Breaking News

စစ်ကိုင်းတိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်လို့ အရပ်သားတွေ ထပ်မံ သတ်ဖြတ်ခံရ


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၇ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၃


စစ်ကိုင်းတိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်လို့ အရပ်သားတွေ ထပ်မံ သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာတရွာကို ခုရက်ပိုင်းအတွင်း စစ်ကောင်စီ စစ်ကြောင်းဝင်လာပြီး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ကျေးရွာသူ ကျေးရွာသား ၃၀ကျော်ထဲက ၆ ဦးလောက်ကို ဖမ်းဆီးစစ်မေးရာက အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၄ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ အသက် ၂၀ အရွယ်သမီး ဖြစ်သူနဲ့ အသက် ၅၀ အရွယ် ဖခင်ဖြစ်သူတို့ သတ်ဖြတ်ခံရသလို အသက် ၅၀ ကျော်နဲ့ ၃၀ ကျော် အခြားအမျိုးသား ၂ ဦးလည်း သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူနဲ့ တွဲလျှက် အဖမ်းခံရပြီး သတ်ဖြတ်ခံရတဲ့ အသက် ၂၀ အရွယ်အမျိုးသမီးကိုတော့ မသတ်ခင် အဓမ္မပြုကျင့်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

အခုလို သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက် ဖြစ်ပွားတဲ့ ကျီးကန်း (မြောက်) ကျေးရွာဟာ စစ်ကိုင်း-ရွှေဘို ကားလမ်းနံဘေးမှာ တည်ရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ အရပ်သားတွေကို လက်နက်ကိုင် PDF လို့ စွပ်စွဲတာ၊ PDF ကို ထောက်ပံ့ကူညီသူလို့ စွပ်စွဲတာ သံသယဖြစ်ရုံနဲ့တင် ဖမ်းဆီး သတ်ဖြတ်ခံကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေမှာ စစ်ကောင်စီအုပ်ချုပ်ရေးလည်း အသက်မဝင်တော့သလို တဖက်မှာလည်း စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာလည်း အမျိုးအစား အမျိုးမျိုး ကွဲပြားပြီး NUG/NLD ပါတီနဲ့ မသက်ဆိုင်ပဲ ဒေသခံတွေထဲက ပေါ်ထွက်လာတဲ့ ဒေသန္တရ PDF အဖွဲ့ရှိသလို NUG/NLD ရဲ့ အထောက်အပံ့ အမိန့်ညွှန်ကြားမှုအောက်မှာ ဖွဲ့စည်းတဲ့ ပကဖ/ပလဖ လို အဖွဲ့မျိုးတွေလည်း ရှိကြတာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အဖွဲ့တွေထဲမှာတော့ စစ်ကောင်စီတပ်၊ ၄င်းတို့ဖွဲ့စည်းပေးထားတဲ့ ကျေးရွာအလိုက် ပြည်သူ့စစ်တွေ ရှိပြီး စစ်ကောင်စီ ဆန့်ကျင်ရေးလက်နက်ကိုင်တပ်တွေက အင်အားအရေအတွက်အားဖြင့် အပြတ်အသတ် သာတယ်လို့ ဆိုနိုင်ပါတယ်။ 

သို့ပေမဲ့ တပ်ဖွဲ့ဝင် အင်အား အရေအတွက်အားဖြင့် သာလွန်သော်လည်း လက်နက်အားဖြင့် လုံလောက်အောင် မရှိတာ၊ ယန္တရား မရှိတာ၊ လေကြောင်းက တိုက်ခိုက်လာခဲ့ရင် ကာကွယ်နိုင်စွမ်းမရှိတာ၊ စစ်ကောင်စီ ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြား နိုင်ငံရေးအရ၊ စစ်ရေးအရ ဦးဆောင်မှု တခုထဲအောက်မှာ မရှိတာ၊ ရံပုံငွေ မလုံလောက်တာ စတဲ့ စိမ်ခေါ်မှုတွေ ရှိနေပြီး တိုက်ခိုက်ရေး အတွေ့အကြုံ နည်းပါးခြင်း ဆက်သွယ်ရေး ချိတ်ဆက်မှု အားနည်းခြင်းတွေကလည်း လိုအပ်ချက်တွေ ဖြစ်နေတာ ထင်သာမြင်သာ တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေ ဖြစ်ပါတယ်။ ဒီလို အနေအထားတွေကနေ လိုအပ်ချက်တွေ အားနည်းချက်တွေ ဖြည့်ဆည်းဖို့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ နေထိုင်နေကြတဲ့ လူထုကို ခုထက်ပိုပြီး ဘယ်လိုအကာအကွယ်ပေးနိုင်မလဲ ဆိုတာ နည်းလမ်းရှာဖို့ လုပ်ဆောင်နေကြသလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။ စစ်ကိုင်းတိုင်းကို စစ်ကောင်စီအနေနဲ့ မထိန်းချုပ်နိုင်တော့ဘူး ဆိုတဲ့ အဆိုက မှန်ပေမယ့်လည်း ဝင်ချင်တဲ့ ကျေးရွာ၊ မြို့တွေကို စစ်ကောင်စီတပ်တွေက ကုန်းကြောင်းကရော လေကြောင်းကပါ ဝင်နိုင်သေးတဲ့ အနေအထားဆိုတာလည်း ထည့်ပြောဖို့ လိုအပ်ပါတယ်။ အင်အား ၁၀၀၊ ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ ကျေးရွာတွေကို ဝင်ပြီးအထက်က အဖြစ်အပျက်လို ကျေးရွာသူ၊ ကျေးရွာသားတွေထဲက ဖမ်းချင်တဲ့သူကို ဖမ်းပြီး သတ်ဖြတ်တာမျိုးတွေ လုပ်နေနိုင်သေးတာ ဖြစ်လို့ ကျေးရွာတွေမှာ နေထိုင်နေကြရတဲ့ သူတွေအဖို့ အသက်အန္တရာယ်၊ ပိုင်ဆိုင်မှုဖျက်ဆီး ယူဆောင်ခံရမယ့် အန္တရာယ်တွေကို PDF တပ်ဖွဲ့တွေ အနေနဲ့ အကာအကွယ် မပေးနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက ထောက်ပံ့တာ၊ ပါဝင်တာ၊ အနိမ့်ဆုံး ကျေးရွာကာကွယ်ရေးလို အဖွဲ့မျိုးမှာ ပါဝင်တာလို့ ယူဆရုံနဲ့ ညှင်းဆဲတာ သတ်ဖြတ်တာတွေ လုပ်ခွင့်ပေးထားပြီး ဒီနည်းနဲ့ ဒေသခံတွေကို ခုခံတော်လှန်ရေး လှုပ်ရှားမှုကနေ ဖယ်ကျဥ်လာအောင် ဗျူဟာ အနေနဲ့ ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာတွေက PDF ထောက်ခံသူရော မထောက်ခံသူတွေပါ နေအိမ်၊ ရိက္ခာစတာတွေကို ဖျက်ဆီးပစ်ခြင်း အားဖြင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အရှိန်လျော့သွားလိမ့်မယ်လို့ ယူဆပြီး ကျေးရွာတွေ၊ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ လုယက်ယူဆောင်သွားတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ဒီလို မဟာဗျူဟာ၊ နည်းဗျူဟာကို စစ်ကောင်စီက ကျင့်သုံးနေတာ ၂ နှစ်နီးပါးရှိလာတာလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲ စစ်ကြောင်းဝင်မွှေတာ မခံရတဲ့ ကျေးရွာမရှိသလောက် နည်းပါးလာနေပြီး နေအိမ်တွေ မီးလောင်ဆုံးရှုံးတာ၊ မိသားစုဝင်၊ ဆွေမျိုးသားချင်းတွေ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာတွေလည်း ပိုပြီး များပြားလာနေတာ ဖြစ်ပါတယ်။ 

တဖက်မှာတော့ စစ်ကောင်စီ၊ စစ်အာဏာရှင်တပ်ရဲ့ အတွင်းသရုပ်ကို ပေါ်လွင်ထင်ရှားစေတာ မှန်သော်လည်း ဒီလိုရက်စက်တဲ့ ဖိနှိပ်မှု သတ်ဖြတ်မှု ဖျက်ဆီးမှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ အမည်နဲ့ လျော်ညီအောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာလည်း နည်းလမ်းရှာဖွေသင့်ပြီ လို့ထင်ပါတယ်။ 

သို့မဟုတ်ရင် အခုလို အသက်ဆုံးရှုံးရင် ဆုံးရှုံး၊ မဟုတ်ရင် နေအိမ်ဆုံးရှုံးရတဲ့ အနေအထားမျိုးမှာ ရေရှည်ခံနိုင်ဖို့ မလွယ်ကူသလို ဒီလို လူသား အရင်းအမြစ် တွေနဲ့ပိုင်ဆိုင်မှု အသက်မွေးဝမ်းကျောင်း အရင်းအနှီးတွေ ဖျက်ဆီးခံရတဲ့ ဘဝကနေ ပြန်လည်ထူထောင်ဖို့ ခက်ခဲလိမ့်မှာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar