Breaking News

သတင်းမီဒီယာ လွတ်လပ်ဖို့နဲ့ အဆင့်အတန်းမြင့်ဖို့ ဒီမိုကရေစီအတွက် အရေးပါ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၉ မြင်ကွင်း

(မိုးမခ) ဇွန် ၁၀၊ ၂၀၂၃


သတင်းမီဒီယာ လွတ်လပ်ဖို့နဲ့ အဆင့်အတန်းမြင့်ဖို့ ဒီမိုကရေစီအတွက် အရေးပါ 

နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ရှင်သန်ဖို့အတွက်  အာဏာရှိသူ၊ လက်နက်ရှိသူ၊ ငွေကြေးအင်အားကြီးသူတွေကို စောင့်ကြည့် ဝေဖန်ထောက်ပြတဲ့ အလုပ်တာဝန်က သတင်းမီဒီယာရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီလို ဝေဖန်ထောက်ပြခွင့် ရှိဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်ရှိဖို့ လိုအပ်ပါတယ်။  ဒီမိုကရေစီကို ထူထောင်ဖို့ ၊ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သတင်းမီဒီယာ လွတ်လပ်ခွင့်က မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်ကာလ သမိုင်းကိုကြည့်လိုက်ရင် သတင်းမီဒီယာ လွတ်လပ်ခွင့် အမြင့်ဆုံးကာလတွေက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကာလကနေ စစ်အာဏာမသိမ်းခင် ၁၉၆၂ အထိ လို့ဆိုနိုင်ပါတယ်။ အဲဒီကာလအတွင်းမှာပင်လျှင် ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ အထိ အိမ်စောင့်အစိုးရ လက်ထက်မှာ အကန့်အသတ်တွေ ရှိခဲ့ကောင်းရှိခဲ့နိုင်ပါတယ်။ အဲဒီနောက် တော်လှန်ရေး ကောင်စီလို့ အမည်ပေးထားတဲ့ ၆၂ ကနေ ၇၀ ခုနှစ်ကျော်ထိ၊ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီခေတ်မှာတော့ ဖဆပလခေတ်က ရရှိခဲ့တဲ့ သတင်းလွတ်လပ်ခွင့်အခွင့်အရေးတွေ အားလုံးဖျက်သိမ်းခံရပြီး ပုဂ္ဂလိက သတင်းမီဒီယာ၊ လွတ်လပ်တဲ့ သတင်းမီဒီယာ မရှိသလောက်လို့ဆိုရအောင် ပြည်ပအခြေစိုက် အသံလွှင့်ဌာနအချို့သာရှိခဲ့တဲ့ ကာလဖြစ်ပါတယ်။ ၈၈ အရေးအခင်းဖြစ်ပွားတဲ့ ကာလ ၁ လကျော်မှာ ပုဂ္ဂလိက သတင်းမီဒီယာတွေ ပြန်လည် ထွက်ပေါ်ဖို့ကြိုးစားခဲ့ကြပြီး စစ်အာဏာသိမ်းမှုအပြီးမှာတော့ ပြန်လည်ပျောက်ကွယ်အောင် ပိုမိုတင်းကြပ်တဲ့ ဥပဒေ၊ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပြဋ္ဌာန်းခဲ့တာကြောင့် ၂၀၁၂ ခုနှစ် ကုန်ခါနီးထိ လွတ်လပ်တဲ့ သတင်းမီဒီယာက ပြည်တွင်းမှာ မရှိခဲ့ဘူးလို့ ဆိုရလောက်အောင် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲအပြီးထိကာလကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလို့ နောက်ပိုင်းမှာ ခေါ်ဆိုကြတဲ့ ကာလမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ စတင်ဖွံ့ဖြိုးလာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၀၀ ခုနှစ်ဝန်းကျင်က စလို့ သတင်းဂျာနယ်ခေတ်တွေ တခေတ်ဆန်းခဲ့ကြပေမယ့် ၂၀၁၂ ခုနှစ်မှာ ဖျက်သိမ်းလိုက်တဲ့ စာပေစိစစ်ရေးကို တင်ပြပြီး ထုတ်ဝေကြတဲ့ခေတ်မို့လို့ သတင်းလွတ်လပ်ခွင့်ရှိတဲ့ ကာလလို့ ပြောလို့မရတဲ့ ကာလဖြစ်ပါတယ်။ 

ဒီနေ့ အင်တာနက်ခေတ်မှာတော့ အာဏာရှင်တွေအဖို့ အင်တာနက် သတင်းမီဒီယာ ပလက်ဖောင်းကို ထိန်းချုပ်ဖို့ ခက်ခဲလာပြီး အင်တာနက်ပိတ်ချလိုက်တာ၊ အာဏာရှင်ကိုဆန့််ကျင်ရေးသားတဲ့ သတင်းမီဒီယာ သမားတွေကို ဖမ်းဆီးထောင်ချတဲ့ နည်းလမ်းတွေနဲ့ ထိန်းချုပ်တဲ့ ယနေ့ကာလကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ ပလက်ဖောင်းက အင်တာနက်ပလက်ဖောင်းဖြစ်လို့ အင်တာနက် ဖြတ်တောက်တာကလွဲရင် စစ်အာဏာရှင်တွေ မကန့်သတ် မပိတ်ပင်နိုင်တဲ့အနေအထား သို့ပေမယ့် သတင်းရယူခွင့် လိုမျိုးမှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကာလဖြစ်ပါတယ်။ 

သတင်းမီဒီယာရဲ့ လွတ်လပ် အမှီအခိုကင်းမှုဆိုတာ ဘာနောက်ခံအချက်အလက်မှ မပါဘဲ သီးခြားထီးထီးချည်း မဟုတ်ဘူးဆိုတဲ့ စောဒက၊ ဆန့်ကျင်ဘက်မေးခွန်းလည်း ရှိနိုင်ပါတယ်။ မှန်ပါတယ် သတင်းမီဒီယာရဲ့ လွတ်လပ်မှုဆိုတာ နောက်ခံရည်မှန်းချက် ပန်းတိုင်တခုနဲ့တွဲနေတာ သဘာဝဖြစ်ပါတယ်။ ဒီနေရာမှာဆိုလိုချင်တဲ့ လွတ်လပ်မှုဟာ အာဏာမဲ့သူ၊ လက်နက်မဲ့သူ၊ ငွေအင်အားနဲ့ တပါးသူကို အနိုင်ယူနိုင်တဲ့ စီးပွားရေးအာဏာမဲ့သူတွေ အတွက်ရပ်တည်စဥ်းစားပေးတဲ့ တရားမျှတမှုနဲ့ လူ့အခွင့်အရေး၊ တန်းတူအခွင့်အရေး နောက်ခံနဲ့ ဆက်စပ်တဲ့ လွတ်လပ်မှုကိုဆိုလိုတာလို့ ပြောရမှာ ဖြစ်ပါတယ်။

နောက်တဖက်မှာလည်း သတင်းမီဒီယာရဲ့ ရပ်တည်မှု တနည်း ပြောရရင် ငွေကြေးကုန်ကျမှုက ဘယ်သူ့ကိုမှီခိုနေရသလဲဆိုတဲ့အချက်ကြောင့်လည်း မလွတ်လပ်တာမျိုး ဖြစ်နိုင်ပါသေးတယ်။ အကယ်၍ သတင်းမီဒီယာ တခုခုဟာ နိုင်ငံရေးပါတီပိုင်မဟုတ်၊ လက်နက်ကိုင်အဖွဲ့အစည်းပိုင်မဟုတ်၊ အာဏာရယူထားတဲ့ အစိုးရမဟုတ်၊ စီးပွားရေး လုပ်ငန်းကြီးအဖွဲ့တခုခုရဲ့ ပိုင်ဆိုင်တဲ့ အဖွဲ့ မဟုတ်သည့်တိုင် အဖွဲ့အစည်းတခုခုကို မှီခိုရပ်တည်နေရတာမျိုးဆိုရင် အဲဒီအဖွဲ့အစည်းရဲ့ အကျိုးစီးပွားက ဘာလဲဆိုတာတွေကို အများသိအောင် ထုတ်ဖေါ်ပြောဆိုထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီပေါ်ထွန်းမှု၊ ဒီမိုကရေစီကို ခိုင်မာအောင်ထိန်းသိမ်းမှုတို့က အပြန်အလှန် အမှီပြုနေကြတာဖြစ်ပါတယ်။ ဒီမိုကရေစီရှိမှ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိမှာဖြစ်သလို သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိမှ ဒီမိုကရေစီ ပေါ်ထွန်း ခိုင်မာနိုင်မှာဖြစ်ပါတယ်။ 

တဖက်မှာလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိရုံမျှနဲ့ မပြီးသေးဘဲ သတင်းမီဒီယာက အဆင့်အတန်းမှီဖို့ အရည်အသွေး ရှိဖို့လည်း လိုအပ်တာဖြစ်ပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်အတိုင်းအတာတခုအထိ ရှိနေသော်လည်း သတင်းမီဒီယာရဲ့ အရည်အချင်းက မမြင့်မားတဲ့အခါမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းကုမ္ပဏီကြီးတွေရဲ့ အသုံးချခံ၊ နောက်လိုက်၊ အလုပ်အကျွေးပြုတဲ့ သတင်းမီဒီယာမျိုးက များပြားနေပြီး အသံမဲ့သူတွေရဲ့  အသံ၊ လူ့အခွင့်အရေး၊ လက်နက်၊ အာဏာ၊ ငွေ အင်အားကြီးသူတွေကို စိန်ခေါ်နိုင်တဲ့ ဝေဖန်ထောက်ပြနိုင်တဲ့ အနေအထားမျိုးမရှိခဲ့ရင်လည်း လူ့အဖွဲ့အစည်းအတွက် အကျိုးမများနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

သတင်းမီဒီယာ အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အာဏာရှိသူတွေကို တာဝန်ခံမှုရှိလာအောင် ထောက်ပြနိုင်ဖို့ သတင်းမီဒီယာ ကိုယ်တိုင်က ဒီဖြစ်စဥ်တွေ ဖြစ်ရပ်တွေ နောက်ခံအဖြစ်အပျက်တွေ၊ အတိတ်က သမိုင်းသင်ခန်းစာတွေကို နားလည်ဖို့လိုအပ်ပါတယ်။ သတင်းမီဒီယာက နိုင်ငံရေး၊ လက်နက်ကိုင်အဖွဲ့၊ စီးပွားရေး လုပ်ငန်းကြီးတွေ၊ အစွန်းရောက်တဲ့ အမျိုးသားရေး ဝါဒတွေ၊ လူမျိုးကြီးဝါဒတွေ ရဲ့ အစွဲတွေကနေ မလွတ်မြောက်နိုင်တဲ့အခါမျိုးမှာလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အကျိုးရှိရှိ အသုံးမချနိုင်တာမျိုး ကြုံရနိုင်ပါသေးတယ်။ ဒီလို သတင်းမီဒီယာက သတင်းအတတ်ပညာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ၊ သတင်းမီဒီယာ သမားတွေရှိရမယ့် ဝမ်းစာအခြေခံ အသိပညာ၊ အတတ်ပညာတွေ မတတ်ကျွမ်းခဲ့ရင် အဖွဲ့အစည်းတခုခု ဘက်တခုခုရဲ့ အသုံးချခံအဖြစ် အသုံးတော်ခံတာ၊ မသိဘဲနဲ့ အသုံးတော်ခံဘဝ ရောက်ရတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ 

ဒါကြောင့် ဒီနေ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်အမှီအခိုကင်းတဲ့ သတင်းမီဒီယာလို့ ဆိုလိုက်ရင် အထက်က ပြောတဲ့ စံနှုန်းတွေ တိုင်းတာဆန်းစစ်ကြည့်ရမယ့် အချက်တွေနဲ့ တိုက်ဆိုင်ဆန်းစစ်ပြီး လွတ်လပ်တယ်ဆိုတဲ့ သတင်းမီဒီယာ တကယ်ပဲ လွတ်လပ်ရဲ့လား ဘယ်လောက် အတိုင်းအတာ၊ အနေအထားလွတ်လပ်သလဲ ဆိုတာကို ခန့်မှန်းနိုင်မှာဖြစ်ပြီး သတင်းမီဒီယာက ဘယ်လောက်အရည်အချင်းရှိနေသလဲဆိုတာကိုလည်း မျက်မှောက်ဖြစ်စဥ်တွေကို ဘယ်လောက်ထိ ထဲထဲဝင်ဝင် ဆန်းစစ်တင်ပြနိုင်သလဲ လွတ်လပ်စွာစဥ်းစား ဝေဖန်တင်ပြနိုင်သလဲဆိုတာ အကဲဖြတ်နိုင်မယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar