Breaking News

လှကျော်ဇော - မြန်မာ့ဂန္ထ၀င် တေးသံရှင်ကြီး (ဒေါ်) မာမာအေးသို့ မွေးနေ့ နှုတ်ခွန်းဆက်

လှကျော်ဇော - မြန်မာ့ဂန္ထ၀င် တေးသံရှင်ကြီး (ဒေါ်) မာမာအေးသို့ မွေးနေ့ နှုတ်ခွန်းဆက်

(မိုးမခ) ဩဂုတ် ၃၀ ၊ ၂၀၂၃


သြဂုတ်လ ၅ ရက်နေ့က တခမ်းတနား ကျင်းပခဲ့ပြီး တိုက်ရိုက်လည်းလွှင့်ခဲ့တဲ့ ဒေါ်မာမာအေးရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ အခမ်းအနား ဗွီဒီယို အခွေလေးကို နိုင်ငံခြားရောက် ရဲဘော်တယောက်က ပို့ပေးလို့ မနေ့တနေ့ကမှ ကြည့်လိုက်ရပါတယ်။ (သူ ပို့ပေးတဲ့ လင့်ခ်က- https://fb.watch/mAJSWykPBa/?mibextid=qC1gEa)

ဒါ့ကြောင့် မွေးနေ့နှုတ်ခွန်းဆက် ဆောင်းပါးလေးကို နောက်ကျပြီးမှ ပို့ပေးလိုက်ရတာ အားနာမိပါတယ်။

၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မာမာအေးဟာ ၁၃ နှစ် အရွယ်မှာ 'သက်တံပေါ်မှာ ကစားမယ်' ဆိုတဲ့ သီချင်းနဲ့ ဟုန်းဟုန်းတောက် ကျော်ကြားခဲ့တာဟာ နှစ် ဆယ်စုနှစ်ပေါင်းများစွာ (အနုပညာသက်တမ်းက ၆၈ နှစ် ရှိပြီတဲ့။) တေးလောကကို လွှမ်းမိုးနိုင်ခဲ့သူပါ။

ဒေါ်မာမာအေးရဲ့ ဘ၀ အတိုချုပ်လေးကို အဲဒီအခမ်းအနားမှာ ဒေါက်တာလှဘူးက ပြောပြမိတ်ဆက်သွားပြီးပါပြီ။ ဒေါ်မာမာအေးရဲ့ တေးလောက အနုပညာဘက်ဆိုင်ရာ အခန်းကဏ္ဍအားလုံးလောက်နီးပါး တို့ထိပြောသွားတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒေါက်တာလှဘူး ပြောသလိုပါပဲ။ "ဒေါ်မာမာအေးလို ပုဂ္ဂိုလ်ကြီးတဦးရဲ့ ဘ၀ကို သာမန်လူများအနေနဲ့ ပြောလို့ကတော့ ပင်လယ်ပြင်ကြီးရဲ့ ကမ်းစပ်တနေရာက ရေခွက် တခွက်စာပဲ ရှိနိုင်မှာ ဆိုတာ မှန်ပါတယ်။ ဒီတော့ ကျွန်မကလည်း ကျွန်မ သိတဲ့ထောင့်က ရေတခွက် ထပ်ထည့်ချင်လာပါတယ်။ ဒေါ်မာမာအေးမှာ အနုပညာဇ တင်မက နိုင်ငံရေးဇလည်း မသေးပါဘူး။

၁၉၆၀ ပြည့်နှစ် ကျွန်မဖခင် (ဗိုလ်ကျော်ဇော၊ ရဲဘော်သုံးကျိပ်) က ဗိုလ်နေ၀င်းအိမ်စောင့်အစိုးရ (၁၉၅၈-၁၉၆၀) က ကျင်းပပေးတဲ့ အထွေထွေရွေးကောက်ပွဲမှာ ကြည့်မြင်တိုင်တောင်ပိုင်းမဲဆန္ဒနယ်က တသီးပုဂ္ဂလိက အမတ်လောင်းအဖြစ် ၀င်အရွေးခံခဲ့ပါတယ်။အဲဒီတုန်းက မဲဆွယ်စည်းရုံးရေးသီချင်းတွေကို မာမာအေးတို့၊ မောင်မောင်ညွန့်တို့ သီဆိုပေးခဲ့ဖူးပါတယ်။

ဒါ့အပြင် အဲဒီကာလများက ဖေဖေတို့ ပါဝင်လှုပ်ရှားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြလှုပ်ရှားမှုများမှလည်း ကိုမြတ်လေး၊ ကိုသန်းလှိုင် တို့နဲ့ အတူ လူထုအစည်းအဝေးကြီးတွေမှာ 'ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ' ၊ 'အများစု အင်အား' စတဲ့ သီချင်းများကို ပါဝင်သီဆို ပေးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်တွင်းက ကျောင်းသားပွဲတော်များမှာလည်း (ကိုမြတ်လေး အဆက်နဲ့တူပါရဲ့) မာမာအေးတယောက် သူတတ်နိုင်တဲ့ တေးသံများနဲ့ ၀င်နွှဲခဲ့ပါသေးတယ်။

မဆလ ခေတ်မှာတော့ အစိုးရ၀န်ထမ်းအဖြစ် (မြန်မာ့အသံမှာ)ကာလ တခု တာဝန်ထမ်းဆောင်နေပေမယ့် နောက်ပိုင်းမှာ အစိုးရအလုပ်က နုတ်ထွက်ကြောင်း ကြားလိုက်ရပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးမှာတော့ 'အောင်ပွဲဆက်ဆက်ခံဦးမည်' ၊ 'ခွပ်ဒေါင်းနဲ့ အတူတိုက်' ၊ 'ဒီမိုကရေစီ မုချရရမည်' ဆိုတဲ့ သမိုင်းဝင်တေးသီချင်းများကို တခြားနာမည်ကျော် အဆိုတော်ကြီးများနဲ့ ပူးတွဲသီဆိုပြီး ပြည်သူ့အရေးတော်ပုံကြီးကို တထောင့်တနေရာက အလွန်အစွမ်းထက်တဲ့ခွန်အားနဲ့ အားဖြည့်ပေးခဲ့ပါတယ်။

ဒီအခန်းကဏ္ဍဟာ ပြည့်သူ့တေးသံရှင်ကြီး မာမာအေးရဲ့ အလွန်ပြောင်မြောက်တဲ့ သမိုင်းဝင်ကဏ္ဍပါ။ ဒါကြောင့်ပဲ ဗမာပြည်မှာ နေမရတော့ဘဲ အမေရိက ရောက်သွားရတာပါ။

နိုင်ငံရပ်ခြားကနေပြီး တိုင်းပြည်အတွက် အကျိုးရှိရာရှိကြောင်း တတ်နိုင်သမျှ မိမိရဲ့ အတွေ့အကြုံ တွေကို ပြန်လည်ရေးသားတာ၊ သတင်းဌာနအမျိုးမျိုးနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ပါဝင်တာတောက်လျှောက်ပါ။ ဘီဘီစီမှာ အပတ်စဉ် လွှင့်သွားခဲ့တဲ့ 'ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်' ဆိုတဲ့ အစီအစဉ်ဟာ အမြဲစောင့်နားထောင်ရတဲ့ အစီအစဉ်ပါ။ အဲဒီအစီအစဉ်တိုင်း သင့်တော်တဲ့ သီချင်းလေး တပိုင်းတစ ပါတတ်တာကလည်း စွဲနားထောင်ရတဲ့ အကြောင်းအရာတရပ် ဖြစ်နေပါတော့တယ်။

 ၂၀၁၂ အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖေဖေ (အသက်-၉၃နှစ်)မှာ ကွယ်လွန်သွားချိန်မှာလည်း ဒေါ်မာမာအေးက သူ့ရဲ့ 'ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်' ဆိုတဲ့ အစီအစဉ်ကနေ ဖေဖေအတွက် ဂါရ၀စာတမ်းတစောင် ရေးသား ဂုဏ်ပြုခဲ့ပါသေးတယ်။

ဗမာပြည်ကို ခေတ္တခနပြန်ခွင့်ရချိန်မှာလည်း မွေးရပ်မြေကို ပြန်ပြီး  ဗမာပြည်ကြီးရဲ့ ဒီမိုကရေစီရရှိရေးအတွက် လုပ်နိုင်သမျှလေးတွေကို ကိုယ်လုပ်နိုင်တဲ့ နေရာလေးတွေက လုပ်ဆောင်သွားတာတွေ့ရပါသေးတယ်။

တကယ်တော့ ဒေါ်မာမာအေးဟာ အသက် (၁၃) နှစ် အရွယ်လေးကစလို့ သက်တံပေါ်မှာ တက် ကစားပြီး တနိုင်ငံလုံးက ပြည်သူတွေရဲ့ ချစ်မေတ္တာကို ရယူခဲ့ရုံမျှမက  သမိုင်းရဲ့ အမှန်တရားဘက်က ပြည်သူတွေနဲ့အတူ ထာဝရ ရပ်တည်သူတဦးဖြစ်လို့ အခုအသက် (၈၁) နှစ်အရွယ်ထိ ပြည်သူတွေရဲ့ မေတ္တာကို ဆက်လက်ခံယူနေရတာလို့ ကျွန်မကတော့ မှတ်ချက်ပြုချင်ပါတယ်။

ဒေါ်မာမာအေး ကျန်းမာ ချမ်းသာစွာနဲ့ အသက်ရာကျော်ရှည်ပါစေကြောင်း အဝေးရောက် တေးပရိသတ်(ညီမ) တဦးက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar