Breaking News

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ဖမ်းဆီးခံရတဲ့ ဇာမဏီတော်လှန်ရေးတပ်ဖွဲ့ဝင် တချို့သေဆုံး

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၁ မြင်ကွင်း

(မိုးမခ) ဇွန် ၁၂၊ ၂၀၂၃ 


စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ဖမ်းဆီးခံရတဲ့ ဇာမဏီတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ သေဆုံး

စစ်ကိုင်းတိုင်းမှာ PDF  လက်နက်ကိုင် အဖွဲ့တွေအားကောင်းပြီး စစ်ကောင်စီတပ်တွေ မထိန်းချုပ်နိုင်တဲ့ ဒေသတခုအဖြစ် နာမည်ကြီးတဲ့ မြောင်မြို့နယ်ထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ခံ ပလဖ လို့အတိုကောက်ခေါ်ဆိုတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့က ဇာမဏီတော်လှန်ရေးအဖွဲ့ ခေါင်းဆောင် အပါအဝင် ၄ ဦးကို ဖမ်းဆီးစစ်ဆေးရာမှ လက်လွန်သေဆုံးသွားတဲ့ ဖြစ်ရပ် ခုရက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဖြေရှင်းပေးဖို့ အမျိုးသားညီညွတ်ရေး အစိုးရကို စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင်က PDF တပ်ရင်းမှူးတဦးက တောင်းဆိုစာ ထုတ်ပြန်လိုက်ပါတယ်။ 

မြောင်မြို့ နယ် အခြေစိုက် Zarmani Revolution Force (MMU/Myaung) အဖွဲ့က ခေါင်းဆောင် ကိုဇော်မိုး၊ ကျေးရွာကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တဦး၊ရဲဘော်တဦးနဲ့ အခြားပြည်သူ တဦးတို့ စုစုပေါင်း ၄ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က မြောင်မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) က ဖမ်းဆီးပြီး ၁၀ ရက်အကြာမှာတော့ သေဆုံးသွားခဲ့တယ်လို့ သတင်းကြားသိရကြောင်း ဒီကိစ္စနဲ့ပတ်သက်လို့ ပလဖ အဖွဲ့ဟာ NUG လက်အောက်ကအဖွဲ့ဖြစ်တာကြောင့် NUG က အရေးယူဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တဲ့ သဘောလို့လည်း နားလည်ပါတယ်။ 

အခုလို PDF လို့ယေဘုယျအမည်နဲ့ခေါ်ဆိုကြတဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ တပ်ဖွဲ့တွေအကြား၊ လူပုဂ္ဂိုလ်အကြား ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်ရပ်တွေ PDF တပ်ဖွဲ့က အရပ်သားတွေကို သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ မကြာခဏ ဖြစ်ပွားလာနေပြီး အချို့က သတင်းမီဒီယာကို ထုတ်ဖော်ပြောဆိုလာကြတာလည်း ဖြစ်ပါတယ်။ အခုဖြစ်ရပ်က နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး ဒီဖြစ်ရပ်မတိုင်ခင် စစ်ကိုင်းတိုင်း အရာတော်မှာ၊ ၂၀၂၁ ခုနှစ်ကုန်ပိုင်းက ယင်းမာပင် သပြေအေး အပိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ ဗိုလ်သံမဏိ (ယခင် သပြေအေး ဆရာတော်) ဖြစ်ရပ်၊ ဆောနယ်မှာ အရပ်သားတွေ ဖြစ်တဲ့ မိသားစု တစုလုံးနဲ့ ဧည့်သည်အပါအဝင် ၆ ဦးခန့်ကို ယောပီဒီအက်ဖ် YDF က သတ်ဖြတ်ပြီး ကားနဲ့ ငွေကြေးတွေ ယူဆောင်သွားတဲ့ ဖြစ်ရပ်တွေ ကြိုကြားကြိုကြား ဖြစ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့က PDSA လို့ခေါ်တယ် မူဆယ် PDFအဖွဲ့တဖွဲ့က ၄င်းတို့အဖွဲ့က နှုတ်ထွက်သွားတဲ့သူတွေကို သွားရောက်ပြီး ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်တခုလည်း ယမန်နှစ်နှောင်းပိုင်းက ဖြစ်ပွားခဲ့ပါသေးတယ်။ 

အရင့်အရင် အဖြစ်အပျက်တွေမှာ ဘယ်လို အရေးယူ ဆောင်ရွက်သလဲ၊ နောက်တဖန် နောက်နောင် မဖြစ်ပွားအောင် ဘယ်လို အဖြေရှာကြမလဲ၊ ဘယ်လို စည်းမျဥ်းစည်းကမ်းတွေ ထုတ်ပြန်ဆောင်ရွက်ကြမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ စည်းမျဥ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ အမိန့်ပေးစနစ် တခုထည်းအောက်မှာရော ရှိကြသလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်ကောင်း ရှိကောင်းရှိနိုင်ပါတယ်။ 

၂၀၂၁ ခုနှစ် ကုန်ပိုင်းနဲ့ ၂၀၂၂ ခုနှစ်အစပိုင်းမှာ ပထမဆုံးထွက်ပေါ်ခဲ့တဲ့ ယင်းမာပင်မြို့နယ်က ဗိုလ်သံမဏိ ကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံး ဘယ်လို အရေးယူဆောင်ရွက်နိုင်ခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။ သတင်းမီဒီယာတွေမှာ ဖေါ်ပြထား သလောက်ဆိုရင်တော့ ဗိုလ်သံမဏိ (လူဝတ်မလဲမီ သပြေအေးဆရာတော် အရှင်သောပါက) က တိုက်ရိုက်တာဝန်မရှိဘူးဆိုတဲ့ သဘောမျိုး ပြောဆိုခဲ့သလို အဲဒီအဖွဲ့က ခွဲထွက်သွားခဲ့သူတဦးဖြစ်တဲ့ ဦးစံကျော်လင်း ခေါ် ဆရာစံ ဆိုသူကို အပြစ်ပုံထားတဲ့ သဘောလည်း တွေ့ရတာ ဖြစ်ပါတယ်။ တချို့သော သတင်းတွေမှာတော့ ဗိုလ်သံမဏိအဖွဲ့မှာ တာဝန်ခံတဦးဖြစ်တဲ့ ဦးအောင်မြတ်သူ ခေါ်  ဦးအောင် ဆိုသူက CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်ရဲ့ သားမက်ဖြစ်တာကြောင့် အဆိုပါ အဖြစ်အပျက်က ထိရောက်စွာ အရေးမယူနိုင်တာမျိုးလားလို့ ယူဆစရာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီအဖြစ်အပျက်ပြီးနောက် ၂၀၂၂ ခုနှစ်ထဲ အလားတူ စစ်ကောင်စီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေအချင်းချင်းအကြား ဖမ်းဆီးမှု သတ်ဖြတ်မှုတွေ ရှိခဲ့ကြသလို အရပ်သားတွေအပေါ်  သတ်ဖြတ်မှုတွေလည်း ရှိခဲ့ပါတယ်။ 

ဆောနယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာလည်း ဒေသတွင်း စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေဘက်က အခြားသော လက်နက်ကိုင်အဖွဲ့နဲ့ အုပ်ချုပ်ရေး  နဲ့ PDF အဖွဲ့တွေက YDF ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ကြတဲ့ အထောက်အထားတွေ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ သို့ပေမဲ့ YDF ကို ဘယ်လို အရေးယူနိုင်သလဲ သို့မဟုတ် YDF က အဆိုပါအဖြစ်အပျက်နဲ့ ပတ်သက်လို့ ပြန်လည် ဖြေရှင်းမှုတွေ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား စတဲ့ နောက်ဆက်တွေ သတင်းတွေ ဘာမှ ထပ်မံမသိရှိကြရတော့ပါဘူး။ 

အလားတူ စစ်ကိုင်းတိုင်း၊  ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ မိန်းကလေးငယ်တွေ အပါအဝင် အသက်မပြည့်သေးတဲ့ လူငယ် ၅ ဦးနဲ့ အခြား ၂ ဦး စုစုပေါင်း ၇ ဦး ၄င်းတို့ ဇာတိမဟုတ်တဲ့ အခြားကျေးရွာတရွာမှာ ပလုံကောက်ကြရင်း သင်္ကာမကင်းဖြစ်ခံရပြီး ဖမ်းဆီးစစ်မေးကာ၊ အဓမ္မလည်းပြုကျင့်ခံရကာ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်လည်း ယမန်နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကိစ္စမှာ ပြည့်သူကာကွယ်ရေး အဖွဲ့ (ပကဖ) က ပါဝင်နေတာဖြစ်တယ်လို့ ဖော်ပြထားပြီး NUG အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ဆုံး ဘယ်လို အရေးယူ ဆောင်ရွက်သလဲဆိုတဲ့ သတင်းတော့ မကြားသိရပါဘူး။ 

အထက်က အဖြစ်အပျက်တွေထဲ မူဆယ်က PDSA အဖွဲ့က နုတ်ထွက်သွားသူတွေကို သွားရောက်ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့တော့ တာဝန်ရှိသူ ကျူးလွန်သူတွေကို ထောင်ဒဏ် အနှစ် ၂၀ အထိ အပြစ်ပေးခဲ့တယ်လို့ သတင်းတွေမှာ တွေ့ရှိရပါတယ်။ အခြားသော ဖြစ်ရပ်တွေ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့တော့ အပြစ်ပေးမှု အရေးယူမှုတွေရဲ့ သတင်းကို မကြားသိရတော့တဲ့သဘော ဖြစ်ပါတယ်။ အခုလို အပြစ်ရှိသူတွေကို အပြစ်ပေး အရေးမယူနိုင်ခြင်းဟာ ဘာကြောင့်လဲဆိုတာ အရေးတကြီး သုံးသပ်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

စစ်သည်တော် ကျင့်ဝတ်ရှိသော်လည်း အဖွဲ့အစည်း အချင်းချင်းအကြား ကျင့်သုံးရမယ့် လမ်းညွှန်ချက်တွေ မရှိတာလား၊ ရှင်းလင်း ပြတ်သားတဲ့ စည်းမျဥ်းစည်းကမ်းတွေ မချမှတ်နိုင်တာလား၊ အမိန့်ပေးစနစ်တခုအောက်မှာ မရှိတာကြောင့်လား၊ အခုလို အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ရင် အောက်ခြေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးမှာကြောင့်လား၊ သို့မဟုတ် ထိရောက်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း အပြစ်ပေး အရေးယူနိုင်တဲ့ ယန္တရားတွေ မရှိလို့လား စသဖြင့် လက်တွေ့ပြဿနာတွေ မေးခွန်းတွေလည်း ရှိကောင်းရှိနိုင်တာ ဖြစ်ပါတယ်။ 

အထက်က မေးခွန်းတွေ လိုအပ်ချက်တွေကို အမြန်ဆုံး အဖြေရှာ ဖြည့်ဆည်းဖို့ လိုအပ်သလို လက်တွေ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခြင်းဖြင့် နောက်ထပ် အလားတူ အဖြစ်အပျက်တွေ မဖြစ်ပေါ်အောင် တားဆီးနိုင်မှာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar