Breaking News

ကိုအောင်မှိုင်း - အနုပညာမြောက် တိုက်ခိုက်ခြင်း


ကိုအောင်မှိုင်း - အနုပညာမြောက် တိုက်ခိုက်ခြင်း

(မိုးမခ) ဩဂုတ် ၁၀ ၊ ၂၀၂၃


ဘဝဟာ

ကော်ဖီပြင်းပြင်း

တခွက် မဟုတ်ပေမဲ့

သိပ်ကို ခါးသီးတယ်။

ဘဝမှာ

အမေတယောက်

ရှိတယ်ဆိုပေမဲ့

အမေတွေတွက် နာကြည်းတယ်။


ဘဝဆိုတာ

မိုးကောင်းကင်ကြီးကို

တနေကုန် မော့ကြည့်ရင်း

ညအမှောင်မှာ မျက်ရည်ကျတာလား။


ဘဝထဲမှာ

ပြုံးနေတဲ့ဘုရား

ရယ်နေတဲ့ဘုရားတွေအပြင်

ငိုနေတဲ့ ဘုရားတွေအတွက်ပါ

ဆုတောင်းပေးကြပါဦး။


ဘဝတခု

တောင်စောင်းပေါ်က

လှိမ့်ချခံရတဲ့ ကျောက်တုံးလို

နာကျင်မှုတွေကို သင်းသတ်ကြရမယ်။


ဘဝဟောင်း

ဆတ်ဆတ်ခါနေတဲ့

ကမ္ဘာ့အိပ်မက်သစ်မှာ

မတ်မတ်ရပ်နိုင်သူတွေသာ

ကမ္ဘာ့နိုင်ငံသားသစ် ဖြစ်လိမ့်မယ်။


ဘဝသစ်

ဆုတောင်းရုံနဲ့တော့

မနက်ဖြန်ဟာ

ကြည်လင်တဲ့ ရေတခွက် မဖြစ်နိုင်ဘူး။


သွေးချင်းချင်းနီနေတဲ့

ငါတို့ခေါင်းတွေရှေ့မှာ

တံတိုင်းအိုတွေ ပြိုကျနေပြီ

တံတိုင်းသစ်တွေနဲ့ အစားထိုးရမယ်။


ဘဝဟာ

အနုပညာမြောက် တိုက်ခိုက်ခြင်းပဲ။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar