ခက်မာ - ကျမသိတဲ့ သူ့အံဝှက်
ခက်မာ
(မိုးမခ) မေ ၃၁၊ ၂၀၂၃
၂၀၂၃ ခုနှစ် မေလထဲမှာ အံဝှက်ထဲကစာလေးတစောင်ကို တွေ့လိုက်တယ်။ ညနေပိုင်း ပန်းပင်တွေရေလောင်း ပေါင်းသင်ပြီး မိုးစုပ်စုပ်ချုပ်မှ အိမ်ပေါ်ပြန်ရောက်သမို့ အဲဒီစာလေးကို အလင်းရောင်အတုအောက်မှာ မြင်လိုက်တာ။ ဒါပေမဲ့ စာကလေးက မမှုန်မမွှား၊ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က လက်ရေးအတိုင်း မပြောင်းမလဲထင်လင်းလို့။
လွန်ခဲ့တဲ့ နှစ် ၄၀ အတိအကျ၊ ၁၉၈၃ မှာ မြစ်တွေ၊ ချောင်းတွေ၊ ကန်စွန်းခင်းတွေ၊ ငါးလူးအိုင်တွေကြားက တဆယ်ကျော် ငါးနှစ်ပတ်လည် တောသူလေးတယောက် ဗြုန်းဆို မြန်မာနိုင်ငံရဲ့မြို့တော်၊ ရန်ကုန်မြို့လယ်ကောင် ဗိုလ်ချုပ်စျေးနဲ့ကပ်လျှက် စိန့်မေရီလို့ ခေါ်ကြတဲ့ ပန်းပဲတန်း အ.ထ.က (၁) စာသင်ခန်းထဲကိုရောက်လာတယ်။
တောသူမလေးကို အတန်းပိုင်ဆရာမက အတန်းရဲ့ညာဘက်ပြတင်း ပေါက် နားကပ်လျက်ခုံတခုံမှာထိုင်ဖို့ နေရာချပေးတယ်။ အဲဒီခုံတန်းက စာသင်ခန်းရဲ့နောက်ဘက်ပိုကျတာမို့ အတန်းရှေ့တည့်တည့် ထိပ်ဆုံးကဝင်လာတဲ့ တောသူမလေးဟာ မျက်လုံးစိမ်းတချို့ကို ရင်တဖိုဖို ဖြတ်ကျော်ခဲ့ရတယ်။ ဒါပေမဲ့ ထိုင်ရမယ့်ခုံကိုရောက်တဲ့အခါ သူ့ကိုလှမ်းကြည့်တဲ့ မျက်လုံးရွဲတစုံရဲ့ လှိုက်လှဲမှုကြောင့် တောသူမလေးလည်း နွေးသွားတယ်။
အဲဒီပထမဆုံးရက်မှာပါပဲ။ တခုံထဲထိုင်တဲ့ မျက်လုံးရွဲမလေးရဲ့ ကျောင်းဗလာ စာအုပ်နောက်ကျောမှာ နုပျိုတဲ့အတွေးနဲ့ စာသားလှလှလေးတွေကို စာကြောင်းအစုအဖွဲ့လေးတွေအဖြစ် မြင်လိုက်ရတယ်။
“နင် ကဗျာရေးတယ်၊ ဟုတ်လား”
တောသူလေးက စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။ မျက်လုံးရွဲမလေးက ပြုံးပြီး ခေါင်းညိတ်ပြတယ်။ စာရူးပေရူး တောသူလေးဟာ ရင်တွေတဒိတ်ဒိတ်ခုန်လာပြီး ဘယ်နတ်ဘုရားက ငါ့ကို ဒီနေရာမှာ ချပေးလိုက်တာပါလိမ့်လို့ တွေးတယ်။ (တကယ်က အတန်းပိုင်ဆရာမ နေရာချပေးတာပါ။ သူကလည်း သုံးယောက်တတန်းထိုင်နေကြတဲ့ စာသင်ခုံတွေထဲမှာ နှစ်ယောက်ပဲရှိနေတဲ့ အတန်းမှာ ဝင်ထိုင်ခိုင်းလိုက်တာပါပဲ။ ဒါပေမဲ့ အဲဒီသမာန်ကာလျှံကာနေရာအချဟာ တောသူမလေးဘဝကို အကြီး အကျယ်ပြောင်းလဲသွားစေခဲ့တယ်။)
‘ငါလည်း ကဗျာရေးတယ်’ လို့ ပြောလိုက်တော့ မျက်လုံးရွဲလည်း လက်ကနဲဖြစ်သွားတယ်။ သူတို့ နှစ်ယောက် ကိုယ့်ဘာသာ ကဗျာလို့ နံမည်တပ်ထားတဲ့ အတိုအစတွေ ရေးလိုက်ကြတာ ဘာပြောကောင်းမလဲပေါ့။ အဖုံးအပြာနဲ့ မှတ်စုစာအုပ်ကိုယ်စီထားလို့ ကျောင်းကအပြန် အားတဲ့အချိန်ကဗျာရေး၊ နောက်တနေ့ ကိုယ်ရေးခဲ့တာတွေကို အချင်းချင်းပြန်ပြဖို့ အမြဲစိတ်စောခဲ့ကြတာ။
တောသူမလေးဟာ မျက်လုံးရွဲရဲ့စကားလုံးနုနုဆန်းဆန်းတွေကို အမြဲကြွေခဲ့ရတာ။ ကိုယ်တိုင်ကျတော့ စာကဗျာရေးရင်တောင် မာမာထန်ထန် ရှည်ရှည်လျားလျားဖွဲ့တတ်တယ်လို့ထင်ပြီး မျက်ဝန်းတွေက နုညံ့ပြေပြစ်သလို စကားလုံးတွေကပါ ရွှန်းစိုဝင်းလဲ့နေတဲ့ သူငယ်ချင်းရဲ့အဖွဲ့အနွဲ့တွေကြား မျက်စိလည် လမ်းမှားရတာကို ပျော်ရွှင်ခဲ့တယ်။
စာဖတ်တဲ့အခါလည်း အကြိုက်ချင်းတူကြသမို့ သူတို့နှစ်ယောက်ကြား ပြောစရာစကား ဘယ်တော့မှ မကုန်ဘူး။ အထက်တန်းကျောင်းသူဘဝ၊ တက္ကသိုလ်ကျောင်းသူဘဝ၊ လုပ်ငန်းခွင်ကိုယ်စီဝင်ကြတဲ့ဘဝ၊ မိခင်ဘဝ၊ ဘယ်တုန်းကမှ အဆက်အသွယ်မပြတ်၊ ကဗျာအကြောင်း၊ စာအကြောင်း အပြောမပြတ်ခဲ့ဘူး။
တက္ကသိုလ်ကျောင်းသူဘဝလွန်မြောက်စ,ကာလတခုမှာ မျက်လုံးရွဲရဲ့ ရည်းစားစာလေးတစောင် တောသူမ ဖတ်မိတယ်။ ဘယ်လိုဖတ်မိတာလဲတော့ မမှတ်မိ။ မျဉ်းကြောင်းထင်းထင်းတွေပါတဲ့စာရွက်ပေါ်က မတိုမရှည်စာထဲမှာ လက်ရေးသေးသေးပြားပြားနဲ့ ဘာတွေရေးထားလဲ အကုန်မမှတ်မိပေမဲ့ နောက်ဆုံးစာကြောင်းမှာ “မောင် စိတ်ချမ်းသာစေရပါမယ်။’ လို့ ရေးပြီး လက်မှတ်ထိုးထားတယ်။ အဲဒီလောက်ရိုးရိုးစင်းစင်းစာကြောင်းလေးကိုပဲ တောသူမက ကဗျာလို့ ခံစားပြီး တလှိုက်လှိုက်ဖြစ်ခဲ့တာ။ ငါလည်း ရည်းစားစာရေးရင် အဲဒီလိုရေးမယ်လို့ မူပိုင်ခွင့်ငှားဖို့တောင်စဥ်းစားခဲ့တာ။ (ဒါပေမဲ့ တောသူမက ရည်းစားစာထဲမှာတောင် ကတိပေး မရဲခဲ့ဘူး။)
မိခင်ဘဝကိုယ်စီရကြတော့လည်း စာရေးပြီးထမင်းစားရတဲ့တောသူမနဲ့ စာပေနယ်ကလူတွေကြားမှာနေရတဲ့ မျက်လုံးရွဲ၊ တနယ်ထဲသားတွေလိုပါပဲ။ စာရေးဆရာဖြစ်ချင်တဲ့ တောသူမက ကံမကောင်းလှသူအဖြစ်မွေးဖွားလာပြီး လက်ချောင်းထိပ်လေးလှုပ်မှ ဝမ်းဝတဲ့ဘဝ ရောက်ရလေတော့ ကိုယ်လုပ်ချင်တာ လုပ်ပြီးရပ်တည်နိုင်တဲ့ ကံကောင်းမှုကိုဖြင့် စားသုံးခွင့်ရသားပါလို့ တွေးခဲ့ပါတယ်။ မြို့ကြီးသူ မျက်လုံးရွဲကတော့ ကံကောင်းတဲ့သမီးအဖြစ်မွေးလာတဲ့ ဘဝထဲမှာ ကံအနိမ့်အမြင့် တချို့တလေကိုရင်ဆိုင်ရင်း ပြည့်ပြည့်စုံစုံနဲ့ တိတ်တိတ်ဆိတ်ဆိတ် ကဗျာတွေရေးနေတာပါပဲ။ တိတ်ဆိတ်စွာ သွန်ချခဲ့တဲ့ ကဗျာတွေကပဲ သူ့ကိုအားဖြစ်စေခဲ့သလားမသိ။ ခုတော့ သူက ထားခဲ့သင့်တာတွေကို ထားခဲ့ပြီး အတွင်းအပြင်တောက်ပလို့။
သူက ဘဝတလျှောက်လုံး ကဗျာရေးဖို့ဝိညာဥ်ကို သူတယောက်ပဲ သိတဲ့အံဝှက်ထဲ တိတ်တိတ်ဆိတ်ဆိတ် ထည့်သိမ်းထားခဲ့တယ်။ အံဝှက်လေးလှပ်ပြလိုက်ရင် သူ့ကဗျာတွေက ညွတ်နူးတတ်သူတွေကြား ဝေ့ဝဲတို့ထိသွားမှာ သိပေမဲ့ သူ့အံဝှက်တံခါးကို သူ့နှလုံးသားနဲ့ ဖိပိတ်ထားခဲ့တယ်။ ဒါပေမဲ့ ၁၄-၅ နှစ်သမီးထဲက သူနဲ့အတူ ကိုယ်ရေးချင်တာတွေရေးပြီး ကဗျာလို့ခံစားခဲ့တဲ့ သူ့သူငယ်ချင်းတောသူမက သူ့အံဝှက်ထားတဲ့နေရာကိုသိနေသလို အံဝှက်ထဲက တစွန်းတစထွက်ကျလာတဲ့ စကားလုံးတွေကိုမြင်တာနဲ့ ဒီအံဝှက်ဟာ မကြာခင်လျှံထွက်တော့မယ်လို့ သိနေခဲ့တယ်။
ဒါကြောင့် အခု အဲဒီအံဝှက်ထဲက ကဗျာတွေ 'ဆုဘိုးမိ' နံမည်နဲ့ လျှံထွက်ကျလာတာကို မအံ့သြတော့ဘူး။ သက်တမ်းတဝက်စာ ဘဝအနိမ့်အမြင့်တွေကို တိတ်တဆိတ် ကဗျာတွေရေးရင်းဖတ်ရင်း ကျော်လွှားခဲ့တဲ့ မျက်လုံးရွဲတယောက် ကဗျာတောအုပ်ထဲ မရောက်ဖြစ်တော့ဘူးဆိုမှပဲ အံ့သြတော့မယ်။ ဒါပေမဲ့ တောသူမ အံ့သြခွင့်မရနိုင်ဘူးဆိုတာလည်း ကိုယ် တိုင်သိပါရဲ့။ မျက်လုံးရွဲရဲ့ ကဗျာတောအုပ်က သူ့ရင်ထဲမှာရှိနေတာကိုး။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar