ဗိုလ်နဂါး နဲ့ ပန်ဆယ်လိုတို့ရဲ့ အပြန်အလှန် အငြင်းအခုံ၊ ထန်တလန်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ နှစ်ဖက် ဆယ်ဂဏန်းနှင့်ချီ သေဆုံး
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၉ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၃
ဗိုလ်နဂါး နဲ့ ပန်ဆယ်လိုတို့ရဲ့ အပြန်အလှန် အငြင်းအခုံ၊ ထန်တလန်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ နှစ်ဖက် ဆယ်ဂဏန်းနှင့်ချီ သေဆုံး
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ယင်းမာပင် မြို့နယ်တွေမှာ မြန်မာ့တော်ဝင်နဂါးတပ်မတော် MRDA ဆိုတဲ့ အမည်နဲ့ ဖွဲ့စည်းထားတဲ့ ဒေသခံထဲက ပေါ်ထွက်လာတဲ့ PDF အဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးနဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ရဲ့ အသိအမှတ်ပြုထားတဲ့ ရန်ပုံငွေရှာဖွေသူ ပန်ဆယ်လိုတို့ အကြား အပြန်အလှန် တိုက်ခိုက်ပြောဆိုမှုတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေက ခုတလော အွန်လိုင်းပေါ်က ဆိုရှယ်မီဒီယာမှာ အပြောများနေတဲ့ နိုင်ငံရေး အကြောင်းအရာတရပ် ဖြစ်နေပါတယ်။ NUG အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနထံက MRDA အနေနဲ့ ရံပုံငွေ လောက်လောက်လားလား အထောက်အပံ့ မရသေးဘူး ဆိုတဲ့ ဗိုလ်နဂါးဘက်က ပြောဆိုချက်နဲ့ NUG အစိုးရဘက်က MRDA ကို ထောက်ပံ့ငွေ ဒေါ်လာ ၁ သန်းနီးပါး ပေးထားပြီးပြီဆိုတဲ့ ပန်ဆယ်လိုဘက်က ပြောဆိုချက် စတဲ့ အပြန်အလှန်ပြောဆိုချက်တွေက ခုသီတင်း တပတ်တာမှာ နေ့စဥ်လိုလို ဆိုရှယ်မီဒီယာ နဲ့ သတင်းဌာနအချို့မှာ သတင်းအဖြစ် ရေးသား၊ ထုတ်လွှင့်နေကြတာ ဖြစ်ပါတယ်။ MRDA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါး အနေနဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ထုတ်ပြီး ဖြေရှင်းတာ ပြောဆိုနေတာတွေလည်း နေ့စဥ်ဆိုသလို ရှိလာနေပြီး နွေဦးတော်လှန်ရေး ထောက်ခံသူတွေအကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာနေတာလည်း တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီး လအနည်းငယ် အကြာမှာ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ လက်လုပ်တူးမီး သေနတ်တွေနဲ့ စတင်ကာ ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်လာခဲ့ရာမှာ ပုလဲနယ်က ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA လည်း တဖွဲ့အပါအဝင် ဖြစ်ပါတယ်။ ထိုစဥ်ကာလက NUG ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တွေလည်း ပေါ်ထွက်မလာသေးသလို၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) တွေလည်း ပေါ်ထွက်ခြင်း မရှိသေးပါဘူး။ အခုအခါ အချို့က ဒေသန္တရ ပြည်သူ့ကာကွယ်ရေး အဖွဲ့လို့ အဓိပ္ပါယ်ရတဲ့ LPDF တွေက အဲဒီအစောပိုင်းကာလကတည်းက ဒေသခံတွေ စုဖွဲ့ကြပြီး တချို့လည်း NUG ရဲ့ ကွပ်ကဲမှုအောက် ရောက်သွားကြသလို တချို့ကလည်း ၄င်းတို့ဘာသာ ၄င်းတို့ ရပ်တည်ကြတာ တွေ့ရပါတယ်။ ပုလဲနယ်က မြန်မာ့တော်ဝင်နဂါးတပ်မတော် ဟာ ၄င်းတို့ဘာသာ ၄င်းတို့ရပ်တည်ခဲ့ကြပြီး နောက်ပိုင်း NUG ရဲ့ အထောက်အပံ့တချို့ ရခဲ့တယ်လို့လည်း ရှင်းလင်းချက်တွေအရ သိရပါတယ်။ ယမန်နှစ်က လက်နက်ဝယ်ပေးဖို့ ငွေကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်နဂါးက NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကို စာပေးပို့ခဲ့တာ၊ သတင်းမီဒီယာတွေကို ထုတ်ပြောခဲ့တာတွေ ရှိခဲ့ပြီး မကြာသေးမီကတော့ MRDA ရဲ့ တပ်ရင်း ၄ ရင်းကို NUG ဘက်က ဆက်လက် မထောက်ပံ့တော့ပဲ မိမိတို့ဘာသာ ဆက်လက်လှုပ်ရှားဖို့ အသိပေး အကြောင်းကြားရာက စတင်ပြီး အခုလို အပြန်အလှန် ပြောဆိုမှုတွေ ဖြေရှင်းမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ဗိုလ်နဂါးဟာ မီဒီယာ ဆက်ဆံရေး၊ အများလူထုကို ဆက်ဆံရေးတွေမှာ အပြောအဆိုကောင်းသူ၊ ယဥ်ယဥ်ကျေးကျေးနဲ့ စကားကို သွယ်ဝိုက်ပြီး လိုချင်တဲ့ ရည်ရွယ်ချက်ရောက်အောင် ပြောဆိုတတ်သူ ဖြစ်လို့ သူ့ကို ထောက်ခံသူ သူ့ဘက်ကရပ်တည်သူတွေလည်း အများအပြားရှိတာ ဖြစ်ပါတယ်။ တဖက်မှာတော့ NUG အစိုးရအနေနဲ့ တနည်း ကာကွယ်ရေး ဝန်ကြီးဌာန MOD အနေနဲ့ အခု အဖြစ်အပျက်မှာ ဘယ်ကိစ္စတွေ ဘယ်လိုဖြစ်ပျက် ခဲ့တယ်ဆိုတာကို ဗိုလ်နဂါးနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဖြေရှင်းကာ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဘယ်လို ဆက်သွယ်ဖြေရှင်းပြီးကြောင်း အများပြည်သူကို ရှင်းပြတာ၊ သတင်းမီဒီယာက တဆင့်ပြန်လည် အသိပေးတာ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။ NUG ရဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန MOD က ဖြေရှင်းတာ မတွေ့ရဘဲ၊ ထောက်ပံ့ရေး ရံပုံငွေရှာဖွေရေးမှာ နာမည်ကြီး လူသိများတဲ့ ပန်ဆယ်လိုက ဗိုလ်နဂါးကိစ္စကို NUG ဘက်က ရပ်တည်ပြီး ဆိုရှယ်မီဒီယာက တဆင့်ရှင်းလင်းနေတဲ့ အဖြစ်က လုပ်ထုံးလုပ်နည်း မကျသလို အရပ်ထဲက ဖြေရှင်းနည်း ဖြစ်ပြီး၊ စနစ်ကျတဲ့ အဖွဲ့အစည်းတရပ်က တရားဝင်နည်းလမ်းနဲ့ ဖြေရှင်းပုံမျိုး မဟုတ်တာတွေ့ရပါတယ်။ အချို့သော အချက်အလက်တွေက NUG ဘက်က တာဝန်ရှိတဲ့သူနဲ့ ဗိုလ်နဂါးတို့အကြား တိုက်ရိုက်ဆက်သွယ် ပြောဆိုဖြေရှင်းသင့်တဲ့ ကိစ္စတွေ ဖြစ်ပြီး အများပြည်သူကို အဖြစ်အပျက် အစုံချခင်းပြီး ရှင်းပြဖို့ မသင့်တော်တဲ့ အကြောင်းအရာတွေလည်း ဖြစ်ပါတယ်။ ဘယ်သူ့ဆီကတဆင့် ပေးတယ် ဘယ်လောက်ပေးတယ် ဘယ်လို ပေးတယ်ဆိုတာမျိုးတွေက အများပြည်သူရှေ့မှာ ထုတ်ဖေါ်ပြောဆိုနေကြ ဖို့မသင့်တော်ပါဘူး။ တဖက်ရန်သူ အနေနဲ့ NUG, MOD ရဲ့ လုပ်ပုံကိုင်ပုံ၊ ဗိုလ်နဂါး တို့အဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံတွေကို အသိပေးလိုက်သလို ဖြစ်ပြီး လုံခြုံရေး အရအချက်အလက် ကျိုးပေါက်ရာလည်း ကျတာပါ။ ဒီဖြစ်ပျက်နေတဲ့ အနေအထားကို အရပ်ထဲက ဖြေရှင်းပုံမျိုးနဲ့ ဖြေရှင်းတာ အမြန်ဆုံး ရပ်သင့်ပြီး တိုက်ရိုက်ဆက်သွယ် ဖြေရှင်းပြောဆိုတာတွေ လုပ်ဖို့ အကောင်းဆုံး အခြေအနေကတော့ အခုလိုကာလပဲ ဖြစ်ပါတယ်။
ဒီနေ့ သတင်းတွေထဲမှာ ချင်းပြည်နယ် အလယ်ပိုင်းက လူမနေတော့တဲ့ ထန်တလန်မြို့ မှာ ချင်းအမျိုးသား တပ်ဦးနဲ့ CDF (ဟားခါး) လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ တပ်ရင်း နဲ့ တပ်စွဲထားတဲ့ နေရာအချို့ကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီဘက်ကရော ချင်းလက်နက်ကိုင် အဖွဲ့တွေဘက်ကပါ ဆယ်ဂဏန်းနဲ့ချီတဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ထန်တလန် မြို့ဟာ ၂၀၂၁ ခုနှစ်က စက်တင်ဘာလကတည်းက မြို့မှာ တိုက်ပွဲတွေဖြစ်ပွားရာက စစ်ကောင်စီဘက်က မြို့ကို မီးရှို့ခဲ့ပြီး လူဦးရေ ၁ သောင်းကျော် နေထိုင်တဲ့မြို့အဆင့်ကနေ လူမနေကြတော့တဲ့ မြို့ပျက် အဖြစ်ပြောင်းလဲသွားခဲ့တဲ့ မြို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမြို့အနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်ရင်းတွေက တပ်စွဲထားမြဲဖြစ်ပြီး မကြာမကြာ လူမနေတဲ့ မြို့၊ အသက်ဘေးစိုးရိမ်လို့ မြို့ခံတွေ စွန့်ခွာသွားတဲ့မြို့ရဲ့ အိမ်တွေ အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာ တပ်စွဲတာတွေ လုပ်နေတဲ့ အနေအထားဖြစ်ပြီး အခုလ ၂၈ ရက်နေ့မှာတော့ CNF နဲ့ CDF ဟားခါးတို့က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုအကူအညီနဲ့ ပြန်လည် တိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၁၁ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း အနည်းဆုံး အယောက် ၂၀ လောက်သေဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေအကြားမှာ ဆယ်စုနှစ် နဲ့ ချီကြာဖွဲ့စည်းခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က ထန်တလန်မြို့နယ်ထဲက အိန္ဒိယနယ်စပ်မှာ ဌာနချုပ် အခြေစိုက်တာကြောင့်လည်း စစ်ကောင်စီ အနေနဲ့ ထန်တလန်မြို့နယ်ကို အရေးထားပြီး တိုက်ခိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ထန်တလန်မြို့ဟာ စစ်အာဏာသိမ်းပြီးနောက် မြို့တမြို့အနေနဲ့ တမြို့လုံး စွန့်ခွာထွက်ပြေးရတဲ့ ပထမဆုံးသော မြို့ဖြစ်လာပြီး ပျက်စီးမှုလည်း အများဆုံးဖြစ်ပါတယ်။ သယံဇာတအားဖြင့် သော်လည်းကောင်း၊ ပထဝီအနေအထားအားဖြင့် သော်လည်းကောင်း ချင်းပြည်နယ်ဟာ ဒီလောက် ဆွဲဆောင်မှုမရှိပေမယ့်လို့ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ် ဆက်စပ်နေတဲ့ အနေအထား၊ ကျယ်ပြန့်တဲ့ နယ်မြေပမာဏကြောင့် ချင်းပြည်နယ်ကို စစ်ကောင်စီ အနေနဲ့ လွယ်လွယ်နဲ့တော့ လျစ်လျူရှုခြင်း မပြုပဲ ရှိတဲ့ စစ်အင်အားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေဦးမယ်လို့ ခန့်မှန်းရပါတယ်။ တဖက်မှာတော့ မြင့်မားတဲ့ တောင်တန်းတွေ၊ ကားလမ်းတွေက တခုထည်းသော ဆက်သွယ်ရေး လမ်းကြောင်းဖြစ်ခြင်း တချို့သောမြို့တွေအဖို့ ဆက်သွယ်ထားတဲ့ တကြောင်းတည်းသော ကားလမ်းကို မသုံးမဖြစ် သုံးစွဲရခြင်းတွေက စစ်ကောင်စီအနေနဲ့ စစ်ရေးအရ အားနည်းချက်လို ဖြစ်ပြီး စစ်ယာဥ်တန်းတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အလွယ်တကူ ကြားဖြတ်တိုက်ခိုက်နိုင်ကြတဲ့ အနေအထားမျိုးလည်း ဖြစ်နေခြင်းက စစ်ကောင်စီတပ်တွေ အဖို့ ထိခိုက်မှု များစေတဲ့ အကြောင်းဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar