ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၉)
အောင်မြင်တဲ့တော်လှန်ရေးများဟာ စုစည်းညီညွတ်မှုနဲ့ ဇွဲရှိမှုတွေကို အရင်းတည်ရတယ်ဆိုတာ ငြင်းစရာမရှိပါ။ ဒါပေမယ့် စုစည်းညီညွတ်မှုဖြစ်ပေါ်ဖို့ဆိုတာက တိုက်တွန်းနှိုးဆော်သူတွေ၊ ပါဝင်ဆောင်ရွက်သူတွေ ရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ရှင်းလင်းပြောဆိုသူ၊ ရှေ့ဆောင်လမ်းပြသူတွေရှိဖို့လည်း လိုအပ်ပါတယ်။ ဒီအချက်တွေ ပြည့်စုံပြီ၊ လိုက်ပါဆောင်ရွက်သူများကလည်း အင်အားတောင့်တင်းပြီဆိုမှ အောင်မြင်တဲ့တော်လှန်ရေး၊ အောင်မြင်မယ့်တော်လှန်ရေး ဖြစ်လာမှာပါ။
ဗြိတိသျှ ကိုလိုနီအစိုးရကို တော်လှန်ပြီး လွတ်လပ်ရေးကိုအရယူခဲ့ကြတဲ့ မြန်မာ၊ အိန္ဒိယ အစရှိတဲ့တိုင်းပြည်တွေရဲ့ လွတ်လပ်ရေးတိုက်ပွဲအတွင်းမှာလည်း ဒီလို စုစည်းညီညွတ်မှုတွေ၊ ပေါင်းဆုံမှုတွေကြောင့် အောင်မြင်မှုများ ရရှိခဲ့ကြတာဖြစ်ပါတယ်။ လွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း လူထုကို တော်လှန်ရေးအသိ နိုးကြားအောင်၊ ညီညွတ်ရေးစိတ်ဓာတ်တွေ ဝင်လာအောင် တိုက်တွန်းလှုံ့ဆော်မှုတွေကတော့ နေရာအလိုက် ကွဲပြားမှုတွေ ရှိနေပါတယ်။
နိုင်ငံရေးအရ အသိအမြင်ကျယ်အောင် တိုက်တွန်းတာ၊ လှုံ့ဆော်တာတွေ လုပ်ကြတဲ့အခါ အချို့သော ထင်ရှားသူများက သမိုင်းမှာ မှတ်မှတ်ထင်ထင် ကမ္ဗည်းထိုးခံရပေမယ့် အညတြများစွာရဲ့ လုပ်ဆောင်မှုတွေကတော့ မှေးမှိန်ကွယ်ပျောက်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ်ယုံကြည်တဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့ကတော့ ရှိသမျှခွန်အားကိုအရင်းတည်ပြီး အားထုတ်ကြိုးပမ်းကြရမှာဖြစ်ပါတယ်။
ခေတ်သစ် အမေရိကန်ပြည်ထောင်စုရဲ့ ငွေစက္ကူတွေမှာ ဂျော့ဂျ်ဝါရှင်တန်အစရှိတဲ့ သမ္မတ ၅ ဦးနဲ့ နိုင်ငံတည်ထောင်ခဲ့သူ တိုင်းပြည်ဖခင် (Founding Father) ၂ ဦးရဲ့ပုံများကို ထည့်သွင်းရိုက်နှိပ်ပြီး ဂုဏ်ပြုထားပါတယ်။ Founding Father နှစ်ဦးအနက် တစ်ဦးက ဘင်ဂျမင် ဖရန်ကလင် ဖြစ်ပါတယ်။ အမေရိကန်လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံပါဝင်သလို အသက်အရွယ်အိုမင်းတဲ့အထိ တိုင်းပြည်အတွက်ဆောင်ရွက်ခဲ့သူမို့ ခုလိုဂုဏ်ပြုခဲ့ခြင်းဖြစ်ပါတယ်။
အမေရိကန်တော်လှန်ရေးအတွင်း ဘင်ဂျမင် ဖရန်ကလင်ရဲ့ "ပူးပေါင်းမှာလား သေမလား" (Join, or Die) ဆိုတဲ့ တိုက်တွန်းနှိုးဆော်ချက်က ကိုလိုနီနယ်တွေကို စည်းလုံးဖို့တိုက်တွန်းရာမှာ များစွာ အသုံးဝင်ခဲ့ပါတယ်။ ဒီနှိုးဆော်ချက်က နိုင်ငံရေးကာတွန်းဖြစ်ပြီး အပိုင်း ၈ ပိုင်း ပြတ်တောက်နေတဲ့ မြွေတစ်ကောင်နဲ့ သရုပ်ဖော်ထားပါတယ်။ ပြတ်တောက်နေတဲ့အစိတ်အပိုင်းတွေက ကိုလိုနီနယ်တွေကို ကိုယ်စားပြုထားပါတယ်။ မညီမညွတ် အပိုင်းပိုင်း ပြတ်တောက်ပြီး အသေခံမှာလား၊ ပူးပေါင်းကြမှာလား လို့ တိုက်တွန်းခဲ့တာပါ။
ဘင်ဂျမင် ဖရန်ကလင်ရဲ့ ဒီနိုင်ငံရေးကာတွန်းက ပြင်သစ်-အင်ဒီးယန်း စစ်ပွဲအတွင်း စတင်ပေါ်ပေါက်ခဲ့တာပါ။ ၁၇၅၄ ခုနှစ် မေလ ၉ ရက်နေ့ထုတ် သူ့ရဲ့ ပင်န်ဆင်ဗေးနီးယား ဂေဇက် သတင်းစာမှာ စတင်ဖော်ပြခဲ့တဲ့ ဒီကာတွန်းကို နောင်အနှစ် ၂၀ လောက်အကြာမှာ ပေါ်ပေါက်လာတဲ့ အမေရိကန်တော်လှန်ရေးအတွင်း ဆက်လက်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီကာတွန်းဟာ အမေရိကန်တော်လှန်ရေးမှာ အရေးပါခဲ့သလို ညီညွတ်ရေးအတွက်လည်း ခွန်အားဖြစ်ခဲ့ပါတယ်။
တကယ်တော့ ဘင်ဂျမင် ဖရန်ကလင်က တီထွင်သူ၊ သိပ္ပံပညာရှင်၊ စာရေးဆရာ၊ ပုံနှိပ်ထုတ်ဝေသူတစ်ဦးပါ။ ဒါပေမယ့် အမေရိကန်လွတ်လပ်ရေးအတွက် ရှေ့တန်းကပါဝင်သူ မျိုးချစ်တစ်ဦးဖြစ်ပြီး နိုင်ငံရေးအတွေးအခေါ်ပညာရှင်အဖြစ်ပါ ထင်ရှားသူဖြစ်ပါတယ်။ သူက စာတွေရေး၊ စာအုပ်တွေ ထုတ်ဝေပြီး လူထုအသိအမြင် ကြွယ်ဝဖို့၊ အတွေးအခေါ်မြင့်မားဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူ့ရဲ့စာအုပ်တွေကြောင့် ကိုလိုနီနယ်သားတွေဟာ အခြားကိုလိုနီနယ်သားတွေ၊ ဥရောပက လူတွေနဲ့ အလှမ်းဝေး ကွာဟတယ်လို့ မခံစားရအောင် အသိအမြင် ပွင့်လင်းခဲ့ကြပါတယ်။
စာအုပ်စာတမ်းတွေ ရေးသားထုတ်ဝေခဲ့၊ တီထွင်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဖရန်ကလင်က အမေရိကန်လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြတဲ့ တော်လှန်ရေးကာလအတွင်းမှာလည်း ပညာရှင်တစ်ဦး၊ မျိုးချစ်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် တင်းကျပ်တဲ့ အခွန်ကိစ္စအပါအဝင် အခြားသောအရေးကိစ္စများကြောင့် အင်္ဂလန်နဲ့ အဆင်မပြေဖြစ်လာတဲ့အခါ ကိုလိုနီနယ် ခေါင်းဆောင်တွေက ဖရန်ကလင်ကို အင်္ဂလန်ကိုသွားရောက်ဖို့ စေလွှတ်ခဲ့ကြပါတယ်။ သူတို့က ကြုံနေတဲ့အရေးကိစ္စတွေ ပြေလည်အောင် ဖရန်ကလင် ကြိုးပမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
"ပူးပေါင်းမှာလား သေမလား" တိုက်တွန်းချက် ကာတွန်း |
ဖရန်ကလင်ဟာ အင်္ဂလန်မှာ ၁၀ နှစ်ကြာ နေထိုင်ရင်း ကိုလိုနီနယ်သားတွေရဲ့ခံစားချက် ဘယ်လိုရှိတယ်ဆိုတာ အင်္ဂလိပ်တွေ နားလည်အောင် ကြိုးပမ်းရင်း ကူညီခဲ့ပါတယ်။ ဒါပေမယ့် ကိုလိုနီနယ်တွေနဲ့ ကိုလိုနီအစိုးရရဲ့ ပဋိပက္ခက ပိုမိုကြီးထွားလာခဲ့တာ တစ်ဖက်နဲ့တစ်ဖက် စစ်မက်တွေပေါ်ပေါက် တိုက်ခိုက်ကြတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့စစ်အင်အားအကြီးဆုံး အင်္ဂလိပ်ကို တိုက်နေရတဲ့ စစ်ပွဲတွေမှာ ကိုလိုနီနယ်သား မျိုးချစ်တွေအနေနဲ့ အကူအညီများစွာ လိုအပ်ပါတယ်။ ဒါကြောင့် ဖရန်ကလင်က ပြင်သစ်အနေနဲ့ကူညီဖို့ ပြင်သစ်ကိုသွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ပြင်သစ်က သင်္ဘောတွေ၊ လက်နက်တွေ၊ စစ်သည်တွေ ပေးပို့ကူညီခဲ့ပါတယ်။ သူဟာ အသက် ၈၁ နှစ်အရွယ်ထိ ဖွဲ့စည်းပုံရေးဆွဲခြင်းအပါအဝင် နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီကနေ့ထိ သူ့ကို အမှတ်တရ လေးစားဂုဏ်ပြုနေတာ ဖြစ်ပါတယ်။
တော်လှန်ရေးဆိုတာ ဂျော့ဂျ်ဝါရှင်တန်လို တိုက်ပွဲတွေကို ဦးဆောင်တိုက်နေသူတွေ ရှိရမှာဖြစ်သလို၊လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့ ဖရန်ကလင်လို ဦးဆောင်သူတွေလည်း များစွာပါဝင်မှ အောင်မြင်မှာပါ။ ကျနော်တို့ရဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံက ပါဝင်ဆင်နွှဲနေကြတာမို့ အောင်ပွဲနဲ့ နီးသထက် နီးလာပါပြီ။ တကွဲတပြားတွေမဟုတ်ဘဲ တက်ညီလက်ညီ ဦးနှောက်ကြီးကြီး နှလုံးသားကြီးကြီးနဲ့ ခရီးဆက်ရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိမှာ အသေအချာဖြစ်ပါတယ်။
ငါတို့မှာ ငါတို့ရှိပါတယ်။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar