မောင်လူမွှေး - တောထဲ တစ်နေရာက ဒုက္ခအသစ်တွေ
မောင်လူမွှေး - တောထဲ တစ်နေရာက ဒုက္ခအသစ်တွေ
မိုးမခ ၊ စက်တင်ဘာ ၈ ၊ ၂၀၂၆
"သစ်ပင်တွေကြားထဲမှာ ဟောပြောပွဲ လုပ်မယ်။ အဓိက လိုနေတာက စိတ်ဓာတ်ခွန်အားပဲ။ ကျွန်တော်တို့တွေ အထီးကျန်ကြတယ်။ အားငယ်ကြတယ်" တဲ့။
မနေ့က စစ်ရှောင်စခန်းအသစ်တစ်ခုက မောင်လူမွှေး မိတ်ဆွေက မှာလိုက်တယ်။ သူတို့ဟာ ဒီနေရာကို ဒီနှစ်မှ ပြောင်းလာတာမို့ စစ်ရှောင်စခန်းသစ်လို့ ဆိုရတာပါ။ တကယ်တော့ သူတို့ဟာ စစ်တပ်က အာဏာ စသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာပဲ ပျူစောထီးရွာ ဖြစ်သွားတဲ့ သူတို့ရွာကနေ ထွက်ခဲ့ကြသူတွေ ဖြစ်တယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း သူတို့ဟာ နေရာတွေ ရွှေ့ပြောင်းခဲ့ရပြီ။ စစ်ရှောင်ခါစနှစ်က တောင်ခြေရင်းတွေမှာ၊ တောင်ပေါ်တွေမှာ၊ တောင်အောက်နားမှာ သူတို့ နေထိုင်ကျက်စားခဲ့ကြတယ်။ တော်လှန်ရေးပြီးရင် ရွာကို ပြန်မယ်ဆိုပြီး တောင်ပေါ်တွေကို တက်ပြေးခဲ့ကြဖူးတယ်။ မျှော်လင့်ချက်တွေ နီးပြီဆိုပြီး ဆည်ကြီးတစ်ခုရဲ့ အနားမှာ ခိုနားခဲ့ကြဖူးတယ်။ သူတို့တွေဆီ တကယ်ရောက်လာတာက ဒုက္ခအသစ်တွေပါ။ ဒုက္ခအသစ်တွေကို ရင်ဆိုင်ဖို့၊ ပရောဂျက်အသစ်တွေ ရဖို့ သူတို့ ဒီစစ်ရှောင်စခန်းနေရာအသစ်ကို ပြောင်းရွှေ့ခဲ့ကြတယ်။
ဒီနေရာကို ပြောင်းလာကြတဲ့ သူတို့ရဲ့ အဓိကကျဆုံး ရည်ရွယ်ချက်ကြီး တစ်ခု ရှိပါတယ်။ အဲဒါကတော့ သူတို့တွေဟာ သူတို့ မွေးဖွားခဲ့ရာ နေရာဒေသမှာပဲ နေချင်တယ်။ သူတို့ဟာ ဒီနယ်က နယ်သားတွေပါဆိုတဲ့ အိုင်ဒင်နတီ (Identity) ပျောက်သွားမှာကို စိုးရိမ်ကြတယ်။ လတ်တလောမှာတော့ သူတို့ဟာ ပျူစောထီးရွာက စစ်ရှောင်တွေ ဆိုတဲ့ အိုင်ဒင်နတီကို ရနေတယ်။ ပြောမပြတတ်ပေမဲ့ သူတို့ဟာ သူတို့ အိုင်ဒင်နတီကို သူတို့ မြှင့်တင်ချင်နေကြတယ်။
တကယ်တော့ သူတို့ဟာ စစ်တပ်က အာဏာသိမ်းကတည်းက ပျူစောထီး ဖြစ်တော့မဲ့ သူတို့ကျေးရွာကို သူတို့ ယုံကြည်ချက်ကြောင့် စွန့်ခွာခဲ့တယ်။ အိုးအိမ်၊ လယ်၊ ယာခင်း စတဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ထားခဲ့ရတယ်။ စစ်ကြောင်းကို ရှောင်လိုက်၊ မိုးဒဏ်ကို အံ့တုလိုက်၊ အပူဒဏ်ကို ခါးစည်းခံလိုက်နဲ့ လေးနှစ်တာ တဝဲလည်လည် ကျင်လည်ခဲ့ကြပြီးနောက် ဒီနေရာကို ရောက်လာကြတယ်။ သူတို့ဟာ စစ်တပ်က မီးရှို့ဖျက်ဆီးလို့လည်း မဟုတ်၊ စစ်တပ်က မောင်းထုတ်လိုက်လို့လည်း မဟုတ်၊ သူတို့ရွာမှာ သူတို့ နေချင်ရင် နေလို့ရပါလျက်နဲ့ ထွက်ခွာခဲ့ကြသူတွေမို့ ဂုဏ်သိက္ခာ နှစ်ထပ်နဲ့ စစ်ရှောင်တွေလို့ ဆိုနိုင်တယ်။
မောင်လူမွှေးရှေ့ အမြည်းပန်းကန်လေးတွေ တစ်ခွက်ပြီးတစ်ခွက် ရောက်လာတယ်။ အလွယ်တကူ ဝယ်ယူလို့ရတဲ့ စားစရာလေးတွေက ခပ်များများ။ ဒီထဲကမှ လက်နဲ့ သုပ်ထားရတဲ့ ဂွေးပေါင်းသီးသုပ်ကိုပဲ မောင်လူမွှေး စားဖြစ်တယ်။ တဲလေးတွေ ကိုယ်စီကနေ ရောက်လာတဲ့ အမြည်းခွက်ကလေးတွေဟာ သူတို့ရဲ့ စေတနာကို ဖော်ပြနေသလို သူတို့ ဘယ်လောက် အထီးကျန်နေကြောင်းလည်း ပြောပြကြတယ်။ သူတို့ ဘယ်လောက် မိတ်ဆွေတွေကို တောင့်တကြောင်း ဖော်ပြတယ်။ အကူအညီကို ဘယ်လောက် မျှော်လင့်ကြောင်းလည်း သိစေတယ်။
"လေဖြတ်ထားတာ။ ခံပြင်းတယ်" တဲ့။ ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောတယ်။ လေဖြတ်သွားပြီးနောက် ပြန်ကောင်းလာတဲ့ အခြေအနေကို ရောက်နေပေမဲ့ သူ အလုပ်မလုပ်နိုင်သေးဘူး။ လေဖြတ်ပြီးရင် လူဟာ ဝမ်းနည်းလွယ်တယ်။ မျက်ရည်ကျတတ်တယ်လို့ ဆိုကြလို့ "ဝမ်းနည်းတာမျိုး ရှိလား" လို့ မေးတော့ "ဝမ်းနည်းတာ မရှိဘူး။ ခံပြင်းတာ" တဲ့။ ဒါဆိုရင် စိတ်အခြေအနေ မဆိုးသေးဘူးပေါ့။ စခန်းတစ်ခုလုံးက လူအများစုဟာ ဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ဒီလို စိတ်အခြေအနေမှာ ရှိနေတယ်လို့ ဆိုနိုင်တယ်။
ခုံလေးတွေ တစ်ယောက်တစ်ခုံ ဆွဲပြီး ဟောပြောပွဲ လုပ်မဲ့ သစ်တောထဲကို သွားကြတယ်။ စစ်ရှောင်စခန်းမှာ လူများများ စုဖို့ နေရာမရှိတဲ့အတွက် အရိပ်ရတဲ့ သစ်တောထဲကို သွားကြရတာ ဖြစ်ပါတယ်။ သစ်ပင်အောက်တွေမှာ ယူခဲ့တဲ့ ခုံပုလေးတွေပေါ် ကိုယ်စီထိုင်လို့။ မောင်လူမွှေး မိတ်ဆွေကတော့ ရှေ့ဆုံးက မြေပြင်ပေါ်မှာ ထိုင်နေတယ်။ အဘွားကြီး တစ်ယောက်ကတော့ ဆေးပေါ့လိပ်ကို ကိုင်ရင်း၊ သစ်ပင်ကို မှီရင်း မြေပြင်ပေါ်မှာ ထိုင်နေတယ်။ ကလေး ကျောပိုးထားတဲ့ သားသည်မိခင် နှစ်ယောက်ကတော့ မတ်တတ်ရပ်လို့ပါ။ မောင်လူမွှေးလည်း လက်ဖက်ခြောက် မပေါက်သေးတဲ့ ရေနွေးကြမ်း တစ်ခွက်ကို သောက်ပြီး သူတို့ကို မတ်တပ်ရပ် စကား စပြောရပါတယ်။
စကားပြောနေရင်း သစ်တောဘေး လမ်းမကြီးပေါ်က ကားသံ၊ ဆိုင်ကယ်သံတွေကို ကြားရတယ်။ သစ်တောရဲ့ ဘေး စစ်ရှောင်စခန်းလေးကို ရောက်ဖူးတဲ့သူ နည်းသေးတယ်။ "အနောက်ထဲမှာ ရှိတာလား။ မသိဘူးဗျာ။ မရောက်သေးတော့" ဆိုပြီး စခန်းအနီးက မောင်လူမွှေး မိတ်ဆွေအချို့က ပြောကြတယ်။ စကားပြောရာမှာ မိုက် မပါပေမဲ့ လူနည်းတဲ့အတွက် ကျယ်ကျယ် ပြောစရာ သိပ်မလိုပါ။ လိုအပ်နေတာက စကားလုံးတွေထက် ကရုဏာတရားနဲ့ လူသားချင်း စာနာမှု။ သစ်ပင်ကို မှီနေတဲ့ အဘွားဟာ ပြုံးလာတယ်။ အမျိုးသမီးငယ် အချို့ လေးလေးနက်နက် စဉ်းစားနေပုံ ပေါ်လာတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးကြီး အချို့ မျက်လုံးတွေ အနည်းငယ် လင်းလက်လာတယ်။ အချင်းချင်း စည်းလုံးညီညွတ်ရေး။ သစ်ပင်တွေ ပေါင်းလို့ ဖြစ်နေတဲ့ တောအုပ်လေးထဲမှာ တရွာသားချင်းချင်း၊ ဒုက္ခသည်ချင်းချင်း ညီညွတ်ကြဖို့ ပြောခဲ့တယ်။
ညနေ မိုးချုပ်စပြုပြီ။ အကုန်းအကောက် မြေပေါ်မှာ ဖြောင့်တန်းနေတဲ့ လမ်းတိုလေး။ လမ်းဘေးမှာ ဆောက်ထားကြတဲ့ တဲတန်း။ စိမ်းလဲ့တဲ့ မြက်ခင်း။ စိမ်းနေတဲ့ တောအုပ်။ ညို့နေတဲ့ တောင်တန်း။ ပြာနေတဲ့ ကောင်းကင်။ ဒီအလှတွေကို သူတို့ ခံစားနိုင်ကြပါရဲ့လား။ ဒုက္ခတွေက သူတို့ရဲ့ အလှအပ ခံစားမှုကို ဖုံးများထားမလား။ ဟောပြောပြီးလို့ တောအုပ်လေးထဲကနေ ရှုခင်းကို ကျောခိုင်းပြီး ဆိုင်ကယ်စီး ပြန်ခဲ့ရတယ်။ သူတို့ကို ကျောခိုင်းထားခဲ့ရတာ စိတ်ထဲမှာ မလုံသလိုလို၊ ဝမ်းနည်းသလိုလို။ တောထဲ တစ်နေရာမှာ ဒုက္ခအသစ်တွေကို သူတို့ ရင်ဆိုင်နိုင်ကြပါစေ... လို့ ဆန္ဒပြုမိပါတယ်ခင်ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar