Breaking News

လင်းလက်နွေဦး - စစ်တပ်ကျေးဇူး အထူးထူး

Image- Credit
စစ်တပ်ကျေးဇူး အထူးထူး
လင်းလက်နွေဦး
(မိုးမခ) ဇွန် ၆၊ ၂၀၂၃

အောင်မယ်၊ ခင်ဗျားတို့ မသိလို့ဗျ။ အခြေတည်တုန်းက ကောင်းမှုတော်ဘုရားကြီးလောက် ရှိတယ်။ ဘီအိုင်အေ၊ ဘီဒီအေသမိုင်းတွေ ဘာတွေ ဟိုက ဒီကစု။ ဗမာ့လွတ်လပ်‌ရေးတပ်မတော်ရဲ့အခြေခံမူတွေ ဘာတွေတောင် ချရေးပြီးပြီ။ တစ်မျက်နှာတင်းတင်းပြည့်ပြီးမှစဉ်းစားခန်း‌ ရောက်လာတယ်၊ ငါက သမိုင်း ပညာရှင်လည်းမဟုတ်။ သမိုင်းအထောက်အထားလည်း ဟုတ်တိပတ်တိ မရှာဖွေနိုင်။ အင်တာနက်ပေါ်က ဟိုတစ်စ ဒီတစ်စ လိုက်စုထားတာတော့ မဟုတ်သေးဘူးပေါ့။ AI ခေတ်ကြီးထဲမှာ မအလတတွေ အဘက်ဘက်ကချွတ် ခြုံကျအောင် ဘယ်လိုပဲကြိုးစားလုပ်ဆောင် နေပါစေ၊ မီးလာတဲ့အခါ လိုင်းဖွင့်ပြီး ကြိုက်တာရှာကြည့်နိုင်သေးတာပဲလို့ သဘောပါပြီးသကာလ၊ အထက်ပါစာမူအချက်အလက်တွေကို ဖျက်ချပစ်လိုက်ပါတယ်။ ဒါကြောင့်၊ ခင်ဗျားတို့တတွေ ကျေးဇူးတင်တတ်ရင် အကျွFနုပ်ကို ကျေးဇူးတင်သင့်ပါ ကြောင်း။

မိရိုးဖလာဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးပီပီ အာဏာသိမ်း မအလစောက်တပ်ကို ကျေးဇူးတင်နေမိပါ တယ်။ ပေါ့စတစ်သင့်ကီးဆိုတာ အသက်ရှည် စိတ်ချမ်းသာတယ်လို့ အဆိုရှိတာကိုး။ တစ်နေ့က အလုပ်မရှိ အကိုင်မရှိ သရက်ပင်ခြေရင်း ထန်းပလက်ခုံလေးခင်းပြီး အပူရှောင်နေမိတယ်။ စာအုပ်လေးဖတ်သလိုလို စာလေး ရေးသလိုလို အလုပ်ရှုပ်ချင်ယောင် ဆောင်နေတာပေါ့။ ကြည့်စမ်း၊ ငါ့ အရင်တုန်းကများ ဒီလို အေးအေး ဆေးဆေး ဘယ်မှာ ငတ်နေနိုင်မလဲ။ မနက် အိပ်ရာထ ပျာယိပျာယာ၊ ထမင်းအပြေးအလွှားစား ရုံးကို ချီတက်၊ ဘယ်သူလာလာ မလာလာ အင်္ကျီစတစ်ကော်လာ အဖြူကြီးနဲ့ ငုတ်တုတ်ကြီး။ အစည်းအဝေး တက်ရ မယ့်ဆို ပိုဆိုး၊ နာရီအလန်းတွေဘာတွေနဲ့ နှိုးစက်တင်ထားရတာ။ တစ်နေ့ကုန် နားမုဒိမ်း အကျင့်ခံနိုင်ဖို့ ငရဲခံနိုင်ဖို့ ရေထချိုးပြီး တန်းပြေး၊ လမ်းမှာ တွေ့တဲ့ လက်ဖက်ရည်ဆိုင်မှာ ဗိုက်ဖြည့်၊ ရေသန့်တစ်ဗူး ဝယ် (မြို့နယ်ရုံးက ရေတောင်မတိုက်ဘူးလေ)၊ အစည်းအဝေးခန်းထဲ လူကြီး အရင်ရောက်အောင် ပြေးရတာ။ ဘိုးတော်သာ အရင်ရောက်ကြည့်၊ ဘဲကြီးတံခါးပိတ်ခိုင်းထားတာ၊ ပြီးတော့ လူရှေ့သူရှေ့ အသားကုန် ဖြဲတော့တာပဲ။ ဘိုးတော်က အတော် နောက်ကျပြီး ရောက်လာရင်တော့ အခန်းထဲက သူ့လက်အောက် ဝန်ထမ်းတွေ အကုန် အဖြဲခံရပြီမှတ်။ သူ့ဘက် ပတ်မလာအောင် ကြိုဖြဲထားတာလေ။

ဟော၊ မအလက မအူမလည်နဲ့ အာဏာတက်သိမ်းတော့ ကျနော်တို့ဖြင့် ‘အဟောသုခံ ချမ်းသာလေစွ’ လို့တောင် ဥဒါန်းကြူးမိပါတယ်။ ဒင်းတို့တတွေ တိုင်းပြည်တွင်းက ပုပုရွရွမှန်သမျှကို ဒုက္ခပေးနေပေမယ့် တစ်နေ့စာ တစ်နေ့ရှာနိုင်ရင်ကိုပဲ မြန်မာပြည်မှာ ထမင်းငတ်သေတဲ့ မသာ မရှိသေးပါဘူးကွာဆိုတဲ့ အတွေးမှို တက်နေတဲ့ ကျနော့်ကိုတော့ ဒုက္ခမပေးနိုင်ပါကလားလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေပါသေးတယ်။ ဒီဘက်ရွာထဲ ဝင်မွှေနေပြီဆိုရင် လက်ပတော့ထည့်ထားတဲ့ ကျောပိုးအိတ်လေးကို ခပ်တည်တည် လွယ်တဲ့ပြီး ဟိုဘက်ရွာ ပြေးတော့တာပဲ။ အရင်က မသိခဲ့အကျွမ်းမဝင်ခဲ့တဲ့ဆွေမျိုးတွေနဲ့တောင် ချစ်ကြည်ကျွမ်းဝင်ခွင့် ရခဲ့ပါပြီ။ ဒါကြောင့် မအလ ကျေးဇူး ယီးတောင်မမေ့ဘူးလို့ မှတ်တမ်းတင်ချင်ပါတယ်။ ဒါက ဒုတိယကျေးဇူး ရှိသွားပြီးနော်။ မရောက်ဘူးသော ဆွေမျိုးတို့ဆီ အလည်ရောက်နိုင်ခြင်းပေါ့။

သူငယ်ချင်းတယောက်က ‘ဂျင်း’ ထည့်ခဲ့ဖူးတယ်။ သူ့ကိုလည်း ဘယ်သူက မှိုင်းတိုက်ထားလဲ မသိပါဘူး။ ဘာတဲ့၊ ‘ချစ်တဲ့သူတွေကို ကျေးဇူးတင်ရမယ်၊ ဘာလို့လဲဆိုတော့ ကြည်နှူးချမ်းမြေ့မှုကို ရရှိနိုင်လို့’၊ ‘မချစ်တဲ့သူတွေကို ကျေးဇူးတင်ရမယ်၊ ဘာလို့လဲဆိုတော့ ကိုယ့်အားကိုယ် ကိုးစေလို့’၊ ‘ကိုယ့်အပေါ် မလို မုန်းထားရှိတဲ့သူတွေကိုလည်း ကျေးဇူးတင်ရမယ်၊ ဘာလို့လဲဆိုတော့ သတိဝီရိယပိုစေလို့’ပါတဲ့။ မုန်းနေတဲ့သူဆိုတာ ချောက် တွန်းဖို့ပဲ အမြဲတွေးနေတာပဲ မဟုတ်လား။ ကိုယ်သတိလစ်တာနဲ့ ဟိုက ဆော်သွားမှာလေ။ တနေ့က မြင်းခြံသံမဏိစက်ရုံကို ဟိုကောင် ‘မအလလာသွားတုန်းက အစောင့်အကြပ်တွေ တင်းပြည့် ကျပ်ပြည့်ကြားထဲက တောင် ဒရုန်းစာမိသွားသေးတယ်မဟုတ်လား။ အဲတော့ မအလတောင် ပြန်သနားမိတယ်။ သူ့ခမျာ ‘ကြိုးစားအားထုတ်မှု ကောင်း၊ ရလာဒ် ညံ’ ဆိုတဲ့ ခပ်တုံးတုံး ကျောင်းသားတယောက်လိုပဲ။

သူ့ကျေးဇူးနဲ့ ကျနော်မှာတော့ အနှစ်တစ်ထောင် သိုင်းသမားတယောက်လို သတိတရားကို လက်ကိုင်ထားနိုင်ခဲ့ပြီ။ မြတ်ဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးအထိ အကြိမ်ပေါင်းများစွာဟောကြားခဲ့တဲ့ အပ္ပမာဒတရားကို ဒီနှစ်တွေမှာ ကျင့်သုံးနိုင်ခဲ့ပြီ။ ခြေလျင်သွားတယ်နော်၊ မျက်နှာချင်းဆိုင်က လူတွေကို အကဲ ခတ်မိတယ်။ ဒီလူတွေ ဘာထူးခြားနေလဲ သတိနဲ့ကြည့်။ လမ်းဘေးအိမ်ထဲက လူတွေ ဘာတွေပြောနေသလဲ သတိနဲ့နားထောင်။ ရှေ့ကို မျှော်နိုင်သလောက် မျှော်ကြည့်၊ ဘာတွေ ရှိလဲ။ ဟိုကောင်တွေ ဖွတ်ကလိဒင်္ဂါး တအားရှာဖွေတဲ့အထဲ သူတို့ဂွင်ထဲ ရောက်မသွားလို့ လိုတယ်နော်။ ထိမိကိုင်မိနင်းမိတာနဲ့ နံတဲ့ ခွေးချေးတွေ လေ။ တကယ်တော့ အိမ့်အပြင်မထွက်ခင်ကတည်းက သတိထားလုပ်ဆောင်ရတွေ ရှိတယ်ဗျ။ လိုင်းသုံးဖုန်းကို အိမ်မှာ သိမ်းထား၊ အပြင်သုံးဖုန်း အအိုအဟောင်းလေးကို ဟန်မပျက်ယူသွားရတာ။ ဖုန်းမှားပါသွားလို့ ကတော့ ဘုရားတပေတော့။ တလမ်းလုံး ဘုရားတလွန်းလို့၊ ဗုဒ္ဓံနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပြီးသား ဖြစ်နေပါတယ်။ ဘာမှမသိတဲ့အသိတယောက် ဖုန်းအစစ်ခံရတော့ ဘာမှမတွေ့ဘူးပေါ့၊ ဒါပေမယ့် သကောင့်သား တွေက 2 D အက်ပလီကေးရှင်းတွေ့လို့ဆိုပြီး ငွေသုံးသောင်း ဒဏ်ရိုက်လိုက်သတဲ့။

ဆိုင်ကယ်နဲ့ ကားနဲ့ အပြင်ထွက်မိရင်လည်း ဟိုးရှေ့ လမ်းဆုံလမ်းခွ မရောက်ခင်ကတည်းက ထောက် လှန်းနေရတာရယ်။ အိမ်စီးကားတွေ သိပ်မစစ်ပေမယ့်၊ ဆိုင်ကယ်နဲ့ဆိုရင် မအလတွေက အသေကြောက်ကြ တာလေ။ ဂိတ်ရှေ့မရောက်ခင် ဆိုင်ကယ်ပေါ်က ဆင်းတွန်းခိုင်း၊ ဂိတ်ရှေ့ရောက်ရင် အကုန် လှန်လှောရှာ၊ လူကို သေချာကြည့်၊ အိတ်တွေထဲ မွှေနှောက်ကြည့်၊ အတော်လေးသေချာပြီဆိုမှ လွှတ်ပေးတာ။ သူတို့လည်း လွှတ်ပေးလိုက်ရော၊ ဘယ်ကဒရုန်းတွေက ဘယ်လိုရောက်လာမှန်းမသိဘဲ အီနာဂါအကျွေးခံနေရရှာတယ်။ သူတို့လည်း သနား စရာပဲ၊ မြတ်စွာဘုရားဟောထားတဲ့ တရားတပုဒ်နဲ့ ကိုက်ညီနေတယ်၊ ဘယ်နေ့ ဘယ် အချိန် ဘယ်နေရာမှာ ဘာနဲ့သေရမယ် ဘယ်သူမှ မသိနိုင်ပေ ဆိုတာလေ။ ဒရုန်းဖျက် ဘန်ပါတွေ အလုပ်မဖြစ် ဘူး ထင်ပါရဲ့။ တနေ့က ဒရုန်းတွေ့လို့ဆိုပြီး အိပ်ချင်မူးတူးနဲ့ လိုက်ပစ်ကြတာ၊ ရဲစခန်းထဲ ကမ္ဘာပျက်နေတဲ့ အတိုင်းပဲ။ မအလကျေးဇူးနဲ့ ညဘက် သူခိုးပူမှာ မကြောက်ရတော့ဘူး။ ဒါက စတုတ္ထကျေးဇူးပေါ့လေ။

သူခိုးက ညဘက်မပူပေမယ့် နေ့ဘက်တော့ ပူရတယ်။ ဟာသတပုဒ်လိုပေါ့၊ ‘သူခိုးက ရဲမှ ရဲ၊ ဓမြကလည်း စစ်မှ စစ်ဟေ့’လို့ဆိုရပါမယ်။ လူမရှိတဲ့အိမ်ဆိုရင် နေ့ခင်းကြောင်တောင် အဖွဲ့လိုက်ကြီး အိမ်ထဲ ဝင်ခိုးတာတို့၊ သူဌေးအိမ်တွေဆိုရင် ဓမြဝင်တိုက် အနုကြီးဝင်စီးတာတို့ မကြားချင် မမြင်ချင် အဆုံးမဟုတ် လား။ ဒါကြောင့် ပဉ္စမမြောက် ကျေးဇူးတရားကတော့ ကျောသားရင်သားမခွဲခြားတာပါပဲ။ ဘယ်အစိုးရမှမလုပ်နိုင်တဲ့အလုပ်မျိုးတွေကို ထူးထူးချွန်ချွန် ထမ်းဆောင်နေတဲ့မအလပေါ့ဗျာ။ ဆင်းရဲသားတွေက မြင့်မားလှတဲ့ကုန်ဈေးနှုန်းဒဏ်ကြောင့် ငတ်ငတ်ပြတ်ပြတ် နေရသလို သူဌေးတွေကလည်း အလုအယက်ခံရမှာ စိုးလို့ ဆင်းရဲချင်ယောင်ဆောင်ပြီး ငတ်ငတ်ပြတ်ပြတ် နေနေရပါတယ်။ ကဲ ဘာထူးလဲ။ မရှိ ဒုက္ခ၊ ရှိ ဒုက္ခ။

ဒီလောက်နဲ့ပဲ ခဏနားဦးမယ်။  အဲကောင်တွေ စည်တော်ကြီးနဲ့ဗျောတီးခံရပြီးထင်တယ်။ 

 လင်းလက်နွေဦး
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar