Breaking News

သီအိုဇော် - ငါတို့ခေတ်၏ နွေဦးစစ်သည်တော်


သီအိုဇော် - ငါတို့ခေတ်၏ နွေဦးစစ်သည်တော်

(မိုးမခ) စက်တင်ဘာ ၁ ၊ ၂၀၂၃


အိပ်မက်ကို

အရည်ဖျော်သောက်ဖို့

အသိုက်စွန့်ခွာ 

ထွက်ခဲ့တာမဟုတ်

အိပ်မက်ကို ခြေရာခံရင်း

အသိုက်သစ်

ထပ်ဆောက်နေကြတဲ့သူတွေ။


ကိုယ့်ကိုယ်ကိုယ် အနိုင်နိုင်ဆိုပေမယ့်

ကမ္ဘာကြီးကို ထမ်းထားချင်တဲ့သူတွေပေါ့

သက်တမ်းလွန် လက်မှတ်နဲ့တော့

စိတ်ကူးကမ္ဘာမပတ်

အမာရွတ်အထပ်ထပ် နှလုံးသားနဲ့

အနာဂတ်ကို မရမကချီပိုး

ကိုယ့်ဘဝတံတား 

ကိုယ်တိုင်ချိုးချပြီး

မြတ်မြတ်နိုးနိုး 

ပေးဆပ်ခဲ့ကြတဲ့သူတွေ။


ရှင်းသန့်လတ်ဆတ် လေနုအေးလေး

တိုးဝှေ့ဝင်လာနိုင်ဖို့အတွက်

အသွေးအသက်နဲ့ရင်းလို့

နံရံဟောင်းတွေဖြို

တံတိုင်းအိုတွေဖျက်

သမိုင်းစာမျက်နှာသစ်

ခံ့ခံ့ညားညား

မင်္ဂလာရှိရှိ

ရေးထိုးချန်ရစ်ခဲ့ကြမယ့်သူတွေ။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar