လင်းလက်နွေဦး - အံ့ဩကုန်နိုင်ဖွယ်
အံ့ဩကုန်နိုင်ဖွယ်
လင်းလက်နွေဦး
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၃
ကျနော့်ဖြင့် အံ့ဩကုန်နိုင်ဖွယ်... အံ့ဩကုန်နိုင်ဖွယ်လို့တောင် ရေရွတ်နေရပါတယ်။ ဘယ်လို အင်စတီကျု့မျိုးပါလိမ့်။ ပခုံးနှစ်ဘက်ကြား ဦးခေါင်းပေါက်လျက်၊ စဉ်းစားတွေးခေါ်တတ်တာ ‘လူ’လို့ ပြောကြ တယ်မဟုတ်လား။ ခုဟာက ခေါင်းတော့ ပါပါရဲ့၊ ဦးနှောက်ကို အမှိုက်ပုံထဲ ပစ်ထားခဲ့ရဲ့တဲ့၊ ‘လူ့အခွံ’။ အေးလေ ၊ အတွင်းအဆန်အနှစ်မရှိရင် အခွံပဲမဟုတ်လား။ ကွန်ပြူတာခေတ်၊ အိုင်တီခေတ်မှာ ခေတ်စားခဲ့တဲ့ ‘လူသား စက်ရုပ်’ ဆိုတာတွေကမှ တော်ပါလိမ့်ဦးမယ်။ အိမ်ပြန်ရမယ်ဆိုတာ သိသေးတယ်လေ။ သားမယားတွေ၊ လူကြီးမိဘတွေ၊ အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် သိတတ်သေးတယ်လေ။ လစာထုတ်ချိန် သူငယ်ချင်း အပေါင်း အသင်းတွေနဲ့ အချိန်ဖြုန်းတတ်သေးတယ်လေ။ ဒီကောင်တွေမှာတော့ ‘မာန်နတ်ချိစ်’ တမျိုးထဲ ထိုးထားတဲ့၊ စေတန်ပရိုဂရမ်တမျိုးထဲ ဆွဲထားတဲ့ ငရဲခွေးစက်ရုပ်တွေ ဖြစ်တယ်။
‘သူ့ကျွန်မခံပြီ’ဇာတ်ကားအမည်ကို စတေးတပ်တင်မိတော့၊ ဖေ့စ်ဘုတ်သူငယ်ချင်းတယောက် ပြန် မန့်တယ်၊ ‘သူ့ကျွန်လည်း မခံနဲ့ ငါ့ကျွန်လည်း မခံနဲ့’ တဲ့။ မှတ်မှတ်သားသား စကားလေးတခွန်းပေါ့။ တကယ်လည်း ဟုတ်နေတာကိုး။ ကျေးကျွန်ခေတ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကုန်ဆုံးခဲ့ပြီ။ အသက်ကနေ ဆံဖျားအထိ၊ ဆံဖျားကနေ ခြေဖျားအထိ ပိုင် ဆိုင်ပါတယ်ဆိုတဲ့ အာဏာရှင်ဘုရင်စနစ်၊ ပဒေသရာဇ်တို့ ဧကရာဇ်တို့ဆိုတာ ကန့် လန့်ကာ ချသွားပြီ။ လူတစ်ယောက်အဖြစ် မွေးဖွားလာရင် မွေးရာပါ လူ့အခွင့်အရေး တွေ လူတိုင်း ရရှိခံစားနိုင်ရပါမယ်။ ဒါကို ချမ်းသာတဲ့သူကပဲ ရသင့်တယ်၊ ပညာတတ်သူကပဲ ရသင့်တယ်၊ အသားဖြူသူကပဲ ရသင့်တယ်၊ ဘုရင် ဘုရင့်မျိုးနွယ် မှူးမတ် မှူးမတ်မျိုးနွယ်ကုန်သည် ကုန်သည်မျိုးနွယ် စတဲ့ အာဏာရှင်အသိုင်း အဝိုင်းကပဲ ရသင့်တယ်၊ စစ်ဗိုလ် စစ်ဗိုလ်နဲ့ နှီးနွယ်နေသူ စတဲ့ အာဏာရှင်နဲ့ လက်ဝေခံတွေသာ ရသင့်တယ် စသဖြင့် ခွဲခြားလက်ခံထားရမယ့်အရာ မဟုတ်ပါဘူး။
ခက်တာက ဒီမိုကရေစီအရင့်အမာကြီးလို့ ဆိုနိုင်တဲ့ အမေရိကမှာတောင် သမ္မတကြီးလင်ကွန်း ကိုယ်တိုင် ကြိုးစားဖြိုဖျက်ခဲ့တဲ့ အသားရောင်ခွဲခြားရေးဆိုတာကြီးက အငွေ့အသက်အဖြစ် ကျန်နေသေးတယ် မဟုတ်လား။ အစဉ်အဆက် အာဏာရှင်မျိုးဆက်တွေ၊ အစဉ်အဆက် ကျွန်မျိုးဆက်တွေမှာ မျိုးဗီဇတွေ ဘယ် လောက်များ ကျန်နေဦးမလဲနော်။
ဒါတွေကို ဘာလို့အမျှင်တန်း စဉ်းစားခန်းပေါ်လာရသလဲဆိုရင် မနေ့က သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ နေပြည်တော် လယ်ဝေးမှာ သင်ကြားရေးရဟတ်ယဉ် ပျက်ကျပြီး ပိုင်းလော့ဗိုလ်မှူးနဲ့ အမျိုးသမီး အရာရှိတဦး သေဆုံးခဲ့တဲ့ သတင်းပေါ့။ ဗိုလ်မှူးက ရာသီဥတုမကောင်းလို့ ရဟတ်ယဉ် ပျံသန်းဖို့ မသင့် ကြောင်း အထက်ကို တင်ပြခဲ့သတဲ့။ အထက်ကလည်း ‘ဝဲသာမကောင်း အသစ်လဲလိုက်ပေါ့ကွာ’ ဆိုတဲ့ အတန်းစားထဲကလား၊ ‘ရေပါတာပဲ လိုချင်တယ်’ ဆိုတဲ့ အတန်းစားထဲကလား သို့တည်းမဟုတ် အခု ခေတ်စားနေတဲ့ ဖရဲသီးအကြီးစား ကြီးလားမသိပါဘူး၊ မရ ရအောင် မောင်းခိုင်းတော့တာပဲ။ ဗိုလ်မှူးလုပ်တဲ့ သူကလည်း ‘သူ့ ဆန်စား ရဲမှ’ ဆိုပြီး ဦးနှောက်ကို အမှိုက်ပုံထဲ ပစ်ထားခဲ့တယ်။ အထက်အမိန့်ကို မသွေမတိမ်း နားထောင် ရမယ်လို့ ဗိုလ်သင်တန်းကတည်းက ရိုက်သွင်းခံထားရတယ် ထင်ပါတယ်။ ဗိုလ်မှူးဖြစ်နေတာ တောင် မလွန်ဆန်ရဲဘူး။
ဒါကြောင့် ကျနော့်ဖြင့် စီဒီအမ်လုပ်လာတဲ့ ရဲသားတွေ၊ စစ်သားတွေ၊ စစ်ဗိုလ်တွေကို သိပ်အထင်ကြီး တယ်။ တကယ်မလွယ်ကူတဲ့ အလုပ်ကြီး။ တခွန်းတလေ ခွန်းတုံ့ပြန်ဖို့တောင် မလွယ်တဲ့ ဘဝမျိုးတွေလေ။ တင်ပြတယ်ဆိုတာ ကေတီဗွီမှာ ကောင်မလေးတွေ ပြတဲ့ တင်ပဲ ရှိမယ် မဟုတ်လား။
အော်... ကေတီဗွီ ဆိုလို့၊ ပြောတဲ့သူကတော့ နာမည်နဲ့ ရာထူးနဲ့တကွ ပြောတာဗျ။ ကျနော်က အမှတ် သညာ မကောင်းတော့ သဘောလောက်ပဲ ပြောပြပါမယ်။ သူ့အမျိုးသမီးက စက်ရုံဝန်ထမ်း၊ သူက ဝန်ထမ်း အိမ်ရာရှေ့ လက်ဖက်ရည်ဆိုင် ဖွင့်ထားသတဲ့။ စက်ရုံမှူးက ဗိုလ်မှူး၊ လက်ထောက်က ဗိုလ်ကြီး၊ ဂန်းရှော့ထိထားလို့ ခြေ ထောက်တဘက်က ခြေတုတပ်ထားရတယ်။ တနေ့တော့ ခြေတုဗိုလ်ကြီးက မျက်နှာ အညိုအမည်းတွေနဲ့ ဆိုင်ရောက်လာပြီး ရင်ဖွင့်သတဲ့။ တနေ့ လစာထုတ်ရက် နေမှာပေါ့၊ စက်ရုံမှူးတွေ လက်ထောက်တွေ ကေတီဗွီ သွားကြတယ်။ အားလုံး မူးပြဲနေကြပြီ။ ဂန်းရှော့က စင်ပေါ်က စော်တပွေကို ပန်းကုံးသွားစွပ်တဲ့အခါ ဗိုလ်မှူးက သူ့ကျော်ရမလားဆိုပြီး ထိုးကြကြိတ်ကြသတဲ့။ အပြင်မှာ၊ ကာရာအိုကေမှာ တောင် အလှည့်ကျော်လို့မရတဲ့ ဘဝတွေကိုး။ သနားပါတယ်။
တနေ့ကလည်း မသင်းသင်းမော် လုပ်ပုံကြည့်အုံး။ စစ်သမီးတွေ စစ်သားမယားတွေကို စစ်သင်တန်းပေးရင် တူတူတန်တန် ပေးပေါ့။ သင်တန်းဆရာဆိုတာ အကင်းပါးပါတယ်။ ဘယ်သူက သွက်တယ်၊ ဘယ်သူက ထုံတယ်။ ဘယ်လောက်အထိ သင်ပေးသင့်တယ် စသဖြင့်ပေါ့။ ကျနော်လည်း သင်တန်းတွေ ပေးခဲ့ဖူး တာပဲ။ ဘယ်သူဘယ်ဝါက စာလိုက်နိုင်တယ်၊ လက်ခံနိုင်သေးတယ်။ ဘယ်နှယောက်တော့ တိုက်ပွဲကျနေပြီ (ငိုက်နေပြီ) ဆိုတာ မြင်နေရတာပဲလေ။ အဲအချိန်ဆို အရွှန်းလေး ဘာလေးဖောက်၊ သီချင်းတွေ ဘာတွေ ကောက်ဆိုရတာပဲ။ အထက်အရာရှိ မကလို့ တိုင်းမှူးကိုယ်တိုင် လာကြည့်နေလည်း ကိုယ့်ပွဲကိုယ် နိုင်အောင် ထိန်းရတာပဲလေ။ မဟုတ်ရင် အချိန်တွေ၊ ငွေတွေ အဟောသိကံ ဖြစ်ကုန်မယ် မဟုတ်လား။ နားနဲ့ နားထောင် ခိုင်းတယ်၊ မျက်စိနဲ့ လိုက်ကြည့်ခိုင်းတယ်၊ လက်တွေ့လိုက်လုပ်ခိုင်းတယ်၊ အကျင့်အဖြစ် စွဲသွားအောင် သင်ပေးလိုက်ရတာပဲ။ ကျနော်က ကျောင်းဆရာ သိပ်ဖြစ်ချင်တာ၊ ငတ်မှာကြောက်လို့ မလုပ်ခဲ့တာ။
မိန်းကလေးတွေလည်း လုပ်ဆောင်နိုင်တယ်၊ အထူးသဖြင့် စစ်ကောင်စီက စစ်သမီးတွေလည်း ပီဒီအက်ဖ်မိန်း ကလေးတွေနည်းတူ လုပ်ဆောင်နိုင်ပါတယ်ဆိုတာ ပြချင်လို့ထင်ပါရဲ့၊ ဒါမှမဟုတ် အထက် အမိန့်အရ ထင်ပါရရဲ့၊ လက်နက်ကြီးပစ်ခိုင်းလိုက်တာ၊ သူအပါအဝင် ဘေးက ဝိုင်းအားပေးနေတဲ့ စခတွေအကုန်တေကုန်ရော။ အယောက်(၄၀)လောက် ရှိသတဲ့။ သေချာချုပ်မထားတဲ့ မီးပုံပျံကို မီးစာတွေ အတင်းထိုး၊ မှိုင်းမဝခင် လွှတ်တင်လိုက်တာနဲ့ တူတယ်။ မပေါ်မတက်နိုင်ဘဲ၊ အောက်ပြုတ်ကျ၊ ဖျာတန်း မီးလောင်ကုန် တော့တာပဲ။
ပိုင်းလော့တယောက်ဖြစ်ပြီး ငြင်းပိုင်ခွင့် မရှိ၊ သင်တန်းဆရာတစ်ယောက်လုပ်ပြီး လွတ်လွတ်လပ်လပ် သင် ကြားပြသခွင့်မရှိတဲ့ ဘဝမျိုး၊ နေလည်း နေနိုင်တယ်နော်။
စစ်သားဖြစ်ပြီး တိုင်းပြည်ကာကွယ်ရမယ်ဆိုတာ မသိတဲ့ဘဝ၊ ရဲသားဖြစ်ပြီး ပြည်သူကို ကာကွယ် ရမယ်ဆိုတာ မသိတဲ့ဘဝအတော်ဆိုးတယ်။ သိပေမယ့် စောဒက မတက်ရဲတဲ့ဘဝမျိုးက ပိုဆိုးတာပေါ့။ ကိုယ့်မိဘ ကိုယ့်ဆွေမျိုး ကိုယ့်ရပ်ရွာတောင် မကာကွယ်နိုင်ကြတဲ့ဘဝတွေလေ။
လူဖြစ်ပြီး လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိတဲ့သူတွေကို အံ့ဩမိတယ်။ ဘာမှန်းမသိတော့ ရသင့် ရထိုက်တာကို မလိုချင်ဘူးပေါ့။ အဲ၊ လူ့အခွင့်အရေးတွေကို ဂဃနဏသိပေမယ့် တောင်းယူရမှန်းမသိတဲ့ သူတွေကို ပိုအံ့ ဩမိပြန်တယ်။ တောင်းယူလို့မရတော့တဲ့အချိန်၊ တိုက်ယူရမှန်း မသိသေးတဲ့သူတွေကို ပိုလို့ တောင် အံ့ဩမိသေးတယ်။ တိုက်ယူရမယ့်အချိန်မှာ၊ ‘သူ ပေးသလောက်ပေါ့၊ ကိုယ့်ကံပေါ့’ လုပ်နေတဲ့သူတွေ၊ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေသူတွေ၊ ဆီပုလင်း ခါးထိုးထားသူတွေ ရှိနေသေးတယ်နော်။ အဲဒါကြောင့် ဗမာပြည် မှာ လူဖြစ်ရတာ၊ ‘အံ့ဩကုန်နိုင်ဖွယ်’တောင် မဆုံးနိုင်တော့ဘူး။
အံ့ဩကုန်နိုင်ဖွယ်... အံ့ဩကုန်နိုင်ဖွယ် မရှိပါတကား။
(ဒီနေ့တော့ လှလှပပလေး အဆုံးသတ်နိုင်တယ်၊ ဒုန်း ဒုန်း ဒက် ဒက်တွေ မလာသေးဘူးလေ။)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar