ဆယ်ပေါင်တူ - ကာချုပ်လိုလို ပေါတိပေါချာ ကာရာအိုကေ အဆိုရှင်လိုလို
ဆယ်ပေါင်တူ - ကာချုပ်လိုလို ပေါတိပေါချာ ကာရာအိုကေ အဆိုရှင်လိုလို
(မိုးမခ) ဩဂုတ် ၁၅ ၊ ၂၀၂၃
လူရော စိတ်ပါ အိုက်နေပုံရသည့် မဲလုံးက လက်ကကိုင်ထားသည့် ကိုရီးယား ယပ်တောင်ခပ်ကြီးကြီးကို တဖျပ်ဖျပ်နှင့် ခပ်လိုက်သည်။ ကင်ကြင်စိုး၏ ဓာတ်ကူးခန်းသည် မြေအောက်လိုဏ်ခေါင်း ခပ်နက်နက်တွင် ရှိသဖြင့် လေဝင်လေထွက်က သိပ်မကောင်း။ အဲယားကွန်းတပ်ထားသော်လည်း မဲလုံးအတွက် နေရထိုင်ရတာ အဆင်ကို မပြေလှ။ တကယ်ကတော့ ပူသည်၊ အေးသည်ဆိုတာထက် အခုလို ဝတ်စားထားရသည့်အတွက် မလုံမလဲနှင့် စိတ်ထဲက အနေရခက်နေသောကြောင့်သာ ပိုဖြစ်လိမ့်မည်။
မဲလုံး ဝတ်စားထားသည့်ပုံကို ဒီအတိုင်း လွယ်လွယ်ကူကူ ရှင်းပြ၍တော့မရ၊ အရင်းခံအကြောင်းကတဆင့် ရှင်းမှ ဖြစ်လိမ့်မည်။ မြောက်ကိုရီးယား ဖက်တီးပုတ်လေးဆီက ရသမျှ ဓာတ်ကူးဖို့ ကြိုးစားနေသည့် ကြင်စိုးအတွက် ဘယ်လိုပဲ ကြိုးစားကြိုးစား ဘာတိုးတက်မှုမှ ဖြစ်မလာသည့်အတွက် သူ၏ဓာတ်ကူးပုံ ဓါတ်ကူးပုံနည်းများ ဘာလို နေသေးသလဲ ပြန်ဆန်းစစ်ရာမှ မဲလုံး ဤသို့ဤပုံ ဝတ်စားရဖို့ ဖြစ်လာခဲ့သည်။
ထပ်၍ရှင်းရပါဦးမည်။ ကြင်စိုး စဥ်းစားမိသည်က သူ၏ဓာတ်ကူးခန်းသည် မြောက်ကိုရီးယား အငွေ့အသက်စစ်စစ် အပြည့်အဝ မရှိသေးသည့်အတွက် ထူးခြားမှုရှိမလာသေးတာ ဖြစ်လိမ့်မည် ဆို၍ပင်။ လက်နက်ပွဲစားများမှတဆင့် ပြန်ကြားရသည်က ဖက်တီးပုတ်လေးသည် ကာရာအိုကေ နှစ်နှစ်ခြိုက်ခြိုက် ဆိုလေ့ရှိပြီး ကိုရီးယား ရိုးရာ ဝတ်စုံဝတ်ဆင်ထားသော မြောက်ကိုရီးယားမလေးများက လက်ခုပ်များတီး၍ ဝိုင်းဝန်း အားပေးလေ့ရှိကြသည် ဟူ၍ဖြစ်သည်။
ကြင်စိုးအနေနှင့် ဓာတ်ကူးခန်းထဲတွင် ကာရာအိုကေဆိုရန် အခက်အခဲမရှိဟု သူ့ကိုယ်သူ ထင်တလုံးရှိသော်လည်း ခက်သည်က မြောက်ကိုရီးယားမလေးများကို ဘယ်မှာသွားရှာရမည်လဲ ဆိုသည်ပင်။ သူ၏ဓာတ်ကူးခန်း အကြောင်းလည်း လူသိမခံချင်သောအခါတွင်မူ မဲလုံးကို ကိုရီးယားရိုးရာဝတ်စုံဆင်ပေးရုံပဲ ရှိတော့သည်ဟု တွေး လိုက်မိသည်။
ဤသို့ဖြင့် တောင်၊ မြောက်၊ ကိုရီးယား နှစ်နိုင်ငံလုံးတွင် မည်သို့မျှရှာ မတွေ့နိုင်သည့် ရိုးရာဝတ်စုံဝတ် ‘မဲကိုရီးယားမ’တယောက် ကြင်စိုး၏ ဓာတ်ကူးခန်းထဲတွင် ဘွားခနဲ ပေါ်လာပေတော့သည်။
ကင်မ်ချီတဖတ်ကို တူနှင့်အသာယူမြည်းလိုက် အရက်တကျိုက် သောက်လိုက်လုပ်ရင်း ကာရာအိုကေ ဆိုနေသော ကြင်စိုးကို မဲလုံး မမေ့မလျော့ လက်ခုပ်တီး အားပေးရပြန်သည်။
♫ ကျနော့်နံမည် ကင်ကြင်စိုး
နေပြည်တော်မှာ ခိုးပါတယ်
ကျနော့်အဖေ ဦးသောင်းလှိုင်
ဦးခင်လှိုင်လည်း ဖြစ်နိုင်တယ်
ကျနော့်အဖေ ဦးသောင်းလှိုင်
ဦးခင်လှိုင်လည်း ဖြစ်နိုင်တယ် ♪
ကီးမကိုက်သော်ငြားလည်း မိုက်ခွက်ကို ဟန်ပါပါကိုင်၍ တောင်ရောက်မြောက်ရောက် ဟိုခုန်ဒီခုန်နှင့် ဖက်တီး ပုတ်လေး၏ လံကွတ်တီအဟောင်းတထည်ကို ခေါင်းမှာစွပ်ပြီး ရောခ့်ကာစတိုင်ဖြင့် ဓါတ်ကူးနေသော ကြင်စိုးကို လှမ်းကြည့်ရင်း မဲလုံးတယောက် ကြင်စိုး၏ သီချင်းစာသားအကြောင်း သိချင်နေမိသည်။
ပင်စင်ယူရမည့်အရွယ် ဖြစ်သော်လည်း သူ့ဖာသာ (စ)ကမြင်းကြောထမှုကြောင့် အသက်(၇၀)နားကပ်မှ ညအချိန် လည်း ကောင်းကောင်း မနားရပဲ ချွေးတလုံးလုံးနှင့် ဟိုအော်ဒီအော် ကာရာအိုကေ သီဆိုနေရသည်မှာ သံဝေဂရ စရာဟုလည်း မဲလုံးလိုလူကပင် တွေးနေမိသည်။
သီချင်းဆိုအပြီး မောမောနှင့် စားပွဲတွင် ဝင်ထိုင်လိုက်သော ကြင်စိုးက ဖက်တီးပုတ်လေး၏ လံကွတ်တီဟောင်း ဖြင့် မျက်နှာပေါ်မှ ချွေးစက်များကို အသာသုတ်လိုက်ပြီးနောက်
‘ရေတခွက် ငှဲ့ပေးဦးကွ၊ ဒါ့ကြောင့် လူကနေပေမယ့် အသက်က မနေဘူးလို့ ပြောကြတာနေမှာ’ဟု ဟောဟဲဆိုက် နေသည့် ကြင်စိုးက ကတုန်ကရင်နှင့် ပြောရင်း မဲလုံးလှမ်းပေးသည့် ရေခွက်ကို အငမ်းမရ မော့သောက်လိုက် သည်။ ပြီးမှ
‘ငါကိုယ်က ကိုယ့်ဒုက္ခကိုယ် ရှာမိတာပါကွာ၊ ဒီလိုဘဝမျိုးရောက်မယ် ဆိုတာသိရင် အာဏာထသိမ်းမိမှာ မဟုတ် ဘူး။ အခုတော့ ကလေးကအစ တပြည်လုံးက မအလ မအလနဲ့ ဆဲဆိုနေကြတာ၊ လူမလေးခွေးမခန့် ဘဝရောက် နေပြီ။ အင်းလေ ငါ့ရှိရှိသမျှတပ်တွေကအစ မခန့်ကြတာဆိုတော့ ဒီလိုပဲ ပြောရတော့မှာပေါ့’ ဟု စိတ်ပျက်လက် ပျက် ညည်းတွားပြီး သူ့တပ်ကို အများကပေးထားသည့် နံမည်အား အတည်ပြုပေးလိုက်သည်။
‘သူ့အပြစ်တော့ သူသိရှာသားပဲ’လို့တွေးရင်း မဲလုံးသူသိလိုသည်ကို မေးမြန်းဖို့ စကားစသည်။
‘ဘကင် သီချင်းထဲက အဖေနံမည် နှစ်ခု ဖြစ်နေတဲ့အကြောင်း ပြောပြပါဦး၊ ကျနော်သိချင်လို့၊ ဘယ်လိုဖြစ်ရတာ လဲ’
အမောပြေသွားဟန်ရှိသည့် ကြင်စိုးက
‘ဒီလိုကွ၊ အစ ငါနားလည်ထားတာက ဦးသောင်းလှိုင်က ငါ့အဖေပဲ၊ နောက်ပိုင်း ငါကျောင်းနေခါစ အရွယ်ရောက် တော့ ဦးခင်လှိုင်ဆိုတဲ့လူကြီးက အဖေမရှိရင် အိမ်ကို ခဏခဏလာပြီး ငါ့ကိုလည်း သားလေး သားလေးလို့ ခေါ် တယ်။ ပြီးတော့ မုန့်ဖိုးတွေပေးပြီး သူ့ကို ဖေကြီးလို့ ခေါ်ခိုင်းတယ်’
‘ငါကလည်း မင်းသိတဲ့အတိုင်း ပိုက်ဆံရရင်အကုန်လုပ်တဲ့သူဆိုတော့ မုန့်ဖိုးယူပြီး ဖေကြီးခေါ်လိုက်တာပဲ၊ ဘာ ဘာညာညာ သိပ်စဉ်းစားမနေပါဘူး။ နောက်ကျတော့ ငါကိုယ်တိုင် ဝိုးတိုးဝါးတား ဖြစ်လာပြီး ဘယ်သူကအဖေလဲ မသေချာတော့တာနဲ့ အဖေနံမည်ပြောပါ ရေးပါဆိုရင် တလှည့်စီဖြေလိုက်၊ရေးလိုက်လုပ်မိတယ်။ ဒါကြောင့် လူ တွေက ငါ့အဖေနံမည် ဦးသောင်းလှိုင် ပြောလိုက်၊ ဦးခင်လှိုင် ပြောလိုက် ဖြစ်ကုန်ကြတာပေါ့’
မဲလုံးခမျာ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားလေသည်။ ကြင်စိုးကတော့ သတိမထားမိဘဲ
‘ငါတို့ ကာရာအိုကေနဲ့ ဓာတ်ကူးကြတာ ဘာထူးခြားမှုတွေရှိလဲ၊ ဘာတိုးတက်မှုတွေရှိလဲ သတင်းတွေဖတ်ပြဦး’ ဟု မေးလိုက်သည်။
မဲလုံးလည်း သူနှင့်အတော်ကျပ်နေသည့် ကိုရီးယားဝတ်စုံ အောက်မှ မိုဘိုင်းလ်ဖုန်းကို ခဲခဲယဉ်းယဉ်း နှိုက်ယူ လိုက်ပြီး ကြင်စိုးကို သတင်းပို့ရမည့် လျှို့ဝှက်မက်ဆေ့ချ်များကို ရှာဖွေသည်။ ပြီးတော့မှ ဝမ်းသာအားရ လေသံ ကြီးဖြင့်
‘ဘကင်ရေ ၊ ပဒက်လေးတွေ အရမ်းစိတ်ပျက်သွားကြပြီတဲ့’
‘ဟေ ဟုတ်လား၊ ဒါ ငါတို့ဓါတ်ကူးကြတာတွေရဲ့ အကျိုးဆက်တွေပဲနေမှာ၊ ပြောစမ်း မြန်မြန်ပြောစမ်း ဘယ်လို ဖြစ်ကုန်ကြတာလဲဆိုတာ’
မဲလုံး အသေးစိတ် ဆက်ဖတ်လိုက်ပြီးနောက် မျက်နှာတချက်ပျက်သွားသည်။ ထို့နောက်လေသံကို အသာနှိမ့်ကာ
‘ဒီလို ဘကင်ရ၊ သူတို့စိတ်ပျက်သွားတာက ခမရ(၁၁၄) ဖွဲ့စည်းပုံ၊ရှိရင်းအင်အား၊စစ်ထွက်၊နောက်ချန်စာရင်းတွေ သိသွားတဲ့နောက် သူတို့က စတောင် မစရေးသေးဘူး၊ လူစုံတောင် တိုက်ခွင့်မရသေးဘူး အဘတပ်မှာက မုန့်ဟင်း ခါးပွဲ လက်ကျန်မရှိသလောက် တပ်ပျက်နေပြီဆိုပြီး အားမလိုအားမရနဲ့ စိတ်ပျက်နေကြတာကို ပြောတာတဲ့’
‘ဟုတ်တော့လည်းဟုတ်တာပဲ ဘကင်ရဲ့၊ လူ ၈၀၀ ကျော်ရှိရမယ့်ဟာ အခုက စစ်ထွက်တိုက်တာ အယောက် ၇၀ ဆိုတော့၊ဒါတောင်ပိုပြထားတာဖြစ်မှာ၊ အင်း ဒါဆိုရင်တော့ပဒက်လေးတွေ တယောက်တလှည့် ငေါ့ပြီးပန်းရင် တောင် လူစေ့ပန်းဖို့ လိုမှာမဟုတ်ဘူး။ အခုက ကျည်တောင် မလိုတော့ဘူး၊ ကျင်ငယ်ရေနဲ့ပဲ ကိစ္စပြတ်နေပြီ’ဟု ပြောလိုက်သည်။
စိတ်ညစ်သွားသော ကြင်စိုးက သက်ပြင်းရှည်ကြီး တချက်ချကာ—
‘အေးကွာ ငါလည်းဘာဆက်လုပ်ရမှန်း၊ဘယ်နေရာ ထပြေးရမှန်းတောင်မသိတော့ပါဘူး၊ မထူးပါဘူး ကိုယ်လုပ် လို့ရတဲ့ ဓါတ်ကူးတဲ့ အလုပ်ပဲ ဆက်လုပ်ကြတာပေါ့ဟု ဆိုကာ လုပ်မိလုပ်ရာ မိုက်ခွက်ကိုလှမ်းကိုင်လိုက်ပြီး
‘ကျနော့်အဖေ ဦးသောင်းလှိုင်
ဦးခင်လှိုင်လည်း ဖြစ်နိုင်တယ်’ ဟု ကောက်ကာငင်ကာ ထဆိုလိုက်သည်။
အလိုက်ကန်းဆိုးမသိသော မဲလုံးက သူ့ဖုန်းထဲက သတင်းကို ဆုံးအောင် ဆက်ဖတ်ပြီး ကြင်စိုးကို ထပ်အော်ပြော လိုက်သည်က
‘နေဦးဗျ ပဒက်လေးတွေက ဘကင်ကို ဆက်ပြောလိုက်သေးတယ်၊ မပြီးသေးဘူး သူတို့အလှည့် ကျန်သေးတယ် တဲ့’
ထိပ်လန့်တကြားနှင့် လက်ထဲမှ မိုက်ခွက်လွတ်ကျသွားသော ကြင်စိုး၏ အကြောက်လွန်မျက်နှာက ဇီးရွက်ထက်ပင် ပိုသေးငယ်သွားကာ ‘ပူတင်နဲ့ ရှီကျင်းပင်တို့ကို နောက်တိုးအဖေစာရင်းထဲ အမြန်ထပ်ထည့်မှ ဖြစ်တော့မယ်နဲ့တူတယ်’ဟု တီးတိုးရေရွတ် လိုက်ပါတော့သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar