စစ်ဖြစ်ပွားနေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၁ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၂၃
စစ်ဖြစ်ပွားနေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံ
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကနေ လှမ်းမြင်ရတဲ့ မြန်မာနိုင်ငံဘက်ခြမ်း ကရင်ပြည်နယ်က တောင်တန်းတွေက စိမ့်ညို့နေပြီး ညနေဘက်နေဝင်ချိန်မှာ လိမ္မော်ရောင် တိမ်တိုက်တွေနဲ့ အမည်းရောင် တောင်တန်းအနားသတ်တွေက နေဝင်ချိန်ရှုခင်း ပန်းချီကားတချပ်သဖွယ် ကောက်ကြောင်းနဲ့ အရောင်တွေက လိုက်ဖက်နေပါတယ်။ အဝေးမှာတော့ တောင်တန်းတွေရဲ့ အနိမ့် အမြင့် ကောက်ကြောင်း၊ အနီးရှုခင်းမှာ မြင်နေရတာတော့ ထိုင်းနိုင်ငံဘက် မဲဆောက်မြို့ရဲ့ မီးရောင်တွေ လမ်းမတွေ ဆိုင်တန်းတွေနဲ့ သွားလာလှုပ်ရှားနေကြတဲ့ ကား၊ ဆိုင်ကယ်တွေ၊ ကုန်တင်ထရပ်ကားကြီးတွေနဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့ ရှုခင်း ဖြစ်ပါတယ်။
ဒီရှုခင်းတွေ မြင်နေရချိန်မှာပဲ မကြာခဏ ကြားရတဲ့အသံကတော့ မိုးနဲ့မြေကို ပဲ့တင်ထပ်သွားတဲ့ “အုန်း” ဆိုတဲ့ အမြောက်လက်နက်ကြီး ပေါက်ကွဲသံဖြစ်ပါတယ်။ မြို့ခံတွေက မြို့ပေါ်မှာ နေထိုင်ကြသူတွေကတော့ ဒီလိုအသံတွေက မကြာခဏ မြန်မာနိုင်ငံဘက်ခြမ်းက ကြားနေကျမို့လို့ အထူးအဆန်းသဖွယ် မဖြစ်ကြပါဘူး။ အိမ်နီးချင်းနိုင်ငံထဲက နယ်စပ်နဲ့ မဝေးလှတဲ့နေရာတွေမှာ ဆယ်စုနှစ်ချီ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ လက္ခဏာရပ်တွေလို့ သဘောထားနေကြပုံရပြီး ခေတ္တခဏ သို့မဟုတ် သတ်မှတ်ချက်ကာလကို မသိတဲ့အချိန်တခုထိ ထိုင်းနိုင်ငံမှာ နေထိုင်ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားတွေအဖို့တော့ ကိုယ့်အိမ်ထဲမှာ ဖြစ်နေတဲ့ ရန်ပွဲကို အပြင်ကနေ နားထောင်နေကြရတဲ့ သဘောဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လောက် ထိခိုက်သေဆုံးကြလဲ ဘယ်သူတွေ ထွက်ပြေးတိမ်းရှောင်ကြရပြန်ပြီလဲ၊ ဘယ်မြို့နဲ့ ဘယ်မြို့ ဆက်သွယ်ထားတဲ့ လမ်းတွေ ပိတ်ဆို့သွားပြီလဲ ဆိုတဲ့အတွေးတွေ ပေါ်လာလေ့ရှိတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်ထဲမှာ လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ပြန့်စွာ ပြန်လည်ဖြစ်ပွားလာတာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာနောက်ပိုင်းမှာတော့ ကရင်ပြည်နယ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ပဲခူးတိုင်းထဲက ညောင်လေးပင်၊ မွန်ပြည်နယ်မှာ ဘီးလင်းနဲ့ သထုံဧရိယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲတွေဖြစ်ပွားနေပြီး နွေ မိုး ဆောင်း ၃ ရာသီစလုံး ခြောက်သွေ့တာ စိုစွတ်တာတွေ ဂရုမစိုက်အားဘဲ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် အင်အားစုတွေလည်း ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ် စတဲ့ဧရိယာတွေမှာ ထပ်မံဖွဲ့စည်းခဲ့ကြပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကထက် အင်အားအများ အပြားတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလက်နက်ကိုင် တိုက်ပွဲဒေသမှာ နေထိုင်ကြသူတွေ မိသားစုတွေ၊ ကျေးရွာအလိုက် ဒေသခံတွေ၊ လက်နက်ကိုင် အင်အားစုတွေကို ထောက်ခံအားပေးသူတွေအဖို့ မဲဆောက်မြို့နဲ့ တပ်ခ်ခရိုင် ဒေသတဝိုက်ဟာ စစ်ဘေးကြုံရင် နယ်စပ်မျဥ်းအနီး ခေတ္တခိုလှုံကြတဲ့နေရာ၊ တဦးချင်းအနေနဲ့ မဲဆောက်မြို့မှာ လာရောက်ခိုလှုံနားခိုရာ တခုလည်း ဖြစ်ပါတယ်။ မဲဆောက်မြို့က နကိုကတည်းက တရားဝင် လက်မှတ်ရှိတဲ့၊ သို့မဟုတ် မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေထိုင် လုပ်ကိုင်စားသောက်ရာ မြို့တမြို့ဖြစ်နေခဲ့ရာက စစ်အာဏာသိမ်းအပြီး ပြည်တွင်းမတည်ငြိမ်မှု နိုင်ငံရေး အကြပ်အတည်းက ရွှေ့ပြောင်း အလုပ်သမားတွေ ပိုမိုလာရောက်ဖို့ တွန်းအား ဖြစ်စေခဲ့သလို နိုင်ငံရေးအရ ပြည်တွင်းမှာ ဖမ်းဆီးသတ်ဖြတ်ခံရမယ့် အရေးမှ တိမ်းရှောင်သူတွေနဲ့ မဲဆောက်မြို့ဟာ မြန်မာနိုင်ငံသားတွေ ရုတ်ခြည်း တိုးတက်များပြားလာတာ ဖြစ်ပါတယ်။
မဲဆောက်မြို့မှာ စီးပွားရေးကြောင့် ဖြစ်စေ၊ နိုင်ငံရေးကြောင့်ဖြစ်စေ အကြောင်းတခုခုကြောင့် ခိုလှုံနေထိုင်နေကြရသူတွေအဖို့ ကိုယ့်အိမ်ပြင်ပမှာ နေရင်းအိမ်ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို စိတ်မချမ်းမြေ့စွာ စောင့်ကြည့် နားစွင့်နေရတာနဲ့ အလားသဏ္ဍာန်တူပါတယ်။
အခုလို လှမ်းမြင်နေရတဲ့ ဟိုဘက်တောင်တန်းတွေမှာ၊ သောင်ရင်းမြစ်ရဲ့ ဟိုဘက်ခြမ်းက လက်နက်ကြီးသံကို ကြားရတဲ့အခါ အိမ်ထဲမှာ ဖြစ်ပွားနေတဲ့ ရန်ပွဲကို နားစွင့်ရင်း စိတ်မကောင်းဖြစ်ရတဲ့ ခံစားချက်မျိုး မြန်မာနိုင်ငံသားအများစု ခံစားကြရတာ ဖြစ်ပါတယ်။ ဒီရန်ပွဲမှာ မိမိတို့ ထောက်ခံတဲ့ဘက်က ဘယ်တော့အနိုင်ရမလဲ၊ ဗီလိန်ဖြစ်တဲ့ စစ်ကောင်စီတပ်ကို ဘယ်လို အနိုင်ယူနိုင်မလဲ ဆိုတာတွေက နေ့စဥ်လိုလို အတွေးထဲ ပေါ်ထွက်လာနေတဲ့ အရာတွေ ဖြစ်ပါလိမ့်မယ်။
အခုလို ခိုလှုံနေရတဲ့ ထိုင်းနိုင်ငံ အနေအထားကိုကြည့်ရင်လည်း စစ်ဗိုလ်ချုပ်တွေက နိုင်ငံရဲ့ အာဏာကို ရာခိုင်နှုန်းအများစု စီမံခန့်ခွဲနိုင်အောင်၊ စည်းမျဥ်းခံ ဘုရင်စနစ်ကို ဗန်းပြပြီး စစ်တပ်နဲ့ စစ်တပ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေ အကျိုးများအောင် နိုင်ငံရေးစနစ်ကို ပြဋ္ဌာန်းထားကြပြီး အုပ်ချုပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်တာ တွေ့ရမှာ ဖြစ်ပါတယ်။
သို့ပေမဲ့ ထိုင်းနိုင်ငံက လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိတဲ့ မတူတဲ့ သမိုင်းနောက်ခံ အနေအထားဖြစ်ပြီး မြန်မာနိုင်ငံကတော့ လက်နက်ကိုင်တိုက်ပွဲတွေ ဆယ်စုနှစ် ၇ ခုကျော် ရှိနေပြီဖြစ်တဲ့ မတူညီတဲ့ သမိုင်းနောက်ခံ နိုင်ငံရေးနောက်ခံနဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar