ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေ ကြုံရတဲ့ ယာဥ်မတော်တဆမှုတွေ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၆ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၃
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေ ကြုံရတဲ့ ယာဥ်မတော်တဆမှုတွေ
သတင်းတွေထဲ မကြာခဏ ကြားရတဲ့ သတင်းအကြောင်းအရာ တခုကတော့ ထိုင်းနိုင်ငံထဲက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယာဥ်မတော်တဆ ဖြစ်ပွားမှုတွေ ဖြစ်ပါတယ်။ ဒီယာဥ်မတော်တဆ ဖြစ်ပွားမှုတွေမှာ အသေအပျောက် ကိန်းဂဏန်းက အစဥ်အမြဲမြင့်မားလေ့ ရှိတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အများစုသော ယာဥ်တိုက်မှုတွေက တရားမဝင် ဝင်ရောက်လာတဲ့အခါ ဖြစ်ပွားတာဖြစ်ပြီး အချို့သော ယာဥ်တိုက်မှုတွေကတော့ အလုပ်ခွင် သွားလာချိန်၊ အလုပ်အားလပ်ရက်ရှည်တွေမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဆီ ခေတ္တပြန်ကြစဥ် လမ်းခရီးမှာဖြစ်ပွားတာမျိုး ဖြစ်ပါတယ်။
အခုနောက်ဆုံးဖြစ်ပွားတဲ့ ယာဥ်မတော်တဆမှုက ဆောက်လုပ်ရေး အလုပ်ခွင်က အလုပ်သမားတွေ အလုပ်ခွင်အသွားမှာ ဖြစ်ပွားတာ ဖြစ်ပြီး သေဆုံးသူ ၇ ဦးရှိကာ ဒဏအ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ခရီးသည်တင်ယာဥ်လို ခုံနဲ့ ထိုင်စီးကြရတဲ့ မော်တော်ယာဥ်လိုမျိုးထက် ပစ္စည်းတွေတင်တဲ့ ပစ်ကပ်ကားလိုမျိုးရဲ့ အနောက်ပိုင်းမှာ အလုပ်သမားတွေ စီးနင်းကြရတာမျိုးဖြစ်ပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့အခါမျိုးမှာလည်း အလားတူ ပစ်ကပ်ကားတွေနဲ့ သယ်ဆောင်ကြတာဖြစ်တာကြောင့် ယာဥ်မတော်တဆ ဖြစ်တဲ့အခါမှာ သေဆုံးမှု ထိခိုက်ဒဏ်ရာရမှု များပြားကြရတာမျိုးလို့ ကောက်ချက်ချရပါတယ်။
ယခင်လက တာ့ခ်မြို့အနီးက လမ်းဆုံအနီးမှာလည်း ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို သယ်ဆောင်လာတဲ့ ပစ်ကပ်ကားက မျက်နှာချင်းဆိုင်ယာဥ်ကြောက ယာဥ်တစီးကို တိုက်မိပြီး နေရာတင် ၅ ဦး သေဆုံးခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါ ဖြစ်စဥ်မှာ ထိုင်းနိုင်ငံသား ယာဥ်မောင်းလည်း သေဆုံးခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းဖို့နဲ့ တစုံတရာ စစ်မေးခံရတဲ့ အခါမျိုးမှာ အမြန်မောင်းပြေးနိုင်တဲ့ ကားအမျိုးအစားဖြစ်တဲ့ အခုလို ပစ်ကပ်ယာဥ်မျိုးနဲ့ သယ်ဆောင်လေ့ရှိကာ လူအရေအတွက်အားဖြင့်လည်း ၂၀ လောက်အထိ တင်ဆောင်လေ့ရှိတာကြောင့် ယာဥ်မတော်တဆ ဖြစ်ခဲ့ရင် ထိခိုက်သေဆုံးမှု များပြားရတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ အနေနဲ့ အခုလို ယာဥ်မတော်တဆဖြစ်မှုတွေမှာ အန္တရာယ်ရှိတယ်ဆိုတာ ကြားသိကောင်း ကြားသိပြီးဖြစ်ကြပါလိမ့်မယ်။ သို့ပေမဲ့ တရားမဝင် ဝင်ရောက်လာကြတဲ့ အနေအထားမှာ၊ လူမှောင်ခိုသယ်သူကို ထိုင်းဘတ် သောင်းဂဏန်းချီ ပေးရပေမယ့် လူမှောင်ခိုသယ်သူတွေ အနေနဲ့ ယာဥ်မတော်တဆ အန္တရာယ်ကင်းဖို့ထက် အကျိုးအမြတ်များများကျန်ဖို့၊ ထိုင်းရဲ အဖမ်းမခံရအောင် အချက်တွေကို ဦးစားပေးကြတာကြောင့် ထိုင်းနိုင်ငံထဲ ခိုးဝင်အလုပ်လုပ်တဲ့ လမ်းခရီးမှာ အန္တရာယ်တွေ ပြည့်နှက်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာလည်း နေရာအနှံ့ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားလာတာတွေ၊ စိုက်ပျိုးရေး အဓိကလုပ်ကိုင်တဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းလို ဒေသတွေမှာ စစ်ကြောင်းထိုးတာ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် စိုက်ပျိုးရေး ကောင်းကောင်းမလုပ်နိုင်တော့တဲ့ အခြေအနေ၊ ပြည်တွင်းသုံး ငွေကြေးက သိသိသာသာ တန်ဖိုးကျဆင်းနေလို့ ပြည်ပမှာ အလုပ်လုပ်တဲ့ ဝင်ငွေက ပိုမိုဆွဲဆောင်မှုရှိလာတဲ့ အခြေအနေတွေကြောင့် လူငယ်လူလတ်ပိုင်း ကျားမ မရွေးထိုင်းနိုင်ငံကို တရားဝင်မဟုတ်လည်း ဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြတာ ဖြစ်ပါတယ်။
ယခင်က ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်သူတွေအနက် တနင်္သာရီတိုင်း၊ ကရင်၊ မွန် နဲ့ ရှမ်းပြည်နယ်တို့က အများစုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းပိုင်း ဒေသတွေဖြစ်တဲ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းတို့က လာရောက်သူ နည်းပါးပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ လက်နက်ကိုင်ပဋိပက္ခနဲ့ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှုတွေက မြန်မာနိုင်ငံ အတွင်းပိုင်းဒေသက သူတွေပါ ထိုင်းနိုင်ငံကို ဦးတည်သွားရောက် လာကြတာ တွေ့ရတာ ဖြစ်ပါတယ်။ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့စဥ် သေဆုံးသွားတဲ့ ကလေးငယ်တဦးရဲ့ မိဘ ၂ပါးစလုံးဟာ ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ ဖမ်းဆီးမှုတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုတွေက အိမ်နီးချင်းနိုင်ငံဆီ ရွှေ့ပြောင်း အလုပ်သမားအဖြစ် သွားရောက်ဖို့ ပိုမိုတွန်းအားပေးသလို ဖြစ်စေပြီး တရားမဝင် ဝင်ရောက်ရတဲ့ အခြေအနေအောက်မှာ ဘေးကင်းရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးဆိုတာတွေ ဘာကိုမျှ ဂရုမထားနိုင်တော့တဲ့ အခြေအနေမျိုးဖြစ်ကာ မလိုလားအပ်တဲ့ အကျိုးဆက်တွေက ထပ်ဆင့်ကာ ဖြစ်ပေါ်နေတဲ့ သဘောလို့ သုံးသပ်ရပါတော့တယ်။
ဒီနေ့အတွက် နောက်သတင်းအကြောင်းအရာ တခုကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လက်နက်ကိုင်အဖွဲ့ SSA နဲ့ စစ်ကောင်စီတပ်တွေ လဲချားမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ သတင်းပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တိုက်ခိုက်မှုမျိုး မရှိတဲ့ တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့တွေအထဲမှာ SSPP အဖွဲ့လည်း တဖွဲ့အပါအဝင်ဖြစ်ပြီး SSPP ဟာ ရှမ်းပြည်နယ်မှာ အခြေစိုက်ပြီး ရှမ်းလူမျိုးလက်နက်ကိုင် အင်အားကြီးတဲ့လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့အနက်က တခု ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ NUCC, NUG စတဲ့အဖွဲ့အစည်းတွေနဲ့ ရန်သူမဟုတ်ပေမယ့် မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီကို တိုက်ခိုက်တာမျိုးတွေလည်း မလုပ်ကြပါဘူး။ ရှမ်းလူမျိုးတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အရေးကို ၄င်းတို့ ရှုထောင့်ကနေ ချဥ်းကပ်ကြပြီး စစ်ကောင်စီနဲ့ မဟာဗျူဟာအားဖြင့် သို့မဟုတ် နည်းဗျူဟာ အားဖြင့် သော်လည်းကောင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုတဲ့ အစည်းအဝေးတွေကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ တဖက်မှာလည်း အနောက်နိုင်ငံအုပ်စုနဲ့ နီးစပ်တယ်လို့ ယူဆချက်တွေ ၊ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ၊ အများပြည်သူ မသိနိုင်တဲ့ ဆက်ဆံပြောဆိုမှုတွေ သဘောထားအမြင် တူညီမှုတွေ ရှိနိုင်တယ်ဆိုတဲ့ သဘောမျိုး အကဲဖြတ် ယူဆမှုတွေ ရှိနေကြပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား နယ်မြေတွေအနက် အကျယ်ပြန့်ဆုံးဒေသ၊ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင် အဖွဲ့တွေက မြန်မာ့နိုင်ငံရေး စစ်ရေးမှာ အရေးပါတဲ့ အနေအထားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။
အခုလတ်တလော တိုက်ပွဲတွေက SSPP ကို စစ်ကောင်စီနဲ့ အကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာဖို့ ခေါင်းလောင်းထိုးလိုက်သလို ဖြစ်မလား၊ သို့မဟုတ် အထိုင်စခန်းတွေ ကို ထိပါးတယ် ဆိုတဲ့ အကန့်အသတ်အောက် တဖက်နဲ့ တဖက် လက်မခံတဲ့သဘော ပြသဖို့ တိုက်ပွဲဖြစ်ပွားတာမျိုးပဲလားဆိုတာတော့ ခုချိန်မှာ ပြောဖို့ သုံးသပ်ဖို့ စောသေးတယ်လို့ ဆိုကောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar