မိုခါမုန်တိုင်းကြောင့် ဒုက္ခရောက်သူတွေကို လွတ်လပ်စွာ အကူအညီပေးခွင့်မရ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၃၀ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၃
မိုခါမုန်တိုင်းကြောင့် ဒုက္ခရောက်သူတွေကို လွတ်လပ်စွာ အကူအညီပေးခွင့်မရ
ရခိုင်ပြည်နယ်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ တိုက်ခတ်ခဲ့တာ ၁ လခွဲရှိလာပေမယ့် ရိက္ခာနဲ့ နေထိုင်စရာ အမိုးအကာ၊ အသက်မွေးဝမ်းကြောင်း ပြန်လုပ်ကိုင်နိုင်ဖို့ အရေးပေါ် အကူအညီတွေ ကို စစ်ကောင်စီက ကန့်သတ်ချက်တွေ ချမှတ်ထားတာကြောင့် သိန်းနဲ့ချီတဲ့ လူထုကို အကူအညီပေးဝေဖို့ ခက်ခဲနေတဲ့အကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေက ပြောဆိုချက်အရ သိရှိရပါတယ်။
မိုခါ ဆိုင်ကလုန်း တိုက်ခတ်ပြီးစကာလကတည်းက နောက်ခံ နိုင်ငံရေး အခြေအနေတွေကြောင့် ၂၀၀၈ ခုနှစ် စစ်အစိုးရလက်ထက် နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခံရတဲ့ ဧရာဝတီတိုင်းလို ကံကြမ္မာမျိုး ရခိုင်ပြည်နယ်မှာ ထပ်ကြုံရဦးမလားဆိုတဲ့ စိုးရိမ်မှုတွေက လက်တွေ့ဘဝမှာ စိတ်မကောင်းစရာ ထပ်ဖြစ်ပွားလာတာတွေ့ရ ပြန်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က ရခိုင်ပြည်နယ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးတဲ့အချိန်မှာ ယခင် ကြုံတွေ့ခဲ့ရတဲ့ နာဂစ်ဆိုင်ကလုန်းနဲ့ နှိုင်းယှဥ်ကာ လူ့အသက်ဆုံးရှုံးမှု အနည်းငယ်သာရှိခဲ့တာဟာ ၄င်းတို့ရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုကြောင့်လို့ ဂုဏ်ယူပြောဆိုခဲ့ပါတယ်။ တကယ့် လက်တွေ့မှာတော့ ၂၀၀၈ ခုနှစ်နဲ့ နှိုင်းယှဥ်ကြည့်ရင် အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှု၊ အင်တာနက်၊ လူမှုကွန်ရက်မီဒီယာတွေရဲ့ ဆက်သွယ်ရေး လူမှုအသိုင်းအဝိုင်းမှာ သတင်းအချက်အလက် ဖြန့်ဝေမှု ဆက်သွယ်ရေး လမ်းကြောင်းတွေ၊ ပင်လယ်ရေမျက်နှာပြင်ထက် ပေအနည်းငယ်သာ မြင့်တဲ့ ဧရာဝတီတိုင်းထက် ရခိုင်ပြည်နယ်က ကုန်းမြင့်၊ တောင်တန်း စတဲ့ မြေမျက်နှာသွင်ပြင် မတူညီမှုတွေက လူ့အသက်များစွာ မသေဆုံးဖို့ အကာအကွယ် ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာ ရခိုင်ပြည်နယ်က ပြည်သူလူထု အနေနဲ့ စစ်ကောင်စီအစိုးရ အပေါ် ယုံကြည်မှု၊ အားကိုးမှုက အနည်းငယ်မျှသာရှိပြီး လူမှုအသိုင်းအဝိုင်းကို ၄င်းတို့ဘာသာ ၄င်းတို့ နှိုးဆော် အသိပေး ရွှေ့ပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီက စီစဥ်ဆောင်ရွက်တဲ့ အရေးပေါ် ရွှေ့ပြောင်းမှုအစီအစဥ်တွေက လက်တွေ့ မှာ ရာခိုင်နှုန်းအနည်းငယ်မျှသာ ရှိတာလည်း တွေ့ရမှာဖြစ်ပါတယ်။
မုန်တိုင်း ဝင်ရောက်ချိန်မှာ အသေအပျောက်နည်းသော်လည်း မုန်တိုင်းအလွန် အရေးပေါ် အကူအညီတွေ ရရှိဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်စားသောက်နိုင်ဖို့ အရေးတွေမှာ အခက်အခဲတွေရင်ဆိုင်နေရပြီး နိုင်ငံတကာ အကူအညီ၊ ပြည်တွင်းက အကူအညီတွေကိုလည်း စစ်ကောင်စီက ၄င်းတို့လက်ထဲက တဆင့်ကူညီဖို့ ပြောဆိုမှုတွေက အတားအဆီးဖြစ်စေတဲ့ လက္ခဏာတွေတွေ့မြင်နေရပြီး ကုလသမဂ္ဂရဲ့ လတ်တလော ထုတ်ပြန်အသိပေးချက်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်အရေးနဲ့ ဆိုင်တဲ့ သတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်ဖို့ ဆောင်ရွက်ရာမှာ စစ်ကောင်စီအနေနဲ့ ဖြတ်လေးဖြတ် လို့ခေါ်တဲ့ ၄င်းတို့နဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေ ထံရောက်သွားနိုင်တယ်လို့ ယူဆတဲ့ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ အကူအညီတွေကို သယ်ဆောင်ခွင့်ကန့်သတ်တာ၊ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံတယ်လို့ ယူဆတဲ့ ကျေးရွာနဲ့ မြို့နေလူထုအတွက် ကုန်သွယ်မှုတွေကို ကန့်သတ်တာ၊ လာဘ်တောင်းခံတာ၊ ဥပဒေနဲ့ သတ်မှတ်ထားတာမဟုတ်တဲ့ အခွန်အကောက်တွေ ကောက်ခံတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကလည်း လက်နက်ကိုင် ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ် နှစ်မျိုးစလုံး ရင်ဆိုင်နေရတဲ့ ပြည်နယ်ဖြစ်ပြီး လတ်တလောမှာ လက်နက်ကိုင် တိုက်ပွဲတွေ ရပ်ဆိုင်းထားပေမယ့် စာရွက်ပေါ်မှာ တရားဝင်ဆွေးနွေး ရပ်ဆိုင်းထားတာမျိုး မဟုတ်ဘဲ နှုတ်နဲ့ သဘောတူချက်ဖြစ်လို့ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သလို လတ်တလော သဘာဝဘေးအန္တရာယ် အကူအညီတွေကို ဆန့်ကျင်ဘက် ရက္ခိုင့်တပ်တော် AA ဘက်မရောက်အောင် စစ်ကောင်စီဘက်က သံသယကြီးစွာနဲ့ စောင့်ကြည့် ကန့်သတ်နေတဲ့ လက္ခဏာလည်း တွေ့ရပါတယ်။
အခြားတဖက်မှာ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အကူအညီပေးမှုတွေ ကိုလည်း စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာလို့ခေါ်ဆိုတဲ့ အစ္စလာမ်ဘာသာဝင် ဒုက္ခသည်တွေကို ဦးစားပေးကူညီတယ်ဆိုတဲ့ သံသယ သို့မဟုတ် နိုင်ငံရေး စွပ်စွဲချက်တွေနဲ့ စောင့်ကြည့် ကန့်သတ်တာတွေ ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာ၊ နိုင်ငံပိုင် ရုပ်သံတို့မှာတော့ မုန်တိုင်းတိုက်မတိုက်ခတ်မီ တရက်အလို စစ်ကောင်စီဘက်က အကူအညီပေးရေး စစ်ယာဥ်တန်းတွေ ထွက်ခွာတာ၊ မုန်တိုင်းတိုက်ခတ်ပြီးတာနဲ့ စစ်တပ်၊ မီးသတ်၊ လျှပ်စစ်စွမ်းအင်၊ ဆောက်လုပ်ရေး တို့လိုအရပ်ဘက် ဌာနဆိုင်ရာ အဖွဲ့တွေက ယာဥ်၊ ရေယာဥ် ၊ လေယာဥ် စတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းအမျိုးမျိုးနဲ့ ရိက္ခာ၊ ဆေးဝါး နဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်ဆောင်တာ ၊ စစ်တွေမြို့ပေါ်မှာ အပျက်အစီးရှင်းလင်းတာတွေ လုပ်ပြတဲ့ သတင်းတွေနဲ့ ပြည့်နှက်နေတာ တွေ့ရမှာဖြစ်ပါတယ်။
တကယ့် လက်တွေ့ မြေပြင်မှာတော့ အကူအညီ အရေးပေါ် လိုအပ်ခဲ့တဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ကျောက်တော် အစရှိတဲ့ မြို့နယ်တွေမှာ သောက်သုံးရေ၊ ရိက္ခာ၊ ခေါင်းပေါ်မှာ အမိုးအကာနဲ့ အိပ်စက်နိုင်ဖို့ အနေအထားရဖို့ သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့တာ ပြင်ပ သတင်းမီဒီယာတွေမှာ တွေ့ရမှာ ဖြစ်ပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီး ၁၅ ရက်အကြာ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ အမိုးဟင်းလင်းပွင့်နေတဲ့ စာသင်ခန်းထဲ ထီးဆောင်းပြီး ထိုင်နေကြရတဲ့ ကျောင်းသားတွေ၊ ထီးဆောင်းပြီး စာသင်ဖို့ ပြင်ဆင်နေကြရတဲ့ ဆရာဆရာမတွေကို သတင်းဓါတ်ပုံတွေမှာ မြင်ရတာ ဖြစ်ပါတယ်။ ဒီလို အမိုးဟာလာဟင်းလင်း ပွင့်နေတဲ့ စာသင်ကျောင်းတွေ ရှိတဲ့နေရာဟာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေနဲ့ ဘယ်လောက်မှ မဝေးတဲ့ အနီးအပါးက ကျေးရွာတွေမှာ ဖြစ်ပျက်နေတာပါ။ ဒ
ါတွေကိုကြည့်ရင် စစ်ကောင်စီက ရခိုင်ပြည်နယ်က သဘာဝဘေး ဒုက္ခသည်တွေအပေါ် ကူညီမယ့် အကူအညီတွေကို ကန့်သတ် တားမြစ်ထားတာ ထင်ရှားစေတာ ဖြစ်ပါတယ်။ ဒီလို တားမြစ်မှုတွေဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပြီး လက်တွေ့မှာလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလ အတွင်း စစ်ရာဇဝတ်မှုအများအပြား ကျူးလွန်ခဲ့ပြီး ဖြစ်တာတွေ့ရမှာ ဖြစ်လို့ အခုလို သဘာဝဘေးဒုက္ခသည်တွေကို အကူအညီကန့်သတ်ခြင်းဖြင့် နောက်ထပ် စစ်ရာဇဝတ်မှုတွေ ထပ်မံကျူးလွန်တဲ့ သဘောသာ ဖြစ်တယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar