မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၅)
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၅)
မိုးမခ ၊ ဩဂုတ် ၄ ၊ ၂၀၂၆
ပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေး
၂၀၂၄ ခုနှစ်အတွင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ကလေးမြို့အထွက်မှနေပြီး မြို့နယ်တောင်ပိုင်း အဆုံးနားအထိ ကလေး - ဂန့်ဂေါကားလမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားသည်။ ကလေးနယ်တောင်ပိုင်းအစွန် ဒေသအခေါ် နန်းကသဲ ဟု ခေါ်သည့် မဏိပူမြစ်ကို ဖြတ်ကူးထားသည့် ကမ်းပါနီတံတားက စပြီး မှန်တော၊ အောင်သာယာ၊ ကြံသာရွာအထိ စစ်တပ်က ထိန်းချုပ်ထားသည်။ ကြံသာရွာသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း အစွန်ဆုံးကျေးရွာဖြစ်ပြီး ကြံသာရွာ၏ တောင်ဘက်တွင် မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်ထဲက ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း ဆိုသည့် နာမည်ကြီး ပျူစောထီးကျေးရွာတွေ တည်ရှိနေပါသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကလေးမြို့နယ်တောင်ပိုင်း၊ စစ်တပ်တပ်စွဲထားသည့် ကမ်းပါနီတံတားကို တော်လှန်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပါသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စတင်ခဲ့သည့် စစ်ဆင်ရေးသည် ဧပြီ ၁၁ ရက်နေ့တွင် ကလေးနယ်တောင်ပိုင်းအဆုံး ကြံသာကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ကလေးမြို့နယ်တောင်ပိုင်း ကလေး - ဂန့်ဂေါ ကားလမ်းမပေါ်က ကျေးရွာအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်သွားပါတော့သည်။ ကြံသာ၏ တောင်ဘက်တွင်တော့ ဂန့်ဂေါမြို့နယ်ထဲက ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း ပျူစောထီး ကျေးရွာတွေ ကလေး - ဂန့်ဂေါ ကားလမ်းပေါ်မှာ ရှိနေပါသည်။
ကလေးမြို့နယ်တောင်ပိုင်းကို စစ်ဆင်ရေးလုပ်မည်မှန်း စစ်တပ်က သတင်းရသည်လား မပြောနိုင်ပါ။ ကလေးနယ်တောင်ပိုင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းကစ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပါသည်။ အဓိကအားဖြင့် ပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲပါသည်။ စစ်တပ်သည် ကလေးတောင်ပိုင်းက ကျန်းမာရေးကို ဖျက်ဆီးပြီ။ ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်နေ့က ကလေးတောင်ပိုင်း၊ ကုက္ကိုလ်ကျေးရွာကို ဆေးခန်းရှိသည်အထင်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်နေကြရသည့် ကလေးငယ်လေးဦး၊ ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ကိုးဦး သေဆုံးခဲ့ရပါသည်။
အာဏာသိမ်းစစ်တပ်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် ကလေးတောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ နှင့် ၁၃ ရက်နေ့၊ ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့မှာ နတ်ချောင်းဆေးရုံကြီးကို ပေါင်ငါးရာဗုံးကြဲချခဲ့သဖြင့် ဆေးရုံကြီးတစ်ခုလုံး ပျက်စီးသွားပါသည်။ ဆေးရုံကြီးမှာ ဆေးကုသမှုမလုပ်တော့သည့်အတွက် သေဆုံးမှုမရှိခဲ့ပါ။ ဘေးပတ်ဝန်းကျင်က အရပ်သား ဆယ်ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
အာဏာသိမ်းစစ်တပ်က ကလေးနယ်တောင်ပိုင်းက တင်သားကျေးရွာဆေးခန်း၊ ရှားဖိုကျေးရွာဆေးခန်း၊ ကျော်ရွာဆေးခန်းနှင့် ကလေးနှင့်ချင်းပြည်နယ်စပ်က ဟားခါးလေးရွာဆေးခန်းတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပါသည်။ ကျော်ရွာဆေးခန်းကို လေကြောင်းတိုက်ခိုက်ရာတွင် ဆေးခန်းအနီးက နေအိမ်ကိုထိမှန်ခဲ့ပြီး မိသားစုဝင်နှစ်ဦး သေဆုံးပြီး ကျန်နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသည်။
ကလေးနယ်တောင်ပိုင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေနဲ့ ရွာစဉ်တလျှောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ကျေးရွာဆယ်ရွာကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်ဒဏ်ကို ရှောင်နေကြသော အရှေ့တောင်ရိုးအစပ်က နွားရွာအထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ မြေပြင်စစ်ကြောင်း မလာနိုင်သဖြင့် စစ်တပ်က ကောင်းကင်ကနေ တော်လှန်ရေးနယ်မြေက လူ့အဖွဲ့အစည်းကို ဖရိုဖရဲ ဖြစ်အောင်လုပ်ခဲ့သည်။ လေယာဉ်ဒဏ်ပုန်းနေရသောကြောင့် ထမင်းချက်မစားရသည့်နေ့တွေ ရှိကြောင်း ကလေးတောင်ပိုင်းက မောင်လူမွှေးအစ်မတွေက မောင်လူမွှေးကို လှမ်းပြောကြပါသည်။ အိပ်ပျော်နေရာကနေ ခဏခဏထရသဖြင့် သေချင်လျှင်လည်း သေပေစေတော့ ဟု အသက်တစ်ဆယ်နှစ်အရွယ် မောင်လူမွှေး တူတော်မောင်က ညည်းညူရှာပါသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီလကုန်ပိုင်းလောက်အထိ စစ်တပ်၏ဗုံးကြဲမှုကြောင့် ကျေးရွာနှစ်ဆယ်က ပြည်သူသောင်းချီပြီး ရွာတွေကနေ တောတောင်ထဲ ပြေးရှောင်ခဲ့ကြရသည်။ ဆေးခန်းတွေ မဆောက်ရဲကြတော့။ ဆေးခန်းဆောက်မည်ဆိုလျှင်လည်း ဆောက်မည့်နေရာနားက ကျေးရွာက လေယာဉ်ကြောက်သည်။ သူတို့တွေ လေယာဉ်ထရော်မာရနေကြပါပြီ။ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် သူတွေ အခက်အခဲများစွာ ရင်ဆိုင်ရသည်။
စာသင်ကျောင်းတွေမှာလည်း စာမသင်ရဲကြတော့ပါ။ လုံခြုံမည်ဟု ထင်သည့် နေရာတွေမှာ ကလေးတွေရော၊ ဆရာမတွေ ပြောင်းပြီး သင်ကြားကြရသည်။ စာသင်ခန်းတွေ တနေရာစီဖြစ်ကုန်သည်။ ကလေးတွေအတွက် ကစားကွင်းမရှိသည့် စာသင်ခန်းတွေမှာ သင်ရသည်။ လေယာဉ်ထရော်မာသည် ကလေးတွေနှင့် ဆရာ၊ဆရာမအချို့မှာ စိမ့်ဝင်ခဲ့ပြီဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ ကလေးနယ်တောင်ပိုင်း ပြည်သူတွေအပေါ် ပြုလုပ်ခဲ့သော လေကြောင်းစစ်ဆင်ရေးသည် အောင်မြင်ခဲ့ပါသည်။ ပြည်သူတွေ၏ ကျန်းမာရေး၊ ပညာရေး ဖရိုဖရဲဖြစ်ခဲ့ရသည်။ ပြည်သူတွေသည် စစ်အာဏာရှင်ကို မုန်းသည်။ အသေခံပြီး ဆန္ဒပြခဲ့ကြသည်။ အိမ်မီးရှို့ခံပြီး ဆန္ဒပြခဲ့ကြသည်။ လေကြောင်းစစ်ဆင်ရေးတွေနဲ့ ဖရိုဖရဲဖြစ်အောင် လုပ်ခံရတော့လည်း ကြောက်သည့်ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်မြဲ ဆန့်ကျင်ကြပါသည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar