Breaking News

သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမ စာမျက်နှာ (၅) နိဂုံး

Warrant Officer David Harvey, who was engaged in covert surveillance in the Falklands, with fellow SAS troops, 1982

သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမ စာမျက်နှာ (၅) နိဂုံး

(မိုးမခ) ဇူလိုင် ၂၆ ၊ ၂၀၂၃


အခက်အခဲများကြားထဲကနေ အခွင့်အရေးကို ဖမ်းဆုပ်တတ်ကြဖို့ ပြောလေ့ရှိကြပေမဲ့ ဒါဟာ လူတိုင်းအတွက် မဟုတ်နိုင်တာကိုတော့ လက်ခံကြရပါလိမ့်မယ်။ ‘စတာလင်’ကတော့ လူနည်းစုထဲ ပါတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ 

တပ်ဖွဲ့ဝင်များစွာ အသက်ဆုံးရှုံးရပြီး မအောင်မြင်ခဲ့တဲ့ ‘အော်ပရေးရှင်း စကွပ်တာ’ လေထီးစစ်ဆင်ရေးတုန်းက LRDG (Long Range Desert Group) ဆိုတဲ့ သဲကန္တာရကို ကောင်းစွာကျွမ်းကျင်တဲ့ ကင်းထောက်တပ်ဖွဲ့ရဲ့ မော်တော်ယာဉ်များနဲ့ အပြန်ခရီးလာကြိုဖို့ စီစဉ်ထားခဲ့တာပါ။

စစ်ဆင်ရေးအပြီး သုံးသပ်မှုပြန်လုပ်ရင်း သူများနဲ့မတူ အမြဲဖောက်ထွက် စဉ်းစားလေ့ရှိသူ ‘စတာလင်’ တွေးလိုက်တာက အပြန်မှာ လာခေါ်ကြသလို အသွားခရီးကိုလည်း LRDG က ပို့ဆောင်ပေးတဲ့ စစ်ဆင်ရေးအဖြစ် ပြောင်းလဲပစ်ဖို့ ကြံစည်မိခြင်းပါ။ ဒါဟာ အခက်အခဲတွေထဲက အခွင့်အရေးကို ရအောင်ရှာဖွေနိုင်တဲ့ ‘စတာလင်’ရဲ့ အရည်အချင်းလို့လည်း ပြောနိုင်ပါတယ်။ ကနဦး SAS စစ်ဆင်ရေးရဲ့ ဗျူဟာအလှည့်အပြောင်းလို့လည်း ဆိုနိုင်ပါတယ်။

ဒီဇင်ဘာလလယ်မှာ ပြန်စတဲ့ SAS စစ်ဆင်ရေးတွေရဲ့ ရလဒ်ကို ပြန်ကြည့်ရင် ‘ပက်ဒီမိန်း’ရဲ့ ‘တာမက်’(Tamet) နဲ့ ‘ဖရေဆာ’(Bill Fraser)ရဲ့ ‘အက်ဂါဒါးဘီးယား’ (Agedabia)လေတပ်စခန်း စစ်ဆင်ရေးတွေကနေ လေယာဉ်ပေါင်း (၆၀) ကျော် ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်။ နောက်ထပ် စစ်ဆင်ရေးရလဒ်တွေနဲ့ ထပ်ပေါင်းတဲ့အခါ ဒီဇင်ဘာလ မကုန်မီ သက်တမ်း ၆ လအတွင်းမှာပဲ SAS တပ်ဖွဲ့တွေ အနေနဲ့ စုစုပေါင်း လေယာဉ်အစင်း ၉၀ ပတ်ဝန်းကျင် ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဒီ SAS အော်ပရေးရှင်း လုပ်ဆောင်ကြပုံတွေကို အကျယ်ချဲ့ ရေးသားလေ့ ရှိကြပေမယ့် ဆောင်းပါးရဲ့ ဦးတည်ချက်နဲ့ လွဲမသွားစေလိုတဲ့အတွက် အသေးမစိတ်လိုတော့ပါဘူး။ ဒီမစ်ရှင်တွေဟာ လေတပ်စခန်းများကို အဓိက ဖောက်ခွဲဖျက်ဆီးခဲ့ကြတာတွေပါ။ SAS တပ်ဖွဲ့ အစောပိုင်းကာလအကြောင်း ဆောင်းပါးရေးတဲ့အခါ ဒီအော်ပရေးရှင်းတွေကို ချန်လှပ်လို့မရလို့ ထည့်သွင်းရေးရတာဖြစ်ပေမယ့် လေယာဉ်တွေ ဘယ်လိုဘယ်ပုံ ဖျက်ဆီးကြတယ်ဆိုတဲ့အကြောင်း အသားပေး ရေးသားနေသလိုမျိုးလို့ နားလည်မှုမလွဲစေလိုတဲ့အတွက် ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက စစ်နည်းဗျူဟာတွေဟာ အခုကာလမှာ လက်တွေ့မကျတာတွေလည်း ရှိနိုင်သလို ‘စတာလင်’ ကိုယ်တိုင် ရှိနေသေးခဲ့ရင်လည်း အများတွေးတောတာနဲ့ ကွဲထွက်အောင် ကြံဆတတ်တဲ့သူဖြစ်လို့ ခေတ်နဲ့ပို လိုက်လျောညီထွေမယ့် နည်းပရိယာယ်သစ်များနဲ့ အကွက်ချ စဉ်းစားဦးမှာ သေချာပါတယ်။

ဒီဆောင်းပါးကတော့ ကူညီပံ့ပိုးမှုကောင်းစွာ မရသေးချိန်မှာ SAS အနေနဲ့ ဘယ်လိုစိတ်ဓာတ်မျိုးထား၊ ဘယ်ပုံ စုဖွဲ့လေ့ကျင့်ကြပြီး ဗျူဟာမြောက် စစ်ရေးပစ်မှတ်ကြီးကြီးတွေကို ပြင်ဆင်ချဉ်းကပ်ကြပုံလောက်ကိုပဲ ယေဘုယျဆန်ဆန် စူးစမ်းကြည့်တာမျိုးပါ။ သမိုင်းဖြစ်ရပ်မှန်တိုင်းမှာ သင်ခန်းစာယူစရာ၊ ဆန်းစစ်လေ့လာစရာတွေ ရှိကြပါတယ်။

ပြီးပြည့်စုံရန် မလွယ်ကူခဲ့သည့် ဆုတ်ခွာမှုဗျူဟာ

စစ်ဆင်ရေးတိုင်းမှာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ရေးက အရေးကြီးတဲ့အတွက် ‘စတာလင်’ကလည်း LRDG တပ်ဖွဲ့ နဲ့ အစီအစဉ်တကျ လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အခက်အခဲများစွာ ရှိခဲ့ပါတယ်။

သဲပင်လယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ သဲကန္တာရထဲ LRDG တပ်ဖွဲ့တွေ ခရီးအသွားအပြန် တာဝန်ယူပေးတယ် ဆိုပေမဲ့ ခရီးစဉ် အစအဆုံး ချောချောမွေ့မွေ့ ဖြစ်ဖို့ မလွယ်ကူပါဘူး။ ပစ်မှတ်ဖြစ်တဲ့ လေတပ်စခန်းဂိတ်အဝမှာ ချထားခဲ့ပြီး အဲဒီနေရာကိုပဲ ပြန်လာကြိုရခြင်းမျိုး လုပ်လို့မရတဲ့အတွက် လုံခြုံရေးအနေအထားအရ မရိပ်မိနိုင်တဲ့ ခပ်လှမ်းလှမ်း မိုင်ပေါင်းများစွာ အကွာအဝေးမှာ ချထားခဲ့ပြီး SAS တပ်ဖွဲ့များက ပစ်မှတ်နေရာဆီ ခြေလျင် အရောက်သွားကြရပါတယ်။

ဒီနောက် ရပ်နားထားတဲ့ လေယာဥ်တည်နေရာ၊ လုံခြုံရေးယူကြပုံများကို မစ်ရှင်မစမီ ရက်တွေမှာ ကြိုပြီး လေ့လာကြရတယ်။ ညအမှောင်ကို အကာအကွယ်ပြုပြီး လုပ်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်လို့ ဖောက်ခွဲဖျက်ဆီးပြီးတာနဲ့ အမြန် ပြန်ထွက်ခဲ့ကြရကာ ဆုံမှတ်ဆီ ညတွင်းချင်း ခြေလျင်ခရီးဆက်ရတာကိုက နာရီပေါင်းများစွာကနေ ရက်နဲ့ချီပြီးလည်း ကြာတတ်ပါတယ်။ ဒီအတွက် တချို့သုံးသပ်သူများက SAS တပ်ဖွဲ့ဝင်တွေရဲ့ ရှင်သန်မှုသက်တမ်းဟာ စစ်ဆင်ရေးတခုနဲ့တခု ကြားထဲလောက်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ ရန်သူ့စခန်းထဲက ကိုယ်လွတ်ရုန်း ပြန်ထွက်နိုင်ဖို့ အရမ်းခက်ခဲတာကို ပြောချင်တာပါ။

နာဇီဖက်ဆစ်တပ်တွေကလည်း သူတို့စခန်းကို အလစ်အငိုက်တိုက်ခိုက်ပြီး ခြေလျင်ထွက်ပြေးသူတွေနောက် မြေပြင်ကရော ဝေဟင်ကပါ လိုက်လံရှာဖွေ ပစ်ခတ်ကြပါတယ်။ နာရီပေါင်းများစွာကြာတဲ့ ခြေလျင်ခရီးမှာ လွတ်မြောက်သွားခဲ့ဦးတော့ ဆုံမှတ်ကနေ LRDG ကားများနဲ့ အပြန် မိုင်ရာပေါင်းများစွာ ရှည်လျားပြီး ပုန်းရှောင်စရာ မရှိသလောက်နည်းပါးတဲ့ သဲကန္တာရ ဟင်းလင်းပြင်မှာ ရန်သူ့ကင်းစခန်း၊ ကင်းလှည့်ယာဉ်တွေ လက်က လွတ်အောင် ရှောင်ရှားရတာကလည်း မလွယ်ပါဘူး။ လစ်ဗျားထဲကနေ ရက်နဲ့ချီပြီး မောင်းပြန်ကြရတာမျိုးလည်း ရှိပါတယ်။

အဆိုးဆုံးလို့ ပြောရမှာက သဲကန္တာရထဲ ဖြတ်မောင်းနေတုန်း သူတို့ကို လိုက်ရှာတဲ့ ရန်သူလေယာဉ်တွေနဲ့ ကြုံရတာမျိုးပါ။ သဲပင်လယ်ထဲ ထီးထီးဖြစ်နေတဲ့ ပစ်မှတ်တွေကို လေယာဉ်ပေါ်ကနေ စိတ်ကြိုက် စိမ်ပြေနပြေ ပစ်ခတ်တာမျိုး ခံရပါတော့တယ်။ SAS တပ်ဖွဲ့တွေဟာ ၁၉၄၁ ခုနှစ် အကုန်တဝိုက်မှာ စစ်ဆင်ရေး အောင်မြင်မှုတွေနဲ့ ရရှိခဲ့တယ် ဆိုပေမယ့် သူတို့တပ်ဖွဲ့အတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတခုလည်း ကြုံတွေ့ခဲ့ရပါတယ်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ Norfilia လေတပ်စခန်း စစ်ဆင်ရေးက ပြန်လာတဲ့ ‘လူးဝစ်’တို့ရဲ့ ယာဉ်တန်းကို ဂျာမန်စစ်လေယာဉ် Messerschmitt 110က ရှာဖွေတွေ့ရှိပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သူ့ချစ်သူဆီ လက်ထပ်ခွင့်တောင်းထားတဲ့ ‘လူးဝစ်’ဟာ လက်ခံပါတယ်ဆိုတဲ့ ချစ်သူရဲ့ ပြန်စာကို ဘယ်တော့မှ ဖတ်ခွင့်မရခဲ့ပါဘူး။ ဂျာမန်လေယာဉ်ရဲ့ ပစ်ခတ်မှုကြောင့် ‘လူးဝစ်’ ကျဆုံးခဲ့ရပါတယ်။

တော်ဝင်အင်ဂျင်နီယာတပ်နဲ့ လေတပ်က ကျွမ်းကျင်သူများ မပြုလုပ်ပေးနိုင်ခဲ့တဲ့ ‘လူးဝစ်’ဗုံးကို တီထွင်ပေးခဲ့သူ၊ အင်္ဂလန်မှာရှိတဲ့ RAF Ringway လေထီးသင်တန်းကျောင်းကို သင်တန်းပေးဖို့ အကူအညီတောင်းပေမယ့် ငြင်းပယ်ခဲ့ကြတဲ့အခါ ကိုယ်တိုင်မဖြစ်ဖြစ်အောင် လေ့ကျင့်သင်တန်းပေးခဲ့သူ၊ တပ်ဖွဲ့ဝင်အားလုံး လေးစားကြရတဲ့ ထူးချွန် ထက်မြက်တဲ့ သင်တန်းဆရာကောင်း ‘လူးဝစ်’ ကျဆုံးခြင်းဟာ ‘စတာလင်’ အတွက်တော့ လက်ရုံးတဖက် ပြုတ်သွားခြင်းပါပဲ။ တပ်ဖွဲ့ တခုလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။

‘အော်ပရေးရှင်း စကွပ်တာ’လို တပ်ဖွဲ့ဝင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ လေထီးစစ်ဆင်ရေးထက်တောင် ‘လူးဝစ်’ ကျဆုံးမှုက ပိုဆိုးဝါးခဲ့တယ် ဆိုတဲ့ ‘ရက်ဒ်ဆိကင်း’ (Red Seekings)ရဲ့ ပြောဆိုချက်က တပ်ဖွဲ့ဝင်တွေရင်ထဲက ခံစားချက် အတိမ်အနက်ကို ဖော်ပြပါတယ်။

၁၉၄၂ ခုနှစ်ထဲ ရောက်တဲ့အခါမှာတော့ စစ်ဆင်ရေးအောင်မြင်မှု ရလဒ်တွေနဲ့ အတူ SAS တပ်ဖွဲ့ဟာ အသိအမှတ်ပြုခံလာရပါတယ်။ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခံရတာ၊ ရာထူးတိုးမြှင့်ခံရတာမျိုးအပြင် တပ်ဖွဲ့ဝင်အင်အားလည်း တိုးမြှင့် ခန့်အပ်လာနိုင်ပါပြီ။

ပြောခဲ့သလိုပါပဲ။ ဒီဆောင်းပါးဟာ ၁၉၄၁ ခုနှစ် ဇူလိုင်လမှာ စတင်ဖွဲ့စည်းခဲ့တဲ့ SAS ရဲ့ အစောပိုင်း ၆ လ ကာလ အခက်အခဲများကြားက လေ့ကျင့်ဆောင်ရွက်ကြရပုံများကိုသာ ဖော်ပြဖို့ ရည်ရွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကနဦးအချိန်မှာ အောင်မြင်မှုအတွက် အဓိကအခန်းက ပါဝင်ခဲ့တဲ့ သူတို့ကိုယ်တိုင်ရဲ့  ကြိုးစားအားထုတ်မှုကို မီးမောင်းထိုးပြချင်လို့ပါ။ ဗြိတိသျှအင်ပါယာ စစ်တပ်သမိုင်းမှာ မရှိခဲ့ဘူးလို့တောင် ဆိုနိုင်တဲ့ တပ်ဖွဲ့တွေ နေထိုင်စရာ တဲစခန်းတောင် မရရှိလို့ အနီးတပ်စခန်းက ရှိသမျှခိုးယူပြီး စတင်ခဲ့ကြရတဲ့ SAS တပ်ဖွဲ့ ရုန်းကန်ခဲ့ရစဥ် ကာလကိုသာ အသားပေး ရေးထားတဲ့အတွက် အသိအမှတ်ပြုခံရပြီးနောက် ဖြစ်ရပ်တွေ ပါဝင်မှာ မဟုတ်တော့ပါဘူး။

လျှို့ဝှက်ချက်က လျှို့ဝှက်ခြင်းသာပင်

‘စတာလင်’က LRDG တပ်ဖွဲ့ဟာ SAS ရဲ့ ဂုဏ်ထူးဆောင် မိသားစုဝင်တွေ ဖြစ်တယ်ဆိုပြီး SAS အောင်မြင်မှုများအတွက်‌ LRDG အရေးပါမှုကို ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ အဆုံးမရှိ ကျယ်ပြန့်တဲ့ သဲကန္တာရထဲမှာ ဂျီပီအက်စ်လို လမ်းခရီး ကျွမ်းကျင်စွာ ညွှန်ပြပေးနိုင်သူ LRDG တပ်ဖွဲ့ဝင် ‘မိုက်ခ်ဆက်ဒ်လာ’ (Mike Sadler) ကို ‘စတာလင်’ က SAS တပ်ဖွဲ့ထဲ နောက်ပိုင်းခေါ်ယူ တာဝန်ပေးခဲ့ပါတယ်။ SAS ရဲ့ အစောပိုင်းမစ်ရှင်တွေမှာကတည်းက LRDG အနေနဲ့ အတူ ပါဝင်ခဲ့သူဖြစ်လို့  သူ့ကို မူလ SAS တပ်ဖွဲ့ဝင်လို့ပဲ သတ်မှတ်ကြပါတယ်။ အခုဆို အသက် ၁၀၃ နှစ် ပြည့်သွားပြီဖြစ်တဲ့ ‘ဆက်ဒ်လာ’ ဟာ နောက်ဆုံးလက်ကျန် အော်ရီဂျင်နယ် SAS ပါ။

သမားရိုးကျ စစ်ဆင်ရေးပုံသဏ္ဌာန်ကနေ ခွဲထွက်ခဲ့ပြီး ကာလတိုအတွင်းမှာ ရရှိခဲ့တဲ့ မူလပထမ SAS တို့ရဲ့ အောင်မြင်မှုကို ဘယ်စစ်သမိုင်းသုတေသီကမှ ငြင်းပယ်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့် အောင်မြင်ခဲ့သလဲ ဆိုတဲ့ မေးခွန်းနဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်များကို စိတ်ဝင်တစား ရှိတတ်ကြပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ ‘ဆက်ဒ်လာ’ ရဲ့ အင်တာဗျူးများကနေ အဖြေရှာကြည့်တာ အကောင်းဆုံးလို့ ယူဆပါတယ်။

သူ့ရဲ့အဖြေက ရှင်းပါတယ်။ SAS ရဲ့ အောင်မြင်မှုဟာ လျှို့ဝှက်တတ်မှုကြောင့်လို့ ပြောရမှာဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ ‘စတာလင်’က လူသိလုံးဝမခံချင်တဲ့ လျှို့ဝှက်တတ်တဲ့ လူစားမျိုးဖြစ်ကြောင်းကို ပြောပြပါတယ်။ ‘ဆက်ဒ်လာ’ကိုယ်တိုင်လည်း အခုလိုမျိုး SAS အတွေ့အကြုံတွေ ပြန်ပြောပြဖို့ ကြုံလာရင်တောင်မှ နှစ်ခါပြန် စဉ်းစားနေတတ်သေးကြောင်း ပြောခဲ့ပါတယ်။ SAS တယောက်အတွက် လျှို့ဝှက်တတ်မှုနဲ့ ဘယ်လောက်တောင် ကျင့်သားရနေဆဲဆိုတာ တွေ့နိုင်ပါတယ်။

လျှို့ဝှက်မှုကြီးသလို ဘယ်အချိန်ပေါ်လာမှန်း မသိအောင် အလစ်အငိုက် တိုက်ခိုက်တတ်တဲ့ ‘စတာလင်’ကို နာဇီ၊ ဖက်ဆစ်တပ်ဖွဲ့တွေကြားမှာ လူစင်စစ်လို့တောင် မြင်ဖို့ခက်လာပြီး Phantom Major လို့ နာမည်ပေးခဲ့ကြပါတယ်။ Tamet လေတပ်စခန်းကို ‘ပက်ဒီမိန်း’ဖျက်ဆီးပြီး ရက်အနည်းငယ်လေးအတွင်းမှာပဲ ‘စတာလင်’က ထပ်ပြီးလွှတ်တော့ ‘ပက်ဒီမိန်း’က အဖျက်ဆီးခံရလို့ အစားထိုးထပ်ဖြည့်လာတဲ့ လေယာဥ်အသစ် ၂၄ စီးကို ထပ်ဖျက်နိုင်ခဲ့ပါတယ်။ ရန်သူဘက်က ဒီအချိန်တိုအတွင်း ထပ်လာဖျက်မယ်လို့  မျှော်လင့်မှာမဟုတ်ဘူးဆိုပြီး ‘စတာလင်’ အငိုက် ထပ်ဖမ်းလိုက်ပြန်တာပါ။ 

‘စတာလင်’ဟာ ဒီလိုလူစားမျိုးဖြစ်သလို သူ့တပ်ဖွဲ့ဝင်တွေကလည်း အစွမ်းအစ အပြည့်နဲ့ပါပဲ။ တကယ်တော့ သူတို့တတွေဟာ ‘ဂျစ်ဆော’ (Jigsaw) ရုပ်ပုံကားချပ်ဆက်သလို အားလုံးပေါင်းပြီး SAS တပ်ဖွဲ့ကို ပုံဖော်ကြသလိုပါပဲ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်လွန်းလှပါတယ်။ အစမှာ အချင်းချင်း အဆင်မပြေကြသူတွေ ရှိပေမဲ့ သူ့နေရာနဲ့သူ သူ့အရည်အချင်းနဲ့သူ ရှိကြတာကို လက်ခံလာကြရာက ကျစ်လျစ်တဲ့ ဖွဲ့စည်းမှုမျိုး ရရှိလာခဲ့တာပါ။

အာဖရိကမြောက်ပိုင်း စစ်မျက်နှာမှာ သူတို့ SAS တပ်ဖွဲ့က ဖျက်ဆီးလိုက်နိုင်တဲ့ လေယာဉ်အရေအတွက်ဟာ ဗြိတိသျှတော်ဝင်လေတပ် (RAF) က ပစ်ချနိုင်ခဲ့တဲ့ အရေအတွက်ထက်တောင် ပိုများပြားခဲ့တယ်လို့လည်း ‘ဆက်ဒ်လာ’ က ပြောခဲ့ပါတယ်။ စာရင်းအတိအကျရဖို့ ခက်ပေမယ့် SAS တို့ မြေပြင်မှာ ဖျက်ဆီးခဲ့တဲ့ စုစုပေါင်း လေယာဉ်အစင်း ၃၀၀ ထက်ပိုတယ်လို့ National Army Museum က ဆိုထားပါတယ်။ ဝင်ရိုးတန်းတပ်ဖွဲ့တွေအနေနဲ့ စိတ်ဓာတ် အလွန်ချောက်ချားသွားခဲ့ရသလို လုံခြုံရေးအတွက် တပ်ဖွဲ့များစွာကို ရှေ့တန်းက ပြန်ခေါ်ခဲ့ရပါတယ်။

SAS တို့ရဲ့ အောင်မြင်မှုကို ပိုထင်သာစေတဲ့ တခြားသက်သေရှိပါသေးတယ်။ ‘ရွမ်းမဲလ်’ကိုယ်တိုင်က သူ့ဒိုင်ယာရီ ထဲမှာ ‘စတာလင်’တို့ SAS တွေလောက် သူတို့ကို အထိနာစေခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့မျိုး မရှိခဲ့ဘူးလို့ ရေးသားထားခဲ့တယ်ဆိုရင် အတော်လေး လုံလောက်ပါလိမ့်မယ်။

‘ဆက်ဒ်လာ’‌ရဲ့ အဆိုအရ သူတို့ရဲ့အောင်မြင်မှုဟာ လျှို့ဝှက်ကြံစည် လုပ်ဆောင်တတ်မှုကြောင့်လို့  လက်ခံကြရပါလိမ့်မယ်။ တကယ်လည်း SAS အထူးတပ်ဖွဲ့နဲ့ လျှို့ဝှက်မှုဆိုတာ အခုချိန်အထိ ခွဲခြားမရပါဘူး။ SAS အနေနဲ့ ခြေသံလုံလုံနဲ့ မစ်ရှင်တွေ ဆောင်ရွက်ခဲ့သလို ဒီအော်ပရေးရှင်းတွေ ပြီးဆုံးသွားခဲ့ရင်တောင် သက်ဆိုင်ရာများက လုံခြုံရေးသတိရှိရှိ ဆက်စောင့်ထိန်းပေးကြပါတယ်။

ဥပမာ ဗြိတိန်အစိုးရကိုယ်တိုင်ကလည်း ‘ဘောစနီးယား’စစ်ပွဲနဲ့ SAS ပတ်သက်မှု ပါလီမန်မှာ မေးခွန်းထုတ်ခံခဲ့ရစဉ်က ထိုစဥ်က ‘ဂျွန်မေဂျာ’ အစိုးရက အထူးတပ်ဖွဲ့တွေအကြောင်း မှတ်ချက်ပေးလေ့ မရှိတာဟာ ဗြိတိန်အစိုးရ အဆက်ဆက်ရဲ့ ပေါ်လစီဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဒီနေ့ထက်ထိတိုင် သိုသိပ်စွာ ကျင့်သုံးဆဲလို့ နားလည်ရပါတယ်။ ဗြိတိန်ဟာ သူတို့ရဲ့ SAS ရေးရာများကို တခြားနိုင်ငံတွေထက် ပိုလျှို့ဝှက်လေ့ရှိပါတယ်။

စာရေးဆရာတဦးလည်းဖြစ်တဲ့ ဝန်ကြီးချုပ် ’ချာချီလ်’ဟာ ဒုတိယကမ္ဘာစစ် အကြောင်း နှစ်အပိုင်းအခြားနဲ့ စာအုပ် အတွဲလိုက်များ နောက်ပိုင်းမှာ ရေးသားခဲ့ပါတယ်။ သူက SAS ဖြစ်တည်မှုနဲ့ အော်ပရေးရှင်းတွေကို နားလည်ပတ်သက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့သား ‘ရန်ဒေါဖ့်ချာချီ (Randolph Churchill) ကလည်း ‘စတာလင်’ရဲ့ SAS စစ်ဆင်ရေးအချို့မှာ ပါဝင်ခဲ့ဖူးသူ ဖြစ်သလို ချာချီ’ကိုယ်တိုင်လည်း ‘စတာလင်’နဲ့ တွေ့ဆုံဖူးကာ SAS အ ကြောင်း ဆွေးနွေးခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ ဒီဆောင်းပါးမှာ ရွေးချယ်ဖော်ပြထားတဲ့ ကာလနဲ့ပတ်သက်ပြီး ရှာဖွေကြည့်တဲ့အခါ သူ့ရဲ့ ၁၉၄၁ ခုနှစ် ဇွန် - ၁၉၄၂ ခုနှစ် ဇန်နဝါရီအထိ အသေးစိတ် ရေးသားထားတဲ့ စာအုပ်တွဲမှာ နိုင်ငံ့ခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်များနဲ့ စာပေးစာယူများ၊ စစ်ဆင်ရေးများ၊ ‘ရွမ်းမဲလ်’နဲ့ အာဖရိကမြောက်ပိုင်း စစ်မျက်နှာအကြောင်းတို့ကို ဖော်ပြထားပေမယ့် SAS တပ်ဖွဲ့အကြောင်း မတွေ့ရှိခဲ့ပါဘူး။ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့တယ်လို့ပဲ ယူဆမိပါတယ်။ 

အစိုးရနဲ့ တာဝန်ရှိသူများဘက်ကသာ မဟုတ်ပါဘူး၊ သတင်းမီဒီယာများဘက်ကလည်း တာဝန်ထမ်းဆောင်ဆဲ SAS တပ်ဖွဲ့ဝင်များကို မတတ်သာလို့ ဖော်ပြကြရရင်တောင် မျက်နှာဝေဝါးမှုပြုလုပ်ပြီးမှ သို့မဟုတ် ဖုံးကွယ်ထားပြီးမှ သတင်းဖော်ပြကြတာ ကျင့်ထုံးတခုလို ဖြစ်နေပါပြီ။ ဒါမှလည်း နောက်လျှို့ဝှက်တဲ့ မစ်ရှင်များမှာ လျှို့ဝှက်စွာ ဆက်လက်ပါဝင်နိုင်ကြမှာပါ။ ဒီလိုမှမဟုတ်လို့ကတော့ ရန်သူအတွက် လွယ်ကူစွာ ထောက်လှမ်းသွားနိုင်မှာ ဖြစ်ပြီး ဆက်နွှယ်တဲ့ အော်ပရေးရှင်းနဲ့ ဆက်စပ်ကွန်ရက်တခုလုံး ပျက်စီးသွားစေနိုင်ပါတယ်။

SAS တပ်ဖွဲ့ဝင်တွေရဲ့ သင်တန်းတွေထဲမှာ SAS မှန်း မသိသာစေဘဲ အရပ်ထဲ သာမန်လူတွေနဲ့ ရောနှောနေထိုင်တတ်ဖို့ လေ့ကျင့်ပေးတာမျိုး ပါပါတယ်။ နိစ္စဓူဝ မီဒီယာတွေမှာ မတွေ့ရပေမယ့် ကမ္ဘာအနှံ့ နေရာအသီးသီးမှာ SAS တွေ တာဝန်အသီးသီးနဲ့ လှုပ်ရှားနေကြပါတယ်။ လျှို့ဝှက်လုပ်ဆောင်နေကြလို့သာ သတင်းအစအန မကြားကြရတာပါ။ နှစ်တွေခေတ်တွေသာ ပြောင်းလို့သွားတယ်၊ မူလ SAS တို့ ကျင့်သုံးခဲ့တဲ့ လျှို့ဝှက်တတ်မှုကို ဆက်လက် တန်ဖိုးထား ဆုပ်ကိုင်နေကြတုန်းပါပဲ။

ဒီဇူလိုင်လအတွင်းမှာပဲ SAS အထူးတပ်ဖွဲ့ တည်ထောင်ခဲ့တာ ၈၂ နှစ် ပြည့်ခဲ့ပါပြီ။ SAS ပေါ်ပေါက်ခဲ့တဲ့ နောက်ပိုင်း သမားရိုးကျ ရင်ဆိုင်တိုက်ပွဲပုံသဏ္ဌာန်ကနေ ပြောင်းလဲလာခဲ့တဲ့ အထူးစစ်ဆင်ရေးဗျူဟာက ကမ္ဘာအနှံ့ အသားတကျ ဖြစ်လာခဲ့ပြီး ဖြစ်သလို နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေပါလိမ့်ဦးမယ်။

နိုင်ငံတကာမှာလည်း ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ထူးချွန်ထက်မြက်သူ လူငယ်များအတွက်တော့ ပြင်းထန်တဲ့ လေ့ကျင့်မှု၊ ပြင်းပြတဲ့စိတ်ဓာတ်၊ သိုသိပ်လျှို့ဝှက် ခြေသံလုံနှုတ်ဆိတ်မှု၊ ပရိယာယ်ကြွယ်ဝမှုတို့ကို အခြေခံထားတဲ့ အထူးတပ်ဖွဲ့များမှာ ဝင်ရောက်စွန့်စား တာဝန်ထမ်းနိုင်ဖို့ ဆိုတာက သူတို့ရဲ့ ကြီးမားတဲ့ အိပ်မက်တခုအဖြစ် ဆက်ရှိနေဦးမှာ သေချာပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar