အောင်သူငြိမ်း - ထိုင်းရွေးကောက်ပွဲ Update (မေ ၁၅၊ ၂၀၂၃)
အောင်သူငြိမ်း - ထိုင်းရွေးကောက်ပွဲ Update (မေ ၁၅၊ ၂၀၂၃)
(မိုးမခ) မေ ၁၆ ၊ ၂၀၂၃
မနေ့ကတော့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲပြီးသွားပါပြီ။ မဲဆန္ဒပေးနိုင်သူ ၅၂ သန်းရှိပြီး သတင်းတွေအရ မဲဆန္ဒရှင် ၂ ဒသမ ၂ သန်းဟာ ကြိုတင်မဲပေးခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတုန်းက မဲဆန္ဒလာပေးသူ (Voters’ turnout) ၇၅ ရာခိုင်နှုန်းခန့် ရှိခဲ့တယ်။ အခု ရွေးကောက်ပွဲကိုတော့ မဲဆန္ဒလာပေးသူ မတွေ့ရသေးပေမယ့် ရွေးကောက်ပွဲကော်မရှင်က မဲလာပေးမယ့်သူ ၈၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။
ထိုင်း လူထုတွေ ပြောဆိုကြပုံအရ တန်းစီရတာ အတော်ရှည်တယ်၊ လူတွေက အခု ရွေးကောက်ပွဲကနေ အပြောင်းအလဲဖြစ်ဖို့ စိတ်အားထက်သန်နေကြပုံရတယ်လို့ ဖော်ပြကြပါတယ်။ ထိုင်းရွေးကောက်ပွဲနဲ့ ငွေကြေးနိုင်ငံရေးကတော့ ရှောင်လွှဲမရနိုင်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်က မဲဝယ်တာမျိုး တွေ့ရင် သတင်းပေးပါ၊ ဆုငွေ ၂၀,၀၀၀ ဘတ် ပေးမယ်၊ နိုင်ငံတဝန်း ရွေးကောက်ပွဲ ဆိုင်ရာ ရဲ ၁၅၀,၀၀၀ ချထားမယ်လို့ ကြေညာထားတာတောင် ဘန်ကောက်တခွင်မြို့ကြီးမှာတောင် မဲရောင်း-ဝယ် အတော်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘန်ကောက်ပို့စ် သတင်းအရ မဲဝယ်မှု တိုင်ကြားမှုပေါင်း ဘန်ကောက်တခုတည်းမှာတင် တိုင်ကြားမှု ၁၆၃ ခု လက်ခံရရှိပါတယ်။ (မဲဝယ် ၅၈၊ လိမ်လည်မှု ၅၅ နဲ့ အာဏာအလွဲသုံးစားမှု ၁၇ မှုပါ)။ နယ်မြို့တွေမှာလည်း ရှိနိုင်ပါတယ်။ မိုးရွာနေပေမယ့် မဲပေးသူတွေ တက်ကြွစွာလာခဲ့ကြတယ်၊ ယေဘုယျအားဖြင့် အေးဆေးတည်ငြိမ် ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတုန်းက မတ်လမှာ ကျင်းပပြီး နောက်ဆုံးရလဒ်ကို မေလမှသာ ကြေညာနိုင်ပါတယ်။ အခု ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေကိုလည်း ၂-လခန့်အကြာ ဇူလိုင်လလောက်မှာ သိနိုင်မယ်လို့ ယူဆပါတယ်။ အခုလတ်တလော မဲရေတွက်မှု ၈၀ အကျော် ရလဒ်တွေအရ Move Forward party (ထိုင်းလို ဖတ်ကောင်ကိုင်) က ရှေ့ကနေ ကိုယ်စားလှယ် ၁၁၃ + ပါတီလစ် ၃၈ နဲ့ ဦးဆောင်နေပါတယ်။ အတိုက်အခံ ဖွေ့ထိုင်းပါတီကတော့ ကိုယ်စားလှယ် ၁၁၂ + ပါတီလစ် ၂၉ နဲ့ နောက်ကလိုက်ပါတယ်။ စစ်တပ် လိုလားတဲ့ ပါတီ PPRP ကတော့ ကိုယ်စားလှယ် ၃၉ + ပါတီလစ် ၁ ပဲ ရှိပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ United Thai Nation ပါတီကတော့ ကိုယ်စားလှယ် ၂၃ + ပါတီလစ် ၁၃ ပဲ ရှိပါတယ်။ သေချာတာကတော့ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီတွေကို ပြည်သူလူထုက မလိုလားတော့ဘူး ဆိုတာပါပဲ။
ကြားထဲက ဖုံကျိုင်ထိုင်းပါတီကတော့ ကိုယ်စားလှယ် ၆၇ + ပါတီလစ် ၃ ရှိပါတယ်။ [ဖုံကျိုင်ထိုင်းပါတီက နာမည် နည်းနည်းဆိုးတဲ့ နေဝင်းချစ်ချော့ပ်ရဲ့ ပါတီပါ။ သတင်းတွေအဆိုအရ သူ့အဖေက ဦးနေဝင်းကို လေးစားတယ်။ ၁၉၅၈ အာဏာသိမ်းမှုအပြီး ရွေးကောက်ပွဲလုပ် အရပ်သားအစိုးရကို ပြန်အပ်လို့ သူ့သားကို နေဝင်းချစ်ချော့ပ်လို့ အမည်ပေးခဲ့တယ် လို့ ဖတ်ရဖူးပါတယ်။ သူ့ပါတီက ယခင်ညွန့်ပေါင်းအစိုးရမှာ ပါခဲ့ပါတယ်။ သူ့ပါတီက King maker ပါတီလို တဖက်ဖက်နဲ့ ပေါင်းလိုက်ရင် အစိုးရဖြစ်ဖို့ တိမ်းပေးနိုင်တဲ့ ပါတီပါ။ လက်ရှိ ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင်က ဒီပါတီခေါင်းဆောင်ပါ။ သူ့က ဆေးခြောက်မူဝါဒကို ချမှတ်ရေး ကြိုတင်သိနိုင်ပြီး သူတို့အုပ်စုက စီးပွားဖြစ် ဆေးခြောက်စိုက်ခင်းကြီးတွေ ဆောင်ရွက်ထားတယ်လို့ စွပ်စွဲကြပါတယ်။ ဒီဆေးခြောက် မူဝါဒကိုလည်း ကျန်ပါတီများက ဝေဖန်နေကြတာပါ။]
ထိုင်းသက်တမ်းရှည် (နှစ်ပေါင်း ၇၇) ကြာပြီ ဖြစ်တဲ့ ဒီမိုကရက်ပါတီက မရှုမလှပါပဲ။ ၂၀၁၉ ရွေးကောက်ပွဲတုန်းကလည်း အမတ် ၁၀၀ လောက်နိုင်မယ်မှန်းတာ မနိုင်ခဲ့ပါဘူး။ အစိုးရဖွဲ့တော့ ပူးပေါင်းပြီး ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း ချူအန် လိပိုင်က လွှတ်တော်ဥက္ကဋ္ဌ လုပ်ခဲ့ပါသေးတယ်။ အခုလည်း ကိုယ်စားလှယ် ၂၂ + ပါတီလစ် ၃ ပဲရပါတယ်။ သူ့အတွက် ကျရှုံးခန်းပါပဲ။ ထိုင်းဒီမိုကရက်ပါတီက တချိန်တုန်းက ဘန်ကောက်ရယ် ထိုင်းတောင်ပိုင်းမှာ အမာခံဒေသ ဖြစ်ခဲ့ပါတယ်။ အခုတော့ ဘန်ကောက်မဲဆန္ဒနယ် ၃၃ ခုမှာ ၃၂ က လိမ္မော်ရောင် ဖြစ်ခဲ့ပါပြီ။ (Move forward party)၊ ကျန် ၁ နေရာက ဖွေ့ထိုင်းက နိုင်ပါတယ်။ မြို့ကြီးသားတွေ ထောက်ခံမှု ပြောင်းသွားတယ် ယူဆနိုင်ပါတယ်။
ဝန်ကြီးချုပ် ပရာယွတ်က ပါတီရုံးကနေ စောစောပဲ အိမ်ပြန်ခဲ့ပါတယ်။ သူက UTN ပါတီကို ကိုယ်စားလှယ် ၁၀၀ လောက် နိုင်မယ်လို့ မှန်းထားပါတယ်။ အခုတော့ ၃၆ နေရာပဲ ရပါတယ်။ သူက အကယ်၍ “ပါတီ မနိုင်ရင် အိမ်ပြန်မယ်”လို့ ပြောထားတော့ အိမ်ပြန်ရမယ့် အချိန်ပါပဲ။
အခုမှ နောက်တဆင့် ကစားပွဲစတယ်လို့ ဆိုနိုင်ပါတယ်။ Move forward party နဲ့ ဖွေ့ထိုင်းပေါင်းရင်တောင် အမတ် ၃၀၀ မပြည့်သေးပါဘူး။ ဝန်ကြီးချုပ် ရွေးနိုင်ဖို့က အနည်းဆုံး ၃၇၅ မဲ လိုပါတယ်။ ဆီနိတ်အမတ်တချို့က သူတို့ကိုမဲပေး၊ သို့မဟုတ် အပေးအယူ ကစားပွဲတွေ စရမှာပါ။ Move forward party နဲ့ ဖွေ့ထိုင်းပေါင်းရင် သူတို့ကို အတော်တက်ကြွသူများဆန်တဲ့ အစိုးရ၊ သို့မဟုတ် ဘုရင် ဆန့်ကျင်ရေးအစိုးရသဖွယ် မြင်နိုင်ပါသေးတယ်။ Move forward party ကလည်း D ၃ လုံး ကြွေးကြော်သံ လုပ်ထားပါတယ်။ (Decentralize, Demonopolize, Demilitarize) ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ လက်ဝါးကြီးအုပ်ထားမှု လျှော့ချရေးနဲ့ စစ်တပ်အာဏာ လျှော့ချရေးတွေ တောင်းဆိုထားပါတယ်။
ဘာဖြစ်လို့ Move forward ပါတီက လူထုထောက်ခံမှု များလာတာလဲ။
သူ့ရဲ့ အရင်ပါတီက Future forward party (အနာဂတ်သစ် ပါတီ) ပါ။ လုပ်ငန်းရှင်လူငယ် သူဌေး ထာနာထွန် (Thanathorn Juangroongruangkit) က ဦးဆောင်ပြီး တက္ကသိုလ်ဆရာ၊ ပါမောက္ခတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ သူတို့ ပါတီက ကိုဗစ်ကူးစက်ဘေး ကာလအတွင်း ဖြစ်ခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဆန္ဒပြပွဲတွေတုန်းကလည်း ဦးဆောင်ခဲ့ပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲရေးကနေ၊ စစ်သား မလုပ်မနေရ ကောက်တာ ဖျက်သိမ်းဖို့၊ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့အထိ ဆန္ဒပြပွဲတွေတုန်းက ဦးဆောင်ခဲ့ပါတယ်။ နောက်ပိုင်း အစိုးရဖြိုခွဲ ဖိနှိပ်တာ၊ လူထုတွေကိုယ်တိုင် သပိတ်ပန်းလာတာကြောင့် ရပ်နားသွားခဲ့ရပါတယ်။
၂၀၁၉ ရွေးကောက်ပွဲလုပ်တော့ သူတို့ Future forward ပါတီက နေရာ ၁၀၀ ကျော်နဲ့ ပထမဦးဆုံး နိုင်လာခဲ့ပါတယ်။ ပါတီမူ တွေကို ကြိုက်လို့ ဆုံးဖြတ်မဲ ပေးရာမှာလည်း အဲဒီကတည်းက ပါတီလစ်ကိုယ်စားလှယ် ၃၀ ကျော် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရွေး/ကော်က အလုပ်စလာပါတယ်။ ပါတီခေါင်းဆောင် အချို့ကို မီဒီယာကုမ္ပဏီမှာ အစုရှယ်ယာပါတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ခဲ့ပါတယ်။ ပါတီခေါင်းဆောင် ထာနာထွန် ဆိုရင်လည်း ရွေးကောက်ပွဲမဝင်ရ (၁၀) နှစ် တားမြစ်ခံရပါတယ်။ ထာနာထွန်က ပါတီကို ငွေတွေ အများကြီးချေးထားပါတယ်၊ ဒီကိစ္စတွေကြောင့် ပါတီ ဖျက်သိမ်းခံရပါတယ်။ ဒါနဲ့ပဲ ကိုယ်စားလှယ် ကျန် (၈၁) ဦးနဲ့ Move forward party အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ရတာပါ။ သူတို့ကိုယ်စားလှယ်တွေ ပယ်ဖျက်ခံရလို့ အချို့နေရာတွေမှာ ဒုတိယအကြိမ် ရွေးကောက်ပွဲ ပြန်ကျင်းပရပါတယ်။ အခု ၂၀၂၃ ရွေးကောက်ပွဲမှာတော့ ထာနာထွန်က တားမြစ်ထားလို့ ရွေးကောက်ပွဲဝင်၊ အရွေးမခံနိုင်သော်လည်း သူနဲ့ ယခင်က Future forward party အထွေထွေအတွင်းရေးမှူး ပီယာဘတ် (Piyabutr Saengkanokkul) တို့ ဦးဆောင်တဲ့ တိုးတက်တဲ့လှုပ်ရှားမှု (Progressive movement) က မဲဆွယ် ကူညီပေးခဲ့ပါတယ်။
ဒါဆိုရင် ၂၀၂၀-၂၁ ဆန္ဒပြပွဲတွေရဲ့ အဆက်၊ Future forward ပါတီတို့ရဲ့ တော်လှန်ရေး အောင်မြင်ထမြောက် လူထုက လက်ခံလာတာလား။
အခု ၂၀၂၃ ရွေးကောက်ပွဲမှာလည်း လွတ်လွတ်ကျွတ်ကျွတ်ဖြစ်ဖို့ ဆုတောင်းရမှာပါ။
ထိုင်းဘန်ကောက် ပို့စ် သတင်းစာကတော့ “ပြည်သူ့အသံလေးစားပါ” ဆိုပြီး အယ်ဒီတာ့အာဘော် ရေးထားပါတယ်။ မလေးစားမယ့်သူတွေက ဘယ်သူတွေပါလိမ့်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar