မောင်ဘဦး - အဆုံးထိ ရောက်အောင် သွားဖို့သာ လိုပါသည်
မောင်ဘဦး - အဆုံးထိ ရောက်အောင် သွားဖို့သာ လိုပါသည်
(မိုးမခ) ဩဂုတ် ၁၅ ၊ ၂၀၂၃
["ဘုရားအလောင်းတော်သည်လည်း ငြိမ်သက်သော ဣန္ဒြေ၊ ငြိမ်သက်သော စိတ် ရှိတော်မူသည်ဖြစ်၍ အတုမရှိသော အဆင်းတော်၏ တင့်တယ်စံပယ်ခြင်းဖြင့် ဖူးမြင်ကြသူ ရာဇဂြိုဟ်ပြည်သူပြည်သား လူအများ၏ မျက်စိတို့ကို ဆွဲငင် ယူဆောင်သကဲ့သို့
(၁) ထမ်းပိုးတစ်ပြန်(လေးတောင်ခန့်မျှ) ကိုသာကြည့်ရှူလျှက်၊
(၂) အနီအဖြူ အကြောင်အကြား အကြမ်းအနု ရောပြွမ်းသည့် မိဿကဆွမ်းကို
(၃) မျှတလောက်ရုံသာ ခံတော်မူပြီးလျှင်၊
(အရှင် ဓမ္မသာမီဘိဝံသ၊ ပုံတော်စုံ မူလ မဟာဗုဒ္ဓဝင်)"]
အညာဒေသ ဝါတွင်းကာလ၊ ငယ်ရွယ်စဉ် ဘုန်းကြီးကျောင်းသားဘဝက ဆွမ်းဟင်းထမ်း လိုက်ရသည်ကို အမှတ်ရမိသည်။
'ဆွမ်းဟင်းထမ်း'ဆိုသည်မှာ ရပ်ရွာထဲမှ ရဟန်းသံဃာများအား လောင်းလှူလိုက်သည့် (ဆွမ်း)ဟင်းများကို သယ်ဆောင်ရန် အလယ်၌ 'ဗျတ်'ကို တည်ထားပြီး ဝါး ၃ ချောင်းဖြင့် ဖိုခနောက်ဆိုင် ချည်တုပ်ကာ အပေါ်၌ ထမ်းပိုးနှင့် လျှို၍ ထမ်းနှိုင်အောင် ပြုလုပ်ထားသော 'ဆိုင်းထမ်း'ပင် ဖြစ်သည်။ နောက်ပိုင်းတွင် သံလုံး,သံပတ်များဖြင့် ပြုလုပ်လာကြပြီး 'သံလင်ပန်း' ခင်းထားကြလေသည်။ 'တိုက်ပန်းကန်' (ကြွေ ပန်းကန်ပြား)များ အစား ကြွေရည်သုတ် သံပန်းကန်(အပြား၊ အလုံး)များ၊ သံဇလုံများဖြင့်လည်း အစားထိုးလာကြလေသည်။
'ဆွမ်းဟင်း(ဆိုင်း)ထမ်း' 'တစ်ဆိုင်း'ကို အလယ်၌ထားပြီး ကျောင်းသား ၂ ယောက် က 'ထမ်းပိုး'နှင့် လျှို၍ ထမ်းကြရသည်။ တခါတရံ 'ဆွမ်းဟင်းထမ်း' ၂ ဆိုင်းကို ထမ်းပိုးထိပ်နှစ်ဖက်၌ ဟိုဖက်သည်ဖက် လျှိုပြီး ခပ်တောင့်တောင့် ကျောင်းသား သို့မဟုတ် ကိုရင် တစ်ဦးတည်းက အလယ်မှ ထမ်းသေးသည်။ 'ဆွမ်း'သက်သက်ကိုမူ ဘုန်းကြီး၊ ဦးပဉ္စင်းများနှင့် ကိုရင်တို့က သပိတ်ဖြင့် ခံယူသည်။
ဆွမ်းဟင်းထမ်း လိုက်ရသည်မှာ မလွယ်ကူ၊ ပညာသား ပါသည်။ ယမန်နေ့ ဆွမ်းစားပြီးချိန်က ဆေးကြောပြီး မှောက်ထားသော 'ဆွမ်းဟင်းပန်းကန် ဆိုက်စုံ'များကို 'ဆိုင်းထမ်း' ပေါ်တွင် စံနစ်တကျ တင်ထားပြီး ဆွမ်းခံလိုက်ဖို့ ကြိုတင် ပြင်ဆင်ထားရသည်။ ဟင်းချိုရည်, ပဲဟင်း, ချဉ်ရည်ဟင်း စသော အရည်သောက်ဟင်းများ ထည့်ရန် 'အလယ်တည်' ပန်းကန်လုံးကြီး ၂လုံး သို့မဟုတ် ၃လုံးကို 'ဆွမ်းဟင်းထမ်း ဗျတ်'၏ အလယ်တွင် ထားရသည်။ အလယ်၌ ထားခြင်းဖြင့် 'ဝိတ်' ညီမျှကာ ထမ်းပိုးသယ်ယူသည့်အခါ ဟင်းရည်များ ဘောင်ဘင်ခတ်မှု နည်းသွားပြီး၊ အဖိတ်အစဉ်လည်း နည်းပါးစေလေသည်။ ၎င်းတို့၏ ဘေးပတ်လည်မှ ပန်းကန်လုံး ပန်းကန်ပြား အကြီးနှင့် အလတ်များကို ဝိုင်းပတ်ကာ စီစဉ်နေရာချ ထားကြသည်။ 'လိုရ,မယ်ရ'၊ (ရေနွေးကြမ်းသောက်သည့်) 'ဘဲဥပန်းကန်လုံး'အချို့ကိုလည်း ကြားညှပ်ထည့်၍ ယူလာကြသေးသည်။ ရှောက်ချဉ်၊ သံပုရာချဉ်၊ ငရုတ်သီးထောင်း စသည် ထည့်နိုင်ရန် ဖြစ်သည်။ အညာ ရာသီစာ တမာရွက်၊ ခံတက်ရွက်(ပြုတ်)တို့နှင့် တို့စရာ ငါးပိချက် ထည့်ဖို့ရာအတွက်လည်း အသုံးတည့်လေသည်။
'တုံး'ခေါက်ပြီးသည်နှင့် ကျောင်းထိုင်ဘုန်းကြီး၊ ဦးပဉ္စင်းများ၊ ကိုရင်များမှာ သင်္ကန်းသပ္ပာယ်ကာ ဆွမ်းခံကြွကြလေပြီ။ တန်းစီကြွသွားသော သံဃာတော်များ နောက်က ဆွမ်းဟင်းထမ်းရင်း ပြေး လိုက်ရသည်။ ရွာထဲ ဆွမ်းခံအိမ်ရှေ့ ရောက်သည်နှင့် အော်ရသည်။
"ဆွမ်းတော်ဗျို့...။"
အိမ်ရှေ့တွင် အဆင်သင့် ပြင်ဆင်ထားသော ဆွမ်းများကို သံဃာများ၏ သပိတ်များတွင် လောင်းလှူကြသည်။ ဆွမ်းဟင်းကိုမူ 'ဆွမ်းဟင်းထမ်း'သို့ လာ၍ထည့်ကြရာ၊ သင့်ရာသင့်ရာ ပန်းကန်လုံး, ပန်းကန်စောက်, ပန်းကန်ပြားများ အတွင်းသို့ ကူးပြောင်း ထည့်ရသည်။ အိမ်မှူကိစ္စ အလုပ်များနေ၍ အဆင်သင့် မပြင်ဆင်ရသေးသော ဆွမ်းခံအိမ်ရှေ့တွင် "ဆွမ်းတော်ဗျို့" အပြင်၊ ဆွမ်းလောင်းပြီးသည်နှင့် "ဆွမ်းဟင်း မီသေးလား ဗျို့..."ကိုပါ သတိပေး အမှတ်ဖော်သည့်အနေ ထပ်မံ၍ ဟစ်အော်ရလေသည်။
ဆွမ်းဟင်း ထမ်းရသည်မှာ 'ရွာ အစ,ပိုင်း' ၄-၅-၆-အိမ်လောက်တွင် လွယ်ကူသလိုလို ရှိသော်လည်း၊ 'ရွာအလယ်ပိုင်း'တွင် ပိုခက်လာလေ သည်။ 'ရွာအဆုံး' ဆွမ်းခံပြီးလုကာနီး တွင်မူ၊ အခက်ဆုံးဖြစ်သည်။
ဘာတွေ ခက်သနည်း။
အစပိုင်းတွင် 'ဆွမ်းဟင်းပန်းကန်လွတ်'များ ရှိနေ၍ လွယ်သော်လည်း တဖြည်းဖြည်း ဆွမ်းဟင်းများ ပြည့်လာသည်နှင့် 'ပန်းကန် လွတ်' မရှိတော့ သည့်အခါ၊ ရောနှောသင့်သည့် ဆွမ်းဟင်းကို ရောနှော၊ ပေါင်းစပ်သင့်သည်ကို ပေါင်းစပ်၍၊ 'ပန်းကန် အလွတ်' ရှိအောင် ဖန်တီးရသည်။ မရောမယှက် သီးသန့်ထားသင့်သည့် ဟင်းမျိုးကိုမူ သီးသန့်ထားရသည်။ သီးသန့်ထားရန် သင့်-မသင့်၊ ရောနှောရန် သင့်-မသင့်ကိုကား၊ 'စီနီယာ ကိုရင်ကြီးများ၊ စီနီယာ ကျောင်းသားကြီးများ၏ လုပ်ပုံကိုင်ပုံ, လုပ်နည်းကိုင်နည်းတို့ကို အတုယူနည်းမှီး၍ အမြန် ဆုံးဖြတ် ပြုလုပ်ရ ပေသည်။ ရှေ့က ကြွသွားနှင့် သော 'ဆွမ်း(တော်)တန်း' နှင့် မီအောင် ကပ်၍ လိုက်ပါပြီး "ဆွမ်းတော်ဗျို့ ဟစ်ဖို့" ကလည်း လိုသေးသည်လေ။
ချိုချဉ် စပ်ငန် ဖန်ခါး၊ အရသာ ၆-ပါး၊ တစိမ့်စိမ့် ခံစားရလေအောင်၊ ကြို-ချက်-ပေါင်း-ပြုတ်- ဖုတ်-ကင်- ကြော်-လှော် ၍၎င်း၊ အတို့,အမြှုပ် အသုတ်အရုတ်၊ တယ်ချဉ်(လက်လုပ်ချဉ်)၊ ပင်ကိုယ်သဘာဝ ချဉ်၊ စုံလင်အောင် လောင်းလှူကြလေရာ၊ လောင်းလှူသူ၏ ရည်ရွယ်ချက် မပျက်စေဖို့အတွက်လည်း ကျောင်းသားတို့ဘက်က ဆောင်ရွက်ကြရ လေသည်။
အချို့သော ဆွမ်းဟင်းများကား အမျိုးအစားချင်း တူကြငြား ပန်းကန်တစ်ချပ်အတွင်းတွင် အတူတကွ မရောနှော,မပေါင်းသင်းချင်။ အချို့သော ဟင်းများမှာမူကား အမျိုးအစား မတူ၊ ကွဲပြားခြားနားကြ သော်ငြား ပန်းကန်တစ်ချပ်ထဲတွင် အတူတကွ ရောနှော ပေါင်းစပ်၍ ရပြန်ပါလေသည်။
ဟင်းရွက်စုံဟင်းချိုရည်၊ ချဉ်ပေါင်ချဥ်ဟင်း စသည်တို့ကို အလယ်တည် ပန်းကန်လုံးကြီးထဲတွင် တစ်မျိုးစီ သီးသန့် ထည့်ရသည်။ ပဲကြီးဟင်း၊ ပဲတီဟင်း၊ ကုလားပဲဟင်း စသည့် ပဲဟင်းများကိုလည်း ပန်းကန်လုံးကြီးထဲတွင် သီးသန့်ထည့်ရသည်။ ကုလားပဲလုံးဟင်းနှင့် ကုလားပဲခြမ်း ဟင်းမှာ 'ကုလားပဲ' ဟူသည့် ဆွေမျိုးရင်းချာ တူညီပါသော်လည်း ပန်းကန်တစ်ချပ်အတွင်း အတူတကွ မပေါင်းသင်းနိုင်၊ သီးသန့်စီသာ ထည့်ပေးရသည်။ ကုလားပဲဟင်းချို နှင့် ကုလားပဲနှပ် ချက်တို့တွင် ကုလားပဲခြမ်းချင်း အတူတူ ရောနှေ၍ မရကြ။ ပဲနီပြုတ်, စားတော်ပဲပြုတ် (ဆီလူး, ဆီဆမ်း) တို့ကိုမူ ပန်းကန်ပြားကြီး တစ်ချပ်ထဲတွင် တစ်ကန့်စီ ရောနှော၍ ထည့်သည့်အပြင်၊ မြေပဲဆံကြော်, ပဲငပိအယှက်(အပြား) ကြော်၊ ငရုတ်သီးကြော်၊ ငပိကြော်(ဘာလချောင်ကြော်)၊ ပုစွန်ခြောက်ကြော် တို့ကိုပါ ထို'ပဲပြုတ် ဆီးဆမ်း'တို့၏ နံဘေးစောင်၌ အတူယှဥ်တွဲ ထည့်၍ ရသည်။ ကုလားပဲနှပ် ပဲကြီးနှပ် စသည်တို့မှာ အထက်ပါ ပဲပြုတ်ဆီဆမ်း သို့မဟုတ် ပဲကြော်တို့နှင့် ရောနှောထည့်ရန် မသင့်တော်ပြန်။ မျှစ်သုပ် မျှစ်ကြော်မှာမူ အမျိုးအစား မတူငြား ပဲပြုတ်၊ ပဲနှပ်တို့နှင့် သော်၎င်း၊ အညာ မန်ကျည်းသီးစိမ်းထောင်း၊ မန်ကျည်းသီး(စိမ်းထောင်း)ကြော်, မန်ကျည်းသီး(ထောင်း)ချက် တို့နှင့် သော်၎င်း အတူရောနှော၍ ထည့်နိုင်ပြန်သည်။
'ရေဓာတ် မကျန်တော့သော' သို့မဟုတ် 'ခြောက်သွေ့ ကြွပ် ရွနေသော' 'အကြော်အလှော်၊ အဖုတ်အကင်၊ ဆီကြော်၊ ဆီလူး၊ ဆီဆမ်း'များမှာ အမျိုးအစားမတူ ကွဲပြားခြားနားကြသော်ငြား၊ ပန်းကန်ပြား တစ်ချပ်အတွင်း၌ အားလုံးအတူ ယှဉ်တွဲကာ ထည့်၍ ရပေသည်။ မုန့်ဆီကြော် စသည့် မုန့်ပဲသွားရည်စာများကိုလည်း ဤနည်းတူ ထည့်ယူကြသည်။ သစ်သီးဝလံများကိုမူ အောက်ခံ'ဗျတ်'ပေါ် တင်၍၎င်း၊ ဆွမ်းဟင်းထမ်းတွင် ချိတ်၍၎င်း၊ သယ်ယူကြသည်။
ရေဓာတ် အနည်းငယ် ကျန်ရစ်သည့် ပျော့စိစိ ပဲနှပ်၊ ခရမ်းသီးနှပ်၊ ခရမ်းသီးချက် စသည်တို့နှင့် အထက်ပါ အကြော်အလှော် ဆီဆမ်းများသည်၎င်း၊ ရေဓာတ်အလွန်များလှသည့် အရည်သောက်ဟင်းများ သည်၎င်း၊ အမျိုးတူပေငြား ယှဉ်တွဲပေါင်းစပ်၍ မရကြပေ။
တခါတရံ ကုသိုလ်ရှင်အချို့က ၎င်းတို့၏ လက်စွမ်းကို ပြသလိုသည် ထင့်၊ သူတို့၏ ဆွမ်းဟင်းကို အခြားဆွမ်းဟင်းတို့နှင့် ပန်းကန်တစ်ချပ်အတွင်း အတူထည့်သွင်း၍ အရောနှောမခံ၊ သီးသန့် သီးခြား ထည့်ပေးမှ ကြိုက်သည်။ ထိုအခါ ပန်းကန်တစ်ချပ်တွင် သီးသန့် ထည့်ပေးရပါသည်။ သို့သော် သူတို့ရှေ့မှောက်မို့ သူတို့စိတ်ကြိုက် အလိုလိုက်ခဲ့ရပေမင့်၊ တကယ့်တမ်း 'ပန်းကန် လိုအပ်နေလျှင်၎င်း'၊ ဟင်းမှာ 'အခြားဆွမ်းဟင်းများနှင့် ပေါင်းသင်းနိုင်သည်ဖြစ်လျှင် ၎င်း'၊ မမြင်ကွယ်ရာ ခပ်ဝေးဝေးတစ်နေရာ ရောက်သည်နှင့် 'ကျောင်းသားလက်စွမ်း ပေါင်းလိုက်စမ်းကွာ' ဖြစ်၍ သွားလေတော့သည်။
'ဆွမ်းဟင်းထမ်း'တွင် အာလူး,ခရမ်းသီး စသည်တို့နှင့် မရောမယှက် 'ဗြောင်'ချက် ထားသည့် 'ဝက်သားဆီပြန်ချက်'၊ 'ဝက်သား မျှစ်ချဉ်ချက်' စသည် ရခဲ့လျှင်မူ၊ မောင်ဘဦးတို့ ကျောင်းသားများက မရောမယှက် ပန်းကန်သီးသန့်ဖြင့်သာ ထည့်သည်။ ဆွမ်းစားပြီး ကျန်နေလျှင် 'ဟင်းလေး'လုပ်ရန် အတွက် ပေတည်း။
'ဟင်းလေး'ဟူသည် 'ဆွမ်းစားပြီး၍ ကျန်နေသော မသိုးနှိုင်သည့် ဆွမ်းဟင်းများကို ရောနှော ပေါင်းသင်းကာ မီးဖိုတွင် ၂ရက်၃ရက် နေ့စဉ် ချက်, နွှေး၍ထားသော 'ဟင်းပေါင်းစု'ပင် ဖြစ်သည်။ 'ဟင်းလေး' ဆို၍ အထင်သေး၍ မရ။ အရသာ ပေါင်းစုံ၊ အထူး စား၍ကောင်းလှ သည်။ မောင်ဘဦးတို့ ကျောင်းသားများသာမက ကိုရင်များ ဦးပဉ္စင်းများ ဘုန်ကြီးများပါ အထူး 'မက်' ကြသည်၊ အထူး ကြိုက်နှစ်သက်ကြသည်၊ "မနေ့က ဟင်းလေးချက်လေး ကျန်သေးလား..." ဟု မေးယူရသည် အထိပင် ဖြစ်သည်။
'ဟင်းလေး'အတွက် အဓိကမှာ ဝက်သားဟင်း ဖြစ်သည်။ သုံထပ်သား အဆီအခေါက်များလျှင် ပိုကောင်းသည်။ သည့်အတွက် 'ဝက်သားချက်' ကို 'ဆွမ်းဟင်းထမ်း'တွင် ရခဲ့လျှင် သီးခြားသေချာစွာ ထည့်ယူလာတတ် ကြသည်။ ပဲချဉ်(ပဲတီ အပင်ပေါက် ချဉ်)၊ ကျောင်းဝန်းထဲက သရက်သီးစိမ်း၊ ဇီးဖြူသီး၊ လက်ပံပွင့်ခြောက် တို့သည်ကား 'ဟင်းလေးအိုး'အတွက် အလွန်အင်မတန် အသုံးတည့်လှပါပေ၏။
အနှီအနှာ ဟင်းလျာ တို့သည်ကား ဟိုး အတိတ်, ဟိုး ယခင်၊ ယခုလို ဝါဝင်သည့်ကာလ၊ 'မောင်ဘဦးတို့ ကျောင်းသားဘဝ'ကသာ ဖြစ်ပါလေသည်။
မတရား စစ်အာဏာသိမ်းအပြီး (၃)နှစ်နီးပါးအကြာ၊ အညာ ဒေသ၊ 'ဤယခု ဝါတွင်းကာလ'၌ မူကား...၊ 'နေစရာ အိမ်ယာ မရှိ၊ ပြာပုံအတိသာ ကျန်၊ ဆွမ်းခံရန် ဝေလာ ဝေး၊ ကျောင်းဝင်းအနီးအနား ဇရပ်လေးများ တွင် စစ်ရှောင်,စစ်ပြေးရင်း လာရောက်ကာ နေကြရရှာသည့် စစ်ဘေးသင့်သူများမှ ရှိစုမဲ့စု လောင်းလှူပါလေသော၊ တစ်ဇွန်း, တစ်ယောက်မ၊ နီ,ဖြူ ကြောင်,ကြား၊ ကြမ်းတမ်း, နူးညံ့၊ အရည်အဖတ်၊ ရောပြွမ်းကာ ကပ်သည့် "ပတ္ထပိုဏ်-ဆွမ်း"ကို၊ ဝဏ္ဏ,ဂန္ဓ၊ ရသ(၆)မည် ပီပြင်သည် မပီပြင်သည် သတိမရ၊ စစ်ကြောင်း မထိုးမီ, တိုက်လေယဉ် မဝဲမီ၊ "ကဗဠီကာရော အာဟာရော၊ ဣမဿ ကာယဿ၊ အာဟာရ ပစ္စယေန ပစ္စယော၊" အလုပ်အလွေးပြု၍ မျိုသွင်းရသော၊ ကိုယ်ခန္ဓာ အတွက် 'တစ်ခုတည်းသော အထောက်အပံ့၊ အာဟာရ'အဖြစ် စိတ်အာရုံ ရည်ညွှတ်လျှက်သာ မျိုသွင်းရရှာလေသည်။
အကယ်စင်စစ်၊ "အရောင်အဆင်း၊ အနံ့၊ အရသာ၊ ပြည့်စုံလှစွာသော ဆွမ်း၊ ဆွမ်းဟင်း အစာအာဟာရ တို့သည်ကား၊ ချိုချဉ်, စပ်ငန်, ဖန်ခါး၊ အရသာ ၆ ပါးတို့၌သာ ရပ်တန့်နေသည် မဟုတ်မူ၍၊ ၎င်းတို့၏ 'အန္တိမ' နောက်ဆုံးခရီး၊ ဓာတ်ကြီး ၄ ပါး၊ အဋ္ဌကလာပ် ၈ ပါးအထိ ပြိုကွဲ ရောက်ရှိကြသည် ဖြစ်ရကား၊ အဆိုပါ ဓာတ်ကြီး ၄ ပါးတို့ တစ်ပါးနှင့်တစ်ပါး မျှတညီညွတ်နေခြင်းသည်သာ ဤကိုယ်ကာယကြီး အတွက် တစ်ခုတည်းသော ထောက်တည်ရာ 'အာဟာရ'အဖြစ် တာဝန် ထမ်းရွက်သည် မည်ပါလေသည်။ 'အန္တိမ' နောက်ဆုံးခရီး၊ 'မညီမညွတ်သော ဓာတ်ကြီး ၄ ပါးတွင် ထူးကဲစွာ ထောင်တက်လာသည့် တပါးပါးသော ဓာတ်ကြီးသည်ကား ခန္ဓာကိုယ်၏ 'သူသတ်ယောက်ျား' ပင် ဖြစ်ပေလိမ့်ဦးမည်။
အရသာ(၆)မည်၊ 'သူက သာသည်, ငါက သာသည်၊ 'ဤသူ'နှင့် မရောပြီ၊ 'ထိုသူ'နှင့်သာ ရောလိုသည်၊ 'တသီးပုဂ္ဂလသာ နေလိုသည်' စသည်စသည်၊ မာန တန်ခွန်တိုင်၊ အသီးသီးသော ယှဉ်ပြိုင်မှူ အပေါင်းတို့သည်ကား၊ 'အန္တိမ ခရီးဆုံး' မရောက်သေးမီ 'လမ်းခုလတ်'တွင်သာ ဖြစ်တတ်ကြပြီး၊ နောက်ဆုံးခရီး အပြီးသတ်တွင်မူကား၊ နှိုင်းယှဉ်စရာပင် မလို၊ အကျိုးပြုသည်၊ မပြုသည်ကို စေ့ငု-ဃဏ၊ သူ့အလိုလို ဖော်ပြသွားကြမည်မှာ ဓမ္မတာပင် ဖြစ်ပါလေ သတည်း။
နွေဦးတော်လှန်ရေး သူရဲကောင်းအပေါင်း ... ဘေးဘယာ ဝေးကွာ ချမ်းသာကြပါစေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar