ချင်းပြည်နယ် ပလက်ဝဒေသက ရခိုင်စာပေသင်ရိုး၊ ဧရာဝတီမြစ်ကနေ ကချင်ပြည်နယ်ဘက် ဆန်တက်ဦးမဲ့ သင်္ဘောများ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၆ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၇ ၊ ၂၀၂၆
ချင်းပြည်နယ် ပလက်ဝဒေသက ရခိုင်စာပေသင်ရိုး၊ ဧရာဝတီမြစ်ကနေ ကချင်ပြည်နယ်ဘက် ဆန်တက်ဦးမဲ့ သင်္ဘောများ
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အာဏာသိမ်းစစ်တပ်နှင့် Arakan Army (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသကို AA က စစ်တပ်လက်ထဲမှ သိမ်းယူခဲ့ပြီး ယခုအချိန်အထိ ဆက်လက်ထိန်းချုပ်ကာ အာရက္ခအစိုးရ၏ အုပ်ချုပ်ရေးစနစ်ထဲတွင် ပလက်ဝခရိုင်အဖြစ် ရခိုင်ပြည်နယ်ထဲ ထည့်သွင်းထားခြင်းလည်း ဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးအရ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော်တို့မှတစ်ဆင့် ကူးလူးဆက်ဆံမှု များသည့်တိုင် လူမျိုး၊ ဘာသာစကားအရ ခူမီးမျိုးနွယ်အများစု နေထိုင်သည့် ပလက်ဝသည် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ရေးအရ ချင်းပြည်နယ်ထဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မကြာသေးသည့် နှစ်အနည်းငယ်ကာလတွင် AA လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို အခြေပြုပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့ရာတွင် ပလက်ဝနယ်ဒေသများသို့ စတင်ဝင်ရောက်လှုပ်ရှားခဲ့ပြီးနောက် စစ်အာဏာသိမ်းပြီးကာလတွင် ရခိုင်ပြည်နယ်ကို တိုက်ခိုက်ရာ၌ ပလက်ဝဒေသကို အခြေပြုကာ တိုက်ခိုက်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်နှင့် ပြန်လည်တိုက်ပွဲဖြစ်ပွားကာ လအနည်းငယ်အကြာ၌ ပလက်ဝမြို့ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကာလကတည်းက ပလက်ဝကို ULA/AA အဖွဲ့က ထိန်းချုပ်ခဲ့ပြီး ယမန်နှစ်က ပလက်ဝခရိုင်အဖြစ် အာရက္ခပြည် အုပ်ချုပ်ရေးထဲ ထည့်သွင်းခဲ့သည်ကို ပလက်ဝဒေသခံ ချင်းအဖွဲ့အစည်းများက သဘောမတူဘဲ ကန့်ကွက်ခဲ့ကြပါတယ်။
မကြာသေးမီကာလတွင်တော့ ပလက်ဝဒေသရှိ စာသင်ကျောင်းများ၌ ULA/AA က ပြဋ္ဌာန်းသည့် သင်ရိုးအရ ရခိုင်ဘာသာစာ (စကား) ဖြင့် ပြဋ္ဌာန်းသင်ကြားစေခြင်းကြောင့် ပြည်ပရောက် ခူမီးအဖွဲ့အစည်းဖြစ်သည့် Global Kumi Organization (GKO) က ထုတ်ပြန်ချက်ထုတ်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် GKO ၏ ထုတ်ပြန်ချက်တွင် “ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစာဖြင့် သင်ကြားရန် ပြဋ္ဌာန်း၍ ဒေသခံပြည်သူအများစု သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ သင်ကြားစေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ခြင်း” ဟု ခေါင်းစဉ်တပ်ထားပြီး ဒေသခံအများစု၏ သဘောဆန္ဒမပါဘဲ မိမိတို့အလိုကျ အတင်းအဓမ္မ လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေး ကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်ရာရောက်သဖြင့် ULA/AA ၏ လုပ်ရပ်အပေါ် GKO က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်ကို တွေ့ရပါတယ်။
ပလက်ဝဒေသသည် ပထဝီအနေအထားနှင့် မျိုးနွယ်ဆက်စပ်မှုအရ ခေတ်အဆက်ဆက် ချင်းပြည်နယ်အဖြစ် သတ်မှတ်ထည့်သွင်းခဲ့ကြတာ ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု ခက်ခဲသောကြောင့် ကုလားတန်မြစ်အတိုင်း စုန်ဆင်းကာ ရခိုင်ပြည်နယ် ကျောက်တော်၊ စစ်တွေမှတစ်ဆင့် အခြားသော ဒေသများသို့ သွားရောက်ကြတာ ဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီခေတ်ကတည်းက ပလက်ဝဒေသသို့ သွားရောက်သည့်အခါ ရခိုင်ပြည်နယ်မှတစ်ဆင့် သွားရောက်ကြခြင်းမှာ ယခုလက်ရှိအချိန်အထိ ဖြစ်ပါတယ်။ သို့ပေမဲ့ ပလက်ဝဒေသခံများအနေဖြင့် ၎င်းတို့ ချင်းပြည်နယ်ထဲတွင် ပါဝင်နေခြင်း၊ ချင်းဟုခေါ်ဆိုသည့် မျိုးနွယ်စု အဓိက ၉ မျိုးထဲတွင် တစ်ခုအဖြစ် ပါဝင်နေခြင်းကို လက်ခံရွေးချယ်ထားကြတာ ဖြစ်ပါတယ်။
ပလက်ဝဒေသတွင် နေထိုင်သူများအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကူးလူးဆက်ဆံမှုရှိသောကြောင့် ရခိုင်စကားကိုလည်း ပြောဆိုနိုင်ကြသည်မှာ မှန်ပေမဲ့ ၎င်းတို့၏ အမှတ်သင်္ကေတ လူမျိုးအနေဖြင့် ချင်းမျိုးနွယ်စုထဲတွင်ဟု မှတ်ယူထားကြတာ ဖြစ်ပါတယ်။
ယခုကဲ့သို့ ULA/AA က သင်ရိုးညွှန်းတမ်းတစ်ခုလုံးကို ရခိုင်ဘာသာစာ (စကား) ဖြင့် ပြောင်းလဲခြင်းသည် နောက်ကွယ်တွင် နိုင်ငံရေးရည်ရွယ်ချက် ရှိသည်ဟု ပလက်ဝဒေသခံ ခူမီးမျိုးနွယ်စုက ယူဆကြမည်ကို နားလည်နိုင်ပါတယ်။ မြန်မာစာနှင့် မြန်မာစကားသာ သင်ရိုးလုပ်ပြီး တိုင်းရင်းသားဘာသာစကားများ သင်ကြားခွင့်ကို ကန့်သတ်ပိတ်ပင်ခဲ့သည့် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်များတွင် တိုင်းရင်းသားလူမျိုးစုများအနေဖြင့် မည်သို့ ခံစားခဲ့ကြရသနည်းဆိုသည်ကို ULA/AA အနေဖြင့် ကိုယ်ချင်းစာ နားလည်သင့်သည်ဟု ခူမီးမျိုးနွယ်များက ထင်မြင်ကြတာ ဖြစ်ပါတယ်။
မိမိအနေဖြင့် မနှစ်သက်သည့် မကြိုက်သည့် လုပ်ဆောင်မှုမျိုးကို အင်အားရှိချိန်၊ အပေါ်စီးရချိန်မျိုးတွင် အခြားသူများအပေါ်၌လည်း မပြုမူသင့်သည်မှာ ဒီမိုကရေစီ၏ အလေ့အထဖြစ်ပြီး အလွန်အရေးကြီးသည့် အခြေခံအချက်လည်း ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်ထပ် သတင်းအကြောင်းအရာ တစ်ခုကတော့ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်သွားသည့် စစ်တပ်၏ ထောက်ပို့ရေယာဉ်အုပ်စု ရွှေကူနှင့် ရွှေကူအထက်ဘက်တွင် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ရေယာဉ် ၁၅ စီးအနက် ၇ စီးသာ ရောက်ရှိခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ မန္တလေးမြို့မှ နောက်ထပ် ရေယာဉ် အစီး ၃၀ ကျော် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားသည်ကို သတင်းများတွင် တွေ့ကြရပါတယ်။
နှစ်စဉ် မြစ်ရေမြင့်တက်ချိန်၊ မြစ်ကြောင်း ပိုမိုကျယ်ဝန်းချိန်တွင် ထောက်ပံ့ရေး ရေယာဉ်အုပ်စုများ မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လေ့ရှိတာ ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဆန်တက်သည့် ရေယာဉ်အုပ်စု တိုက်ခိုက်ခံရပေမဲ့လည်း ဆိုးဆိုးရွားရွားကြီး မဟုတ်သောကြောင့် ယခုနှစ်တွင်လည်း ဩဂုတ်လ နောက်ဆုံးသီတင်းပတ်များတွင် မန္တလေးမြို့ ဂေါဝိန်ဆိပ်မှ ဆန်တက်သွားခဲ့ပါတယ်။ မန္တလေးမှ ရွှေကူဝန်းကျင်အထိ ဧရာဝတီမြစ်ကြောင်းဘေးများကို အာဏာသိမ်းစစ်တပ်က စိုးမိုးထားနိုင်သောကြောင့် ကြီးကြီးမားမား တိုက်ခိုက်ခံရခြင်း မရှိဘဲ ရွှေကူမှ ဗန်းမော်အကြားတွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက မြစ်ကျဉ်းအနီးတွင် စောင့်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လှိုင်းဖျက်ရန် ခက်ခဲသည့် FPV ဒရုန်းနှင့်ရော ကမ်းမှ လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်ခဲ့ရာတွင် ရေယာဉ်များတင် ပျက်စီးရုံမက ရေယာဉ်ပေါ်ပါသည့် ရာနှင့်ချီသည့် စစ်ကူတပ်များပါ မြစ်ထဲ ခုန်ချကြခြင်း၊ ကမ်းကပ်ပြီး လက်နက်ချခြင်းများ ရှိခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းလည်းရှုံး တပ်အင်အားပါ လက်နက်ချရသည့် အဖြစ်သည် အာဏာသိမ်းစစ်တပ်အတွက် သိက္ခာကျစရာ၊ စိတ်ဓာတ်ရေးအရ ရှုံးနိမ့်မှုနှင့် ကြုံတွေ့ကြရခြင်းမျိုး ဖြစ်ပါတယ်။
လက်ရှိ တပ်ချုပ်တာဝန်ယူထားသည့် ရဲဝင်းဦးအနေဖြင့် ၎င်း၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု သို့မဟုတ် ၎င်းလက်အောက်မှ စစ်အရာရှိကြီးများကို စီမံကွပ်ကဲမှု ညံ့ဖျင်းမှုအတွက် တာဝန်ယူခိုင်းမည်လား ဆိုသည်ကို တိတိကျကျ မသိနိုင်ပေမဲ့ ဤစစ်ဆင်ရေး စီမံမှု တာဝန်ရှိသူများအဖို့ အရှက်ရဖွယ်ရာ ဖြစ်ပါတယ်။
ယခုတစ်ရက်၊ နှစ်ရက်အတွင်း ရေယာဉ် နောက်ထပ် အစီး ၃၀ ကျော် ထပ်မံစေလွှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး အချို့သတင်းဌာနများကတော့ တကောင်းနီကယ်စက်ရုံမှ နီကယ်သယ်ယူရန် ရေယာဉ်အုပ်စုကို စေလွှတ်ခြင်း ဖြစ်ကြောင်း ရေးသားနေကြပါတယ်။
အကယ်၍ တကောင်းနီကယ်စက်ရုံကို ရည်ရွယ်စေလွှတ်သည့် ရေယာဉ်အုပ်စု ဖြစ်ခဲ့လျှင် ဗန်းမော်အထိ ဆက်လက်ဆန်တက်မည် မဟုတ်ဟု ယူဆရပါတယ်။
ယခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းအတိုင်း မြောက်ဘက်သို့ ထပ်မံဆန်တက်သွားသည့် ရေယာဉ်များ မည်သည့်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခံရမည်နည်း ဆိုသည့် သတင်းများကို စောင့်ကြည့်ကြရမဲ့ အခြေအနေ ဖြစ်နေပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar