ ဖြစ်ပါတယ်။
နောက်ဥပမာတခုအနေနဲ့ပြောရရင် အရင်တုန်းက အိမ်နားက လက်ဖက်ရည်ဆိုင်လေးတွေမှာ မုန့်ဟင်းခါး တပွဲကို ၃၀၀ ကျပ်လောက်နဲ့ စားလို့ရပါတယ်။ ဒါပေမဲ့ အခုတော့ တပွဲကို ၆၀၀ ကျပ် လောက်ဖြစ်သွားပါပြီ။ ဆိုလိုတာက ငွေကြေးဖောင်းပွမှုဆိုတာ ငွေရဲ့ဝယ်ယူနိုင်မှုစွမ်းအား ကျဆင်းခြင်းလို့လည်း ဖြစ်ပါတယ်။ အရင်တုန်းက မုန့်ဟင်းခါးတပွဲကို ၃၀၀ ကျပ်နဲ့ပဲ ဝယ်ယူနိုင်ပေမယ့် အခု ၃၀၀ ကျပ်ဆိုတာ တပွဲရဲ့ တဝက်ပဲ ဝယ်လို့ရတော့မှာဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။
တခု မှတ်ထားရမှာက ကုန်ဈေးနှုန်းတက်လို့ ငွေကြေးဖောင်းပွတယ်ဆိုတာ ကုန်ဈေးနှုန်းတွေက နေရာတိုင်း တချိန်တည်း တက်နေမှာမျိုးမဟုတ်သလို တက်တဲ့နှုန်းကလည်း တူညီနေမှာမျိုးတော့ မဟုတ်ပါဘူး။ ငွေကြေးဖောင်းပွမှုရဲ့ ပြောင်းပြန် ဒါမှမဟုတ် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများ ဈေးနှုန်းကျဆင်းခြင်းကို ငွေကြေးကျုံ့ခြင်း (Deflation) လို့ ခေါ်ပါတယ်။
၂၀၂၃ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ် ADB ခန့်မှန်းထားတာက ဒေသတွင်း ငွေကြေးဖောင်းပွမှုရာနှုန်းကို တွက်ချက်ရာမှာ ဗမာပြည်က ဒေသတွင်းမှာတော့ အများဆုံး ဖြစ်နေတာ တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် ကိန်းဂဏန်းတွေအရ ၃.၉% ကနေ ၂၀၂၃ ခုနှစ်မှာတော့ ၈.၅% ထိ တိုးမြင့်သွားခဲ့တာကို ကြည့်ရင် အခြေအနေ အတော်ဆိုးနေပြီလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ၈.၅ % အထိရှိနိုင်တယ်လို့ တွက်ချက်ထားပေမဲ့ ဝါဇီက လက်ရှိ ရိုက်ထုတ်နေတဲ့ တရားမဝင်ငွေတွေကိုပါ ပေါင်းထည့်လိုက်မယ် ဆိုရင်တော့ ၂၀၂၃ ခုနှစ်ဟာ လူထုအတွက် အတော်ဒုက္ခရောက်နိုင်တဲ့နှစ်လို့ သုံးသပ်မိပါတယ်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ သုံးစွဲ ဖို့ စစ်ကောင်စီက တိုးမြှင့်သတ်မှတ်လိုက်ပြီး ဒါဟာ မနှစ်ကထက် ကျပ်ဘီလီယံ ၂,၀၀၀ နီးပါး၊ ရာခိုင်နှုန်းအားဖြင့် ၅၀ % ကျော် တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ကနေ့ လူထုလက်ထဲ ရှိနေတာတွေက စက္ကူတွေပါ။ ပိုက်ဆံတွေ မဟုတ်ပါဘူး။ ဘယ်အစိုးရကမှ တာဝန်ယူမှုမရှိတဲ့ ထောင်မလဲသဲကော်တွေပါ။ ဒါဟာ မင်းအောင်လှိုင်ရဲ့ လူထုပေါ် ကျူးလွန်နေတဲ့ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှု၊ ရွာတွေ မီးရှိုးမှုတွေလို အလွန်ဆိုးဝါးလှတဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ လူထုစားရမယ့် ထမင်းလုတ်တွေထဲက နေ့စဥ် ခိုးယူနေတာပါ။ လူထု ထမင်းလုတ်တွေဟာ နေ့စဥ် သေးသေးလာပြီး စားစရာလုံးဝမရှိတော့တဲ့ အထိကို ဦးတည်နေတာလို့ပဲ ပြောရတော့မယ် ထင်ပါတယ်။
ကျနော်တို့ အလေးအနက် ပြောလိုတာက လူထုမှာလုပ်နိုင်တာတွေ များစွာရှိပါတယ်။ စစ်တပ် ထုတ်ကုန်တွေ သပိတ်မှောက်ပါ။ စစ်တပ်နဲ့ ကင်းကင်းရှင်းရှင်း နေပါ။ တော်လှန်ရေးအင်အားစုတွေကို အားပေးပါ။ သိပ်နှိပ်စက်လွန်းရင် လူထုလက်မှာရှိတဲ့ ဓား၊ ကတ်ကြေးကအစ သံချောင်းတွေအဆုံး လက်နက်ဖြစ်နိုင်ပါတယ်။ အသေအချာ လေ့လာပါ။ လောမကြီးပါနဲ့။ သေချာပြီဆိုရင် လူထုနည်းကို အသုံးပြုနိုင်ပါတယ်။ နိုင်ငံတကာ တော်လှန်ရေးတွေမှာလဲ လူထုက ဆုံးမတာ အများစုဖြစ်လေ့ရှိပါတယ်။
စစ်ပွဲကြီးတွေက ၂၀၂၃ ခုနှစ်မှာ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မှာ သေချာပါတယ်။ စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်သား သုံးသောင်းကျော် သေပြီး တသောင်းကျော် ဒဏ်ရာ အနာတရဆိုတော့ စစ်တပ်မှာ ပြုန်းတီးအင်အားဟာ ငါးသောင်းကျော်လောက်ရှိနေပြီ ဖြစ်ပါတယ်။ NUG အစိုးရရဲ့ PDF တပ်ဖွဲ့တွေ LDF တပ်ဖွဲ့တွေ ပကဖ၊ ပလဖနဲ့ တကွ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအင်အားဟာ လက်ရှိ စကစထက် အင်အားသာလွန်လာပြီလို့ သိရပါတယ်။
သေချာတာက စကစအင်အားဟာ ဒါထက် ယုတ်လျော့လာမှာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ အင်အားဟာ ဆက်လက်တိုးပွားလာမှာ ဖြစ်ပါတယ်။ ကနေ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အပြောအရ တပ်ဖွဲ့ဝင်တိုင်း အနည်းဆုံး ကာကွယ်ရေးဝန်ကြီးဌာနထုတ် လက်နက်တွေကိုယ်စီ တပ်ဆင်ပေးနိုင်ပြီဖြစ်သလို တချို့ကို ခေတ်မီလက်နက်တွေ အပြည့်အစုံ တပ်ဆင်ပေးနိုင်ပြီလို့ သိရပါတယ်။
ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ပွဲကြီးဖြစ်နေတာပါ။ ငါနဲ့ မဆိုင်ဘူးလို့ နေလို့မရပါဘူး။ တချိန်ချိန်မှာ ဒုက္ခပေးမယ့်လူတွေ ကိုယ့်အိမ်ရှေ့ ရောက်လာမှာပါ။ အလေးအနက် အကြံပြုလိုတာက လူထုအနေနဲ့ စိတ်ဓာတ်အရ ပြင်ဆင်ပါ၊ ရုပ်ဝတ္ထုအရ ပြင်ဆင်ပါ။ စစ်အုပ်စုကို လုံးဝ မယုံကြည်ပါနဲ့။ အဆုံးသတ် တိုက်ပွဲကို ဆင်နွှဲပြီး နိုင်ငံတော်သစ် တည်ဆောက်ကြပါ။
လူထုမှာ ဆုံးရှုံးစရာဆိုလို့ နှောင်ကြိုးသာရှိတော့တဲ့ ခေတ်ပျက်ကြီးက ရုန်းထွက်ကြပါစို့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar