Breaking News

စစ်ကောင်စီရဲ့ စစ်ရေးအရ ခံနိုင်ရည်ကို အကဲခတ်ခြင်း


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၃၀ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၃


စစ်ကောင်စီရဲ့ စစ်ရေးအရ ခံနိုင်ရည်ကို အကဲခတ်ခြင်း 

ကရင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ကရင်နီဒေသတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်တွေက တဖက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နဲ့ PDF အဖွဲ့တွေက တဖက် တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာလည်း ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်နေတဲ့ အဖြစ်တွေ တပြိုင်နက်တည်းလိုလို ဖြစ်ပွားနေတာ ကြားသိနေရတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ တပ်မဟာ ၃ ၊ ညောင်လေးပင် နယ်မြေ၊ တပ်မဟာ ၆နဲ့ ၇ ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ/ ကေအန်အယ်လ်အေ အကြားတိုက်ပွဲတွေ ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရှိရပါတယ်။ 

ချင်းပြည်နယ် ထန်တလန်မှာ စစ်ကောင်စီ တပ်ရင်းနေရာနဲ့ အခြားတပ်စွဲထားတဲ့ နေရာတွေကို ချင်းအမျိုးသား တပ်ဦးနဲ့ ချင်းကာကွယ်ရေး အဖွဲ့တွေက စတင်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးပြီး ချင်းကာကွယ်ရေး နဲ့ ချင်းအမျိုးသားတပ်ဦးဘက်က ၂၀ လောက်သေဆုံးခဲ့တယ်လို့ နောက်ဆုံး ထွက်ရှိလာတဲ့ သတင်းတွေမှာ ဖတ်ရှုရတာ ဖြစ်ပါတယ်။ 

အခုလို ချင်းပြည်နယ် နဲ့ ကရင်ပြည်နယ်တို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာ တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်က ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာ သွားတဲ့လမ်းဖြစ်တဲ့ ဗန်းမော်၊ နမ်ဆန်ယန် စတဲ့ ဒေသတွေမှာ စစ်ကောာင်စီတပ်တွေ လှုပ်ရှားနေပြီး ကေအိုင်အေ တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ၊ ကေအိုင်အေက စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ လတွေကတည်းက စစ်ကောင်စီက ကေအိုင်အေ ဌာနချုပ်ဆီကို သွားတဲ့ လမ်းအစိတ်အပိုင်းတချို့မှာ စစ်တပ်တွေချပြီး လှုပ်ရှားနေကြတယ်ဆိုတာ သတင်းတွေထဲ တွေ့ရှိပြီးဖြစ်ပါလိမ့်မယ်။ 

ပြီးခဲ့တဲ့ လပိုင်းက စတင်ပြီး စစ်ကောင်စီတပ်တွေ နမ်ဆန်ယန် တဝိုက်ကို ချထားကာ လှုပ်ရှားနေပြီး ကေအိုင်အေ ဌာနချုပ်ကို ခြိမ်းခြာက်တဲ့ သဘောလား၊ ဖိအားပေးတဲ့ သဘောလားတော့ ရှင်းရှင်းလင်းလင်း မရှိသော်လည်း စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတွေအထိ လက်နက်နဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ်၊ အချို့နေရာမှာ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ပါဝင်ကူညီနေတာတွေကြောင့် စစ်ကောင်စီက ကေအိုင်အေကို ဖိအားပေးဖို့ ဌာနချုပ်ရှိရာ လိုင်ဇာ သွားရာလမ်းတွေကို စစ်အင်အားတွေ ရွှေ့ပြောင်း ချထားတာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

အခုလို ကေအိုင်အေ ကို ဖိအားပေးဖို့ စစ်ရေးပြင်ဆင်နေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် တဝိုက်မှာလည်း တအန်း ပြည်သူလွတ်မြောက်ရေး လက်နက်ကိုင် အဖွဲ့ TNLA နဲ့ မူဆယ်မြို့ အနီးတဝိုက်မှာ၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကားလမ်း တလျှောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ မူဆယ်၊ ဆယ်လန်းကျေးရွာနဲ့ ခိုမုန်းကျေးရွာတွေ တဝိုက်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ 

တနိုင်ငံလုံးခြုံကြည့်ရင် စစ်ကောင်စီ အနေနဲ့ ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း တတိုင်းလုံးနီးပါး၊ မကွေးတိုင်း အထက်ပိုင်း နဲ့ မန္တလေးတိုင်း ရဲ့ အချို့သောဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေကို ဆင်နွှဲနေရတာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တွေမှာ လုံခြုံရေး အဖြစ်နဲ့ စစ်တပ်အင်အားအချို့ကို ချထားရဆဲပဲ ဖြစ်ပြီး ပြည်နယ်တခုနဲ့ တခု သို့မဟုတ် တိုင်းတခုနဲ့ တခုအကြား ဆက်သွယ်ထားတဲ့ ကားလမ်းတွေကိုတော့ ပုံသေ လုံခြုံရေးချပြီး စိုးမိုးထိန်းချုပ်ထားတာမျိုး ထက် ၊ စစ်မြေပြင် တခုနဲ့ တခု အင်အားရွှေ့ပြောင်းတာ၊ တပ်ရင်း၊ တပ်မတွေ အခြေစိုက်ရာ နေရာတွေထဲမှာပဲ တပ်တွေက နေထိုင်ပြီး နေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ စစ်ကောင်စီ အဖို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေအဖြစ် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းအရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် အချို့သောဒေသတွေ၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းရဲ့ အချို့သော ဒေသ နဲ့ စစ်ကိုင်းတိုင်း အနောက်မြောက် နာဂဒေသစတာတွေ ဖြစ်ပါတယ်။ ဒီဒေသတွေကို ဖယ်ထားလိုက်တဲ့အခါ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း ဒေသအချို့ ရှမ်းမြောက်ရဲ့ အချို့အစိတ်အပိုင်း ကရင်နီပြည်နယ် တခုလုံးနီးပါးနဲ့ ပဲခူးတိုင်း အရှေ့ဘက်ခြမ်း စစ်တောင်းမြစ်ဝှမ်းတချို့ အပိုင်းတွေနဲ့ တနင်္သာရီတိုင်းရဲ့ ဒေသအချို့တို့မှာ နေ့စဥ်တိုက်ပွဲဆင်နွှဲနေရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီမှာ လက်နက်၊ ငွေကြေးအရင်းအမြစ်၊ စစ်သည်အင်အား နောက်ထပ် ဘယ်လောက် ထပ်မံဖြည့်ဆည်းနိုင်မလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြည့်ရင် စစ်သား စုဆောင်းမှု ခက်ခဲနေတာ အမှန်ပဲဖြစ်ပြီး ရှိတဲ့ စစ်သားအရေအတွက်က တဖြည်းဖြည်း ပြုန်းတီးလာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နေ့ချင်းညချင်းတော့ စစ်ကောင်စီ တပ်တွေ ဖွဲ့စည်းပုံပျက်ပြားပြီး လှုပ်ရှားလို့မရနိုင်တဲ့ အနေအထားရောက် သွားမယ်လို့တော့ မျှော်လင့်လို့ မရသေးပါဘူး။ တဖက်မှာ နိုင်ငံရဲ့ အခွန်အကောက်၊ သယံဇာတက ရတဲ့ ငွေကြေးအရင်းအမြစ်နဲ့ လက်နက်၊ ဝယ်ယူနေနိုင်သေးတာကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ဒီအနေအထားကို သုံးသပ်ကြည့်ရင် ရန်သူစစ်ကောင်စီဟာ နေ့ချင်းညချင်း ပြိုကျ ပျက်စီးသွားမယ်လို့ မျှော်လင့်ပြီး မိမိတို့ဘက်က မဟာဗျူဟာတွေကို ချမှတ်ရင် စိတ်ကူးယဥ်ရာကျပြီး လက်တွေ့ ဖြစ်မလာခဲ့ရင် စိတ်ဓါတ်ကျစရာ၊ စိတ်အားလျော့စရာတွေ ဖြစ်လာပါလိမ့်မယ်။ 

မိမိတို့အနေအထားကို လက်နက်ကိုင် တိုက်ပွဲ ရေရှည်လာသည်အထိ ရင်ဆိုင်နိုင်အောင်၊ ဖြည့်ဆည်းမှုတွေ၊ စည်းရုံးမှုတွေ လုပ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ တနိုင်ငံလုံး ဟိုနားသည်နားမှာ တပြိုင်နက်ထဲ စစ်မျက်နှာ ဖွင့်ထားနိုင်သေးတယ်ဆိုတဲ့ အချက်ကို ကြည့်ရင် ရန်သူကို လျော့မတွက်ဖို့ အရေးကြီးပြီး မိမိတို့ရဲ့ ရေရှည်ခံနိုင်ရည်၊ အရင်းအမြစ်ဖြည့်ဆည်းနိုင်ရေး စတာတွေကို ကြိုးစားပြီး ဖြည့်ဆည်းနေရမယ့် အချိန်လို့ ထင်မြင်မိပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar