ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်တပ်စိတ်ဓာတ်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်တပ်စိတ်ဓာတ်
(မိုးမခ) ဇူလိုင် ၁ ၊ ၂၀၂၃
၈၈ အာဏာသိမ်းတော့ ရွေးကောက်ပွဲလုပ်ပြီး နိုင်တဲ့ပါတီ အာဏာအပ်မယ်ဆိုတာ အခြေအနေအရ ပြောခြင်း ဖြစ်သည်။
တကယ်က အာဏာ လိုချင်လို့ကို သိမ်းခြင်း။ ပြန်အပ်ဖို့ မဟုတ်။ တစည နိုင်အုံးတော့ မအပ်။ NLD မို့ ပြန်မပေးတာ မမှတ်လေနှင့်။
သူတို့တွေ လုပ်ချင်ရာလုပ်ပြီးပြီ။ ယူချင်တာ ယူပြီးပြီ။ ခု သူတို့အလှည့် ပြီးပြီ။ ဘာမှ ပြန်ငဲ့ကြည့်စရာ မလိုတော့။ သူတို့အတွက် နာမည်အပျက်ခံ သိမ်းတာမဟုတ်ဟု ဆိုလေသည်။ သူတို့ဆိုတာက မဆလတဖြစ်လဲ တဆညတွေကို ဆိုခြင်း ဖြစ်သည်။ တကယ်တော့ အဲဒါတွေက ဦးနေဝင်းနဲ့ သူ့လူတွေပင်။ သို့သော် လက်ရှိ စစ်သားက စစ်သားမဟုတ်တော့သူကို ဝန်းရံပေးလိုစိတ်မရှိ။ ဒီလူတွေက သူတို့စစ်တပ်အားကိုးနဲ့ စိုးမိုးအုပ်ချုပ်ခွင့် ရနေတာလို့ သဘောထားသည်။ သူတို့အချိန် သူတို့အခါ သူတို့လုပ်ချင်ရာလုပ်၊ သူတို့ ယူချင်ရာယူပြီးပြီမို့ သူတို့အချိန်အခါမဟုတ်တော့ဟု သတ်မှတ်သည်။
၆၂ အာဏာသိမ်းရာကနေ အုပ်ချုပ်လာလိုက်တာ ၂၆ နှစ်အရောက်မှာ ပြည်သူ့တွန်းလှန်မှုနဲ့ နေဝင်းစစ်မင်းတဆက် ပြတ်သွားတော့သည်။ အဲဒီတပ်ရဲ့သဘောထားသည် နေဝင်းထံက ဆင်းသက်လာသည်။ နေဝင်းလည်း ဒီအကောက် ဒီအယူနဲ့ အာဏာသိမ်းခဲ့တာပင်။
သန်းရွှေစစ်မင်းတဆက် ၂၂ နှစ်ကြာတော့မှ သူတို့လဲ ဘာမှလုပ်မရတော့မှ ပြည်သူ့အုံကြွမှုအမျိုးမျိုးကြုံလာရတော့မှ အရပ်သားလက်ထဲ အာဏာပြန်ထည့်ပေးတော့သည်။ ဒါပေမဲ့ အဲသလိုအရပ်သားလက်ထဲ အာဏာပြန်ထည့်ပေးလိုက်တာကို ထုံးစံအတိုင်း လက်ရှိတပ်မှ ကျန်ရစ်သူတွေက မကျေနပ်။ သူတို့အသုံးမကျလို့ သူတို့ရပ်သွားတာ၊ ငါတို့က သူတို့ ခိုးဆိုးထားတဲ့စည်းစိမ်တွေ ထိုင်စောင့်ပေးနေရအုံးမှာလား၊ ငါတို့ကို ဘယ်အရပ်သားက အလေးထားတော့မှာလဲ၊ အရပ်သားက ဘယ်လောက်အုပ်ချုပ်တတ်မှာလဲ၊ အဲဒီအရပ်သားအစိုးရကိုကော ဘာကိစ္စ ဝန်းရံပေးနေရမှာလဲ၊ ငါတို့ မပါဘဲ သူတို့ ဘာလုပ်လို့ ရမှာလဲ၊ ငါတို့ကကျ ဒီလစာလေးနဲ့ သူတို့ချပေးတဲ့ဘတ်ဂျက်လေးနဲ့ သိမ်သိမ်ငယ်ငယ် မကြွယ်မဝ နေနေရမှာလားဆိုတာတွေ ဖြစ်နေသည်။
ဒါ့ကြောင့် တပ်က မင်းအောင်လှိုင် အာဏာသိမ်းတာကို စိတ်လိုလက်ရ ဝန်းရံထောက်ခံနေကြခြင်းဖြစ်သည်။ မအလ စွမ်းလို့မဟုတ်။ အဲဒါ တပ်ရဲ့ အနုသယကိလေသာပင် ဖြစ်သည်။ အခွင့်ကြုံတာနဲ့ ထကြွလာမြဲ။
သူတို့က သူတို့စိတ်အခံနဲ့ ကျိတ်ကြံနေကြဖို့သာ သိသည်။ ပြည်သူ့စိတ်ဓာတ်ကိုတော့ မသိကြ။ ထည့်မတွက်ကြ။ မတွက်ဆို ပြည်သူသာအမိ ပြည်သူသာအဖဆိုတာကို ဖယ်ထုတ်ပြီး တပ်မတော်သာအမိ တပ်မတော်သာအဖနဲ့ အစားထိုးထားတာ ကြာပကိုး။
ပြည်သူက ဒီတချီတော့ သည်းခံစိတ်ကုန်ခန်းသွားပြီ။ နှစ် ၇၀ နီးနီး စစ်မင်းအဆက်ဆက် ဖျက်လာတာ ဘာမှမကျန်တော့သည့်အထိ ရောက်ပြီးပြီ။ မင်းတို့စစ်သားတွေ တိုင်းပြည်တက်အုပ်ချုပ်တာ ရပ်ချိန်တန်ပြီ။ စစ်မင်းအဆက်ဆက် လက်နက်အားကိုးနဲ့ ဆိုးမိုက်လာတဲ့ကိစ္စ အဆက်ဖြတ်ဖို့ ဒင်းတို့ကို မရှိမှဖြစ်တော့မည်။ သင်းတို့မရှိဖို့ဆို ကာကွယ်ရေးတာဝန်ကပါ ပြန်ရုပ်သိမ်းရမည်။ ငါတို့ဘာသာ ဖက်ဒရယ်အာမီ ထောင်တော့မည်။ မင်းတို့ တတပ်လုံး ဖြုတ်သိမ်းပစ်တော့မည်လို့ အခိုင်အမာ ဆုံးဖြတ်လိုက်သည့် ပြည်သူ့အမူအရာ၊ပြည်သူ့စိတ်ဓာတ်ကို မြင်တော့မှ ချောက်ချားသွေးပျက် တိုင်းပြည်ဖျက်ဖို့ လုပ်ကြတော့သည်။ ပြည်သူ့စိတ်ဓာတ် ပျက်အောင် ပြည်သူကိုသတ်သည်။ မုဒိမ်းကျင့်သည်။ ဓားပြတိုက်သည်။ ခိုးသည်။ လုသည်။ ရွာမီးရှို့သည်။ အထူးသဖြင့် စစ်တပ်နဲ့ ရဲစခန်းနဲ့ နီးတဲ့ရွာတွေ ပိုနာသည်။ မြို့မှာလဲ ကျူးဆိုပြီး ရှင်းသည်။ ဘယ်လိုသတ်သတ် ဘယ်လောက်ရှို့ရှို့ မရတော့။
ခုတော့ ပြည်သူ့စိတ်ဓာတ်ကို တပ်က ကောင်းကောင်းသိချေပြီ။ တပ် အုပ်ချုပ်၍ မရစေရ။ တပ် အုပ်ချုပ်လို့ မရတော့တာ သေချာပြီ။ တပ်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ပြည်သူ့ဆီ ခိုဝင်ရုံမှတပါး.........အခြားမရှိပြီ။
တပ်စိတ်ဓာတ်ကို ပြည်သူ့စိတ်ဓာတ်က သတ်ပစ်လိုက်ပြီ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar