သင်းရည်လွင် - လမ်းမတွေ လူတွေ သီချင်းတွေ၊ မပါပဲ ကြည့်ရတဲ့ ရုပ်ရှင်
လမ်းမတွေ လူတွေ သီချင်းတွေ၊ မပါပဲ ကြည့်ရတဲ့ ရုပ်ရှင်
သင်းရည်လွင်
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၃
အခုတော့ "ဒရက်ကူလာ "ကားကြည့်နေရသလိုပေါ့ ကိုယ့် မြင်ကွင်းမှာ၊
ပြီးခဲ့တဲ့စာမျက်နှာတွေမှာ မီးခိုးလုံးတွေ အလိပ်လိပ်တက်လာပြီး ကိုယ့်ဘေးနားက လူတချို့ ပျောက်သွားတယ် ၊
ဖေဖေ အိမ်ပြန်မရောက်တာ ကြာပြီတဲ့ ကိုယ့် အစ်ကိုရဲ့ သမီး ကိုယ့်တူမလေးက ငိုပြီးပြောတယ်၊ ခေတ်ကြီးက အဘွားတို့ငယ်ငယ်က ထက်ဆိုးတယ်မြေးရဲ့၊
ကိုယ်က သတင်းစာတွေနဲ့ သူစိမ်ဆန်ပလိုက်တာကြာပြီ၊ လမ်းကိုရှာရင်းလမ်းပေါ် မှာ ကိန္နရာပင်လယ်ခြားသွားတယ်၊
မိုးရာသီဟာ နွေရောက်ပြန်ပြီဆိုတဲ့ စာသားတွေရေးမိနေတာ စိတ်ပျက်စရာ၊
အိမ်ကခွေးလေးတောင် ညနေခင်းလေညင်းခံဖို့ပျင်းနေပုံမှာ ကိုယ်လည်း ပျင်းစရာတွေချည်း အဆင့်ဆင့်စီထားရတာပဲ၊
တယ်လီဖုန်းထဲမှာ ပျော်ရဲ့လားလို့ ကိုယ်မေးဖို့ ၊ အို ဆောရီး ကိုယ်မေးဖို့ မသင့်ခဲ့ဘူး၊ နော်
ပျော်စရာမှမကောင်းပဲ မနှင်းဆီ၊
မနှင်းဆီရော မပျော်ဘူးမဟုတ်လားသီချင်းတွေ
ဖွင့်နားထောင်မယ်တွေးတော့ ဒုက္ခက ပျားရည်မဟုတ်ဘူးလို့ အဲဒီစာသားကို ပြောင်းဆိုမှဖြစ်မှာ..
တခါတရံတွေ ကိုယ် ခြေကုန်းလက်ပန်းကျနေခဲ့ပြီ.. လိပ်စာပျောက်နေတဲ့စာတစောင်ပါ ၊ လိပ်စာရှင်ဟာ ခု တော့ သေမလားရှင်မလား မသိ၊
ကိုယ်ဆော့နေတဲ့ ဂိမ်းဟာ
ခုတော့ သေနတ်တွေ လက်ပစ်ဗုံးတွေ သွေးစက်တွေနဲ့ စစ်ဘေးသင့် ဂိမ်းပဲ...
ခုတော့ ရပ်လို့မရတော့ဘူး ၊ ဂိမ်းဟာ တရွာလုံးလောင်နေပြီ ..
ဂရုစိုက်ပါ မနှင်းဆီ
နှင်းဆီပန်းလေးတောင် ရေမလောင်းဖြစ်တာ ကြာခဲ့ပြီ။
သူ လန်းဆန်းနေပါစေ။
June28
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar