ကိုအောင်မှိုင်း - ရဲကြပါ လူငယ်တို့
ကိုအောင်မှိုင်း - ရဲကြပါ လူငယ်တို့
(မိုးမခ) ဇူလိုင် ၁ ၊ ၂၀၂၃
ငါ့ကဗျာတွေ
မီးတောက်နေသလို
ငါ့ချစ်သူတွေလည်း
တယောက်ပြီးတယောက် နှုတ်ဆက်။
နေအပူဟာ
ရင်အပူကို
နင့်နင့်နဲနဲ
မီးပြင်းပြင်းထိုး သင်္ဂြိုဟ်နေတယ်။
ကင်းဗတ်စဟောင်းမှာ
ပန်းချီဆရာဟောင်းတယောက်
သူ ဆွဲခဲ့တဲ့ ငါ့ပုံဟောင်းတခုက
ကမ္ဘာကျော်စေမှာ မဟုတ်ပေမဲ့
ငါ့သမိုင်းကိုတော့ ပြောပြလိမ့်မယ်။
ငါဟာ တကယ့်ကို
အိုမင်းသွားခဲ့ပေမဲ့
အတွေးအခေါ်သစ်တွေတွက်
ငါ့ကဗျာတွေက ရဲဆေးတင်ပေးလိမ့်မယ်။
လူငယ်တွေကို မလိမ်ပါနဲ့
သူတို့ကိုလည်း မလိမ်ခိုင်းပါနဲ့
လူငယ်ဆိုတာ ပြည်သူဖြစ်သလို
တိုင်းပြည်ရဲ့ အနာဂတ်လည်း ဖြစ်တယ်။
ရဲကြပါ လူငယ်တို့
မင်းတို့ အနာဂတ်ကို
မင်းတို့ကိုယ်တိုင်
မင်းတို့ လက်တွေနဲ့ ရေးဖွဲ့ကြပါ။
မင်းမှာ လက်တဖက်မရှိတော့ရင်
ကျန်တဲ့လက်နဲ့ ရှေ့ဆက်ဖို့ ကြိုးစားပါ။
မင်းမှာ ခြေတဖက်မရှိတော့ရင်
ကျန်တဲ့ခြေနဲ့ ရှေ့ဆက်ဖို့ ကြိုးစားပါ။
မင်းမှာ မျက်လုံးတလုံးမရှိတော့ရင်
ကျန်တဲ့မျက်လုံးနဲ့ ရှေ့ဆက်ဖို့ ကြိုးစားပါ။
ကိုယ်တိုင် အရှုံးမပေးသ၍
ဘယ်တိုက်ပွဲမှ မရှုံးဘူးဆိုတာ သစ္စာပဲ။
အရှေ့မိုးကောင်းကင်မှာ
နေဝန်းနီကြီး ပွင့်နေပြီလေ
အနာဂတ်ဟာ ပန်းပန်နေပြီပေါ့။
ရင်ကိုကော့ထား
ခေါင်းကို မော့ထား
သူပုန်ခြေလှမ်းများနဲ့ ရှေ့တိုး
ပန်းတွေစိုက်ပျိုး ပန်းတန်ခိုးနဲ့
ပန်းတံတားထိုးမယ့်သူတွေဟာ မင်းတို့ပဲ။
မင်းတို့ဟာ
ငါတို့အားလုံးရဲ့ သခင်တွေပဲ
ရဲကြပါ လူငယ်တို့။
မင်းတို့ဟာ
ငါတို့အားလုံးရဲ့ မျှော်လင့်ချက်တွေပဲ
ရဲကြပါ လူငယ်တို့။
မင်းတို့ဟာ
ငါတို့အားလုံးရဲ့ ဦးညွှတ်မှုတွေပဲ
ရဲကြပါ လူငယ်တို့။