လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၄)
နိုင်ငံတကာအခင်းအကျင်းသစ်များ (၁၄)
ရှံဟဲစိတ်ဓာတ်
အခုတလော တရုတ်သတင်းမီဒီယာတွေမှာ အလွန်ခေတ်စားနေတဲ့ စကားလုံးကတော့ - ရှန်ဟိုင်းစိတ်ဓာတ် (Shanghai Spirit) တဲ့။
ကာဇက်စတန်၊ တက်ရှ်ကင့်မှာ (၃၁-၈-၂၀၂၆ / ၁-၉-၂၀၂၆) ရက်များမှာ ကျင်းပမဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO+) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် သွားတက်မှာမို့ အဲဒီသတင်းနဲ့ ဆက်စပ်နေတဲ့ သတင်းတွေလာတိုင်း ဒီစကားလုံးက တစ်နေရာမဟုတ် တစ်နေရာမှာ ပါလာနေတာပါ။
၁၉၉၁ ခုနှစ် ဆိုဗီယက်နိုင်ငံကြီး ပြိုလဲသွားမှုဟာ ကမ္ဘာ့အဖိနှိပ်ခံ ပြည်သူများရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကြီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ။ ရုရှားမှာ ဆိုရှယ်လစ်စနစ်ကို မယုံကြည်သူတွေ၊ အရင်းရှင်ပြုပြင်ပြောင်းလဲရေးပုံစံကို သွားချင်သူတွေ ခေါင်းဆောင်ဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားရဲ့ အဓိကမှီခိုအားထားရာဖြစ်တဲ့ ရေနံဈေးကွက်ကို တိုက်ခိုက်ဖြိုလှဲတာကိုလည်း ခံရတယ်။ အဲဒီအချိန်မှာ ရုရှားဆိုရှယ်လစ်စနစ် ပြိုကျသွားပေမဲ့ ရုရှားဟာ မိမိနိုင်ငံအကျိုးစီးပွား၊ မိမိတို့အမျိုးသားများရဲ့ အကျိုးစီးပွားကိုတော့ (သို့မဟုတ်) မိမိတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကိုတော့ ဆက်ရှာကြရတာ ဖြစ်ပါတယ်။
အဲဒီခေတ် ရုရှားခေါင်းဆောင်များ (ဂေါ်ဘာချော့ဗ်၊ ဘောရစ်ယဲ့လ်ဆင်) တို့က သူတို့အနေနဲ့ အရင်းရှင်စနစ်ကို လျှောက်လှမ်းကြတော့မှာဖြစ်လို့ သူတို့တတွေကို အနောက်နိုင်ငံများက အကြီးအကျယ် ဝိုင်းကူပေးလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲပါတယ်။ အမေရိကန်အပါအဝင် အရင်းရှင်ကမ္ဘာက လူတွေဟာ မိမိတို့ ရုရှားနိုင်ငံကိုပါ ပြိုကွဲအောင် လုပ်နေတာ (သို့မဟုတ်) မိမိတို့ကို ဝိုင်းအမဲဖျက်သလို ဖျက်နေတာဆိုတာ သဘောပေါက်သွားတဲ့နောက် တခြားလမ်းတွေ ရှာလာကြပါတယ်။ တကွဲတပြား ကွဲထွက်သွားတဲ့ နိုင်ငံငယ်များ ပြန်လည်စုစည်းဖို့ ကြိုးစားလာပါတော့တယ်။ ရုရှားတောင်ပိုင်း ချက်ချညာဒေသမှာ ဘာသာရေးအစွန်းရောက်များရဲ့ အကြမ်းဖက်လုပ်ရပ်များ၊ ခွဲထွက်ရေးလှုပ်ရှားမှုများ ပေါ်လာနေပါပြီ။
တရုတ်တွေအနေနဲ့ကလည်း ဆိုဗီယက်ကြီး ပြိုလဲသွားတာအပေါ် တစ်ဖက်က အထူးသဖြင့် သမရိုးကျများအတွက် ဝမ်းနည်းစရာတစ်ရပ် ဖြစ်ပေမဲ့ ပြုပြင်ပြောင်းလဲရေးသမားများက အခွင့်ကောင်းအဖြစ် သဘောထားပြီး ကိစ္စဆိုးကို ကိစ္စကောင်းအဖြစ် လှည့်ပြောင်းနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ အဲဒီကာလက တရုတ်ပြည် အနောက်မြောက်ဒေသ (ရှင်ကျန်းဒေသ မွတ်စလင်ဘာသာဝင် အများစုနေရာ) မှာ မွတ်စလင်တွေရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုကိုလည်း တရုတ်အစိုးရက အစွန်းရောက်၊ အကြမ်းဖက်နဲ့ ခွဲထွက်ရေးလှုပ်ရှားမှုအဖြစ်နဲ့ ရှုမြင်နေတယ်။ တရုတ်ပြည်အတွက် အန္တရာယ်အဖြစ်နဲ့ မြင်နေတယ်။
ဒါ့အပြင် အဲဒီဒေသတစ်လျှောက်ကလည်း ဆိုဗီယက်က ကွဲထွက်သွားတဲ့ မွတ်စလင်နိုင်ငံများနဲ့ နယ်ချင်းထိစပ်နေတာပါ။ (ပုံကိုကြည့်ပါ။)
ဒီမှာတင် တူညီတဲ့ စိန်ခေါ်မှုများ (အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒ၊ ခွဲထွက်ရေးလှုပ်ရှားမှု) ကို အတူတကွ လက်တွဲရင်ဆိုင်ဖို့ ရုရှားနဲ့ တရုတ် ပေါင်းမိပြီး ၂၀၀၁ ခုနှစ်မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization - SCO) ဆိုတာကို ရှန်ဟိုင်းမှာ စတင်ဖွဲ့စည်း ထူထောင်လိုက်ပါတယ်။
စကာစမှာ နိုင်ငံ (၆) နိုင်ငံ ပါဝင်ပါတယ်။ ၁။ ရုရှား ၂။ တရုတ် ၃။ ကာဇက်စတန် ၄။ ကာဂျစ္စတန် ၅။ တာဂျစ်ကစ္စတန် ၆။ ဥဇဘက်ကစ္စတန် တို့ ဖြစ်ကြပါတယ်။
ဒီအဖွဲ့ ဖွဲ့စည်းရာမှာ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးရဲ့ စံသတ်မှတ်ချက် (၆) ရပ် သတ်မှတ်ထားပြီး ဒီမူတွေကို စုပေါင်းပြီး ရှန်ဟိုင်းစိတ်ဓာတ်လို့ ခေါ်ဝေါ်လိုက်ပါတယ်။ အဲဒီမူတွေကတော့ - ၁။ အပြန်အလှန် ယုံကြည်မှု ၂။ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ၃။ တန်းတူညီမျှမှု ၄။ ညှိနှိုင်းဆွေးနွေးမှု ၅။ ယဉ်ကျေးမှုအမျိုးမျိုးကို လေးစားမှု ၆။ ဘုံဖွံ့ဖြိုးတိုးတက်မှုလမ်းကို ရှာဖွေမှု
ဒီစိတ်ဓာတ်ဟာ (SCO) ရဲ့ အရင်းခံဝိညာဉ်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီစိတ်ဓာတ်ဟာ (၁၉၅၅ က ဖော်ဆောင်ခဲ့တဲ့) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နဲ့လည်း အခြေခံအားဖြင့် တူညီပြီး အဖွဲ့ဝင်နိုင်ငံများအကြား ရှုပ်ထွေးခက်ခဲတဲ့ ပြဿနာများကို ဖြေရှင်းဖို့ လမ်းညွှန်ပေးနိုင်တဲ့ မူများလည်း ဖြစ်နေပါတယ်။
ဒီအချက်တွေကို အခြေခံပြီး အဖွဲ့ဖွဲ့ရာမှာ ရည်ရွယ်ချက်များကတော့ - ၁။ အိမ်နီးချင်းကောင်း ဆက်ဆံရေး မြှင့်တင်ဖို့။ ၂။ ကဏ္ဍအသီးသီး (နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကုန်သွယ်ရေး စသဖြင့်) မှာ ပူးပေါင်းဆောင်ရွက်ဖို့။ ၃။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့။ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနဲ့ အစွန်းရောက်ဝါဒများကို ပူးပေါင်းတိုက်ဖျက်ဖို့။ ၄။ ပိုမိုတရားမျှတတဲ့ နိုင်ငံတကာ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်သစ် တစ်ရပ် ရှာဖွေဖို့။
စတာတွေဖြစ်ပြီး အခုနောက်ဆုံး (၂၅ နှစ် ကြာပြီးနောက်) ကျင်းပတဲ့ အစည်းအဝေးမှာတော့ အဖွဲ့ဝင်ပေါင်း (၁၀) နိုင်ငံမှ ခေါင်းဆောင်များ၊ လေ့လာသူများ၊ ဆွေးနွေးဖက်နိုင်ငံများ (၁၇) နိုင်ငံ၊ စုစုပေါင်း နိုင်ငံပေါင်း (၂၇) နိုင်ငံမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့များ (ကုလသမဂ္ဂ၊ အာဆီယံ စသည်များ) မှ ခေါင်းဆောင်များ တက်ရောက်တာ တွေ့ရပါတယ်။
ဒေသလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် စတင်ဖွဲ့စည်းခဲ့ပေမဲ့ အခု ၂၅ နှစ် ကြာအပြီးမှာတော့ ကုန်သွယ်ရေး၊ စွမ်းအင်ဆိုင်ရာ၊ နည်းပညာပိုင်းစသဖြင့် အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုးချဲ့လာနေပါတယ်။ အထူးသဖြင့် ရန်ဖက်နိုင်ငံများ (ဥပမာ အိန္ဒိယနဲ့ ပါကစ္စတန်) အဖွဲ့အစည်းတစ်ခုအတွင်း ပါဝင်လာတော့ ပြဿနာများကို ငြိမ်းချမ်းစွာ ဝိုင်းဝန်းဆွေးနွေး ဖြေရှင်းပေးနိုင်လာကြပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ရဲ့ ထူးခြားချက်များကို အခုလို အနှစ်ချုပ် ပြောနိုင်ပါတယ်။
၁။ ဘုံအကျိုးစီးပွားတွေ တူညီတယ်။ ၂။ ဘယ်သူဖြစ်ဖြစ် ပါဝင်နိုင်တယ်။ ခွဲခြားဆက်ဆံမှု မရှိဘူးတယ်။ ၃။ အားလုံး တန်းတူညီမျှတယ်။ ၄။ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံတယ်။ မိမိနိုင်ငံလုံခြုံရေးဟာ တခြားနိုင်ငံရဲ့ လုံခြုံရေးကို မထိခိုက်စေရဘူး။ ၅။ ပေါ်ပေါက်လာတဲ့ ပဋိပက္ခများကို အပြန်အလှန် ဆွေးနွေးတိုင်ပင် ဖြေရှင်းရမယ်။ ၆။ အပြန်အလှန် အကျိုးရှိစေရမယ်။ ၇။ ဘယ်တတိယနိုင်ငံကိုမှ ပစ်ကွင်းအဖြစ် မသတ်မှတ်ဘူး။
ဒါဟာ (အနောက်နိုင်ငံများကို ဆန့်ကျင်တဲ့) မဟာမိတ်အဖွဲ့မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သာဖြစ်ပြီး၊ ဒါကို တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အာရှတိုက်နဲ့ ဥရောပ နှစ်တိုက်ပေါင်း ကမ္ဘာ့အကျယ်ပြန့်ဆုံး ကုန်းပြင်မြင့် ယူရေးရှားအတွင်း အလွန်ကြီးမားကျယ်ပြန့်လှတဲ့ ဆက်စပ်မှုကြီးတစ်ခု၊ ကုန်သွယ်ရေးလမ်းကြောင်းကြီး တစ်ကြောင်း ဖြစ်ပေါ်လာပါတော့တယ်။ လက်တွေ့အားဖြင့်လည်း ဒီဒေသတစ်လျှောက်မှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ ဘက်စုံက အတော်တည်ငြိမ်ပြီး တိုးတက်ဖွံ့ဖြိုးနေတာ တွေ့လာရပါတယ်။ ဒီအဖွဲ့ရဲ့ ဒီလိုအောင်မြင်မှုများဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများရဲ့ ပိုမိုတရားမျှတတဲ့ နိုင်ငံတကာစနစ်သစ် တစ်ရပ် ပေါ်ပေါက်ရေး ကြိုးပမ်းမှုမှာ အဆင့်တစ်ရပ် တက်လာတာကို ဖော်ထုတ်ပြသလိုက်တာဖြစ်ပြီး တခြားနိုင်ငံများအတွက်လည်း ရွေးချယ်စရာလမ်းကို ညွှန်ပြလိုက်သလို ဖြစ်သွားပါတော့တယ်။
ဒါကြောင့်ပဲ ဒီအဖွဲ့အတွင်း နောက်ထပ်ဝင်ချင်သူများ တန်းစီနေတာပါ။ ဒီနှစ် အစည်းအဝေးမှာတော့ ရေရှည်စီမံကိန်းများ (၂၀၂၆-၂၀၃၀) ချမှတ်တာတွေ တွေ့ရပါတယ်။ ဒါတွေကို ဆက်လက်လေ့လာကြည့်ရဦးမှာပါ။
လှကျော်ဇော
၆-၉-၂၀၂၆
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လှကျော်ဇော - နိုင်ငံတကာအခင်းအကျင်းသစ်များ
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar