Breaking News

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၅)

အစည်းအဝေးမစခင် ညစာစားပွဲမှာ လက်ဆွဲနှုတ်ဆက်နေကြတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး။

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၅)

(မိုးမခ) ဇွန် ၁၁ ၊ ၂၀၂၃


အာရှလုံခြုံရေးအစည်းအဝေး (Shangri La Dialogue)

စင်ကာပူက ရှန်ဂရီလာ ဟိုတယ်မှာ ၂၀၀၂ ခုနှစ်ကစလို့ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ အာရှလုံခြုံရေးအစည်းအဝေးကို ဒီနှစ် ဇွန်လ (၂-၄) ရက်အတွင်း ကျင်းပခဲ့ပါတယ်။ ကြီးမှူးကျင်းပပေးတဲ့အဖွဲ့ကတော့ လန်ဒန် အခြေစိုက်(International Institude for Strategic Studies.IISS) ပါ။

အာရှလုံခြုံရေးအစည်းအဝေးလို့ ဆိုပေမယ့် အဓိကကတော့ အမေရိကန် နဲ့ တရုတ် ဆက်ဆံရေးကသာ လွှမ်းမိုးနေတတ်တာပါ။ ဒီနှစ်လည်း ဒီပုံစံပါပဲ။

အစည်းအဝေးမစခင်ကတည်းက သတင်းမျိုးစုံနဲ့ အနောက်မီဒီယာတွေက အာဘော်တွေအမျိုးမျိုးဖန်တီးနေတာပါ။ တရုတ်အန္တရာယ် (China Threat.) ဆိုတာကိုပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက တွေ့ပါရစေလို့ ကမ်းလှမ်းတာကို တရုတ်ဘက်က ငြင်းတယ်။ဒါကြောင့် တရုတ်ဟာ စေ့စပ်ချင်စိတ်မရှိဘူး- တို့။

အမေရိကန် ကင်းထောက်လေယာဉ်ကို တရုတ် တိုက်လေယာဉ်က ၀င်တိုက်ဖို့ လုပ်တယ်။ တရုတ်က ရန်လိုနေတယ်-တို့…စသဖြင့်။

ဒီအစည်းအဝေးကို နိုင်ငံပေါင်း ၄၀ ကျော်က ကာကွယ်ရေးဌာနဆိုင်ရာအရာရှိကြီးတွေ၊ သံတမန်တွေ၊ လက်နက်ကုမ္ပဏီက လူတွေ၊ စစ်ဘက်ဆိုင်ရာ သုတေသနအဖွဲ့ဝင်တွေနဲ့ ကျွမ်းကျင်သူတွေ၊သတင်းသမားတွေ၊ စသဖြင့် တက်ရောက်သူပေါင်း ၆၀၀ ကျော်ရှိပါတယ်။ ဒီအထဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်လျွိုက်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှဲန်ဖူတို့လည်း ပါဝင်ပြီးအစည်းအဝေးတခုလုံးမှာ လူအများ စိတ်ဝင်စားခြင်းအခံရဆုံးလူများလည်း ဖြစ်ပါတယ်။

အစည်းအဝေးမှာ အဲဒီကာကွယ်ရေးဝန်ကြီး နှစ်ဦးလုံး မိမိတို့နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာပေါ်လစီများကို ရောင်ပြန်ဟပ်တဲ့ မိန့်ခွန်းများ ပေးကြပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက ၃ ရက်နေ့မှာ 'အင်ဒို-ပစိဖိတ် ဒေသတွင်း အမေရိကန်ရဲ့ခေါင်းဆောင်မှု'ဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းပေးရာမှာ ထည့်ပြောတဲ့အချက်တွေက—

- တရုတ်ပြည်နဲ့ ကာကွယ်ရေးနဲ့ စစ်ဖက်ဆိုင်ရာ ပြဿနာများမှာ အဆက်အသွယ် ပြတ်တောက်နေမှုများဟာ အန္တရာယ်ကြီးတယ်။

- တောင်တရုတ်ပင်လယ်တွင်းက အနိုင်ကျင့်မှုများကို ခုခံနေတဲ့ ကျွန်တော်တို့ မိတ်ဆွေများကိုပြတ်ပြတ်သားသား ထောက်ခံသွားပါ့မယ်။

- ထိုင်ဝမ်ရေလက်ကြားက နိုင်ငံတကာ့ ရေပြင်ရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို အထူးစောင့်ရှောက်သွားပါ့မယ် ဆိုတာတွေ ပါပါတယ်။

မိန့်ခွန်းပြောအပြီး အမေးအဖြေခန်းမှာ တရုတ်စစ်ဗိုလ်တယောက်က ဒီလိုမေးပါတယ်။

"ဒီမိန့်ခွန်းမှာ အာရှ-ပစိဖိတ်ဒေသမှာ အာစီယံရဲ့ ဗဟို အချက်အချာ အခန်း (centrality)ကိုအသိအမှတ်ပြုကြောင်း ပြောခဲ့ပေမယ့် တဖက်ကလည်း အုပ်စုဖွဲ့တဲ့အလုပ်တွေ  ဖြစ်တဲ့Quad(အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတျေးလျ-၄နိုင်ငံအဖွဲ့)နဲ့ AUKUS (သြစတျေးလျ၊ ဗြိတိသျှ၊ အမေရိကန် -၃နိုင်ငံအဖွဲ့)တွေအကြောင်း ပြောပြီး အဲဒီအဖွဲ့တွေ ခိုင်မာတောင့်တင်းရေးအတွက် ပြောဆိုမှုတွေဟာ ပဋိပက္ခ ဖြစ်မနေဘူးလား"တဲ့။

ဒီမေးခွန်းကိုတော့  အော်စတင်က ဖြေမသွားပါဘူး။

နောက်တနေ့ ၄ ရက်နေ့မှာ တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ 'တရုတ်ပြည်ရဲ့ လုံခြုံရေးဆိုင်ရာ အဆိုပြုချက်' ဆိုတဲ့ ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောရာမှာ—

- တရုတ်ပြည်ရဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အမြင်များကို အဓိကထားပြောသွားပေမယ့် အမေရိကန်များရဲ့ စွပ်စွဲချက်များကိုလည်း အလျဉ်းသင့်သလို ရှင်းလင်းတာတွေ လုပ်သွားပါတယ်။

- အမေရိကန်အနေနဲ့ တကယ်ပဲ သဘောထားမှန်မှန်နဲ့ ဆွေးနွေးလိုရင် ဆွေးနွေးဖက်များကိုတန်းတူရည်တူ သဘောထားရမှာဖြစ်ကြောင်း။

(ဒါကတော့ ဒီတရုတ်ကာကွယ်ရေးဝန်ကြီး ဒီရာထူးမရခင်က တရုတ်တပ်ရဲ့ လက်နက်ဝယ်ယူရေးဌာနရဲ့ အကြီးအကဲပါ။ ၂၀၁၈ ခုနှစ်က တရုတ်က ရုရှား တိုက်လေယာဉ်များနဲ့ ဒုံးပျံများ ဝယ်ယူတဲ့ကိစ္စအပေါ်ဒီဗိုလ်ချုပ်ကြီးကို အမေရိကန်က ပိတ်ဆို့မှုတွေ(sanctions)ချထားပါတယ်။ ဒါတွေကိုရုပ်သိမ်းမပေးမချင်း မတွေ့နိုင်ဘူးဆိုတာ အမေရိကန်ကို တရုတ်က အကြောင်းပြန်ကြားပြီးသားပါ။ ဒါကို ရည်ရွယ်ပြောဟန်ရှိပါတယ်။)

- တရုတ်များအနေနဲ့ ထိုင်ဝမ်ကိစ္စကို မိမိတို့ ပြည်တွင်းရေးလို့ပဲ သဘောထားကြောင်း၊ ထိုင်ဝမ်ကို မိမိတို့ ပြည်မကြီးနဲ့ ကွဲကွာအောင် လုပ်မှုမှန်သမျှကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)အနေနဲ့ နည်းနည်းမှသည်းခံမှာမဟုတ်ဘဲ ဘယ်လောက် တန်ဖိုးကြီးကြီး ပေးရပေးရ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာနဲ့ နယ်မြေတည်တံ့မှုအတွက် ပေးဆပ်သွားမှာဖြစ်ကြောင်း။

- နှစ်စဉ် တောင်တရုတ်ပင်လယ်တွင်း နိုင်ငံပေါင်း အမြောက်အမြားက သင်္ဘောများထောင်နဲ့ချီဖြတ်သန်းသွားလာပြီး စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၅ ထရီလျံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို တကမ္ဘာလုံးအနှံ့ ကုန်သွယ်နေတာပါ။ ဒီလိုဖြတ်သန်းသွားလာနေကြတဲ့ သင်္ဘောများဆီက တခါမှ သူတို့လုံခြုံရေးဆိုင်ရာ ပြဿနာတွေပေါ်တယ် ဆိုတာ မကြားဖူးတဲ့အပြင် ဒေသဆိုင်ရာ နိုင်ငံများရဲ့ပူးပေါင်းအားထုတ်မှုကြောင့် တောင်တရုတ်ပင်လယ်တွင်း အခြေအနေဟာ ယေဘုယျအားဖြင့် တည်ငြိမ်အေးချမ်းပြီး ဒေသတွင်း အပြန်အလှန် ဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာနေပါတယ်... စတာတွေ ပါပါတယ်။

တရုတ်ဝန်ကြီးရဲ့ ပြောဆိုချက်များကတော့ ဒီဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်ဆီးနေသူများဟာ (ဒီဒေသက မဟုတ်တဲ့)အမေရိကန်နဲ့ အပေါင်းပါများရဲ့ အုပ်စုဖွဲ့တဲ့ လုပ်ရပ်များကြောင့်လို့ ပြောဆိုလိုဟန်ရှိပါတယ်။

မိန့်ခွန်းပြောအပြီး အမေး အဖြေ အချိန်မှာ သတင်းထောက်တယောက်က မေးမြန်းတဲ့--

၃ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားမှာ ပူးတွဲကင်းလှည့်ထောက်လှမ်းနေတဲ့ အမေရိကန် စစ်သင်္ဘောနဲ့ ကနေဒါ စစ်သင်္ဘော ၂ စင်းကို တရုတ်ကမ်းစောင့်စစ်သင်္ဘောက ၀င်တိုက်လုနီးပါး ကပ် ဖြစ်သွားတဲ့ ကိစ္စကို ဒီလိုဖြေသွားပါတယ်။

"ကျွန်တော်တို့ အိမ်ပေါက်ဝကို ဟို မိုင်ပေါင်းထောင်ချီဝေးတဲ့ အရပ်က နိုင်ငံများက ဘာလာလုပ်နေကြတာလဲ။ ကိုယ့်သင်္ဘောနဲ့ ကိုယ့်လေယာဉ်တွေကိုပဲ မေးကြည့်ပြီး၊ ကိုယ့်တပ် ကိုယ်ထိန်းကြပါ" တဲ့။

နိဂုံးမှာတော့ တရုတ်ဗိုလ်ချုပ်ကြီးက သူတို့နိုင်ငံက နာမည်ကြီး သီချင်းထဲက စာပိုဒ်တချို့ကို ကိုးကားသွားပါတယ်။

"တို့များအိမ်ကို မိတ်ဆွေတွေ လာရင်တော့ ဝိုင်အရက်ချိုနဲ့ ကြိုဆိုမှာပါ။ မြေခွေးတွေ၊ ဝံပုလွေတွေ လာရင်တော့ သေနတ်နဲ့ပဲ ကြိုရမှာပေါ့" တဲ့။

ကိုယ့်ဟာကိုယ်ရွေးပါ... တဲ့။

တရုတ်တွေကတော့ ဒီလိုမျိုး နိုင်ငံတကာပွဲများမှာ ရတတ်သမျှ အင်အားစုတွေကို နည်းမျိုးစုံနဲ့ စည်းရုံးတတ်ကြပါတယ်။ ဒီပွဲမှာရော ဘာတွေ အမြတ်ထွက်သလဲ။

နောက် ဆောင်းပါးမှာရေးပါဦးမယ်။

လှကျော်ဇော

၁၀-၆-၂၀၂၃။

ကိုးကား။ https://news.cgtn.com/news/2023-06-05/China-to-U-S-Fine-wine-or-shotguns-Your-choice--1ko9hzGtoiI/index.html



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar