ကိုသန်းလွင် - တိုင်ဝမ် ဆီမီးကွန်ဒတ်တာစက်ရုံ
ကိုသန်းလွင် - တိုင်ဝမ် ဆီမီးကွန်ဒတ်တာစက်ရုံ
(မိုးမခ) ဩဂုတ် ၁၄ ၊ ၂၀၂၃
( ၁ )
မောရစ်ချန်း (Morris Chang) သည် ထိုင်ဝမ်နိုင်ငံ ချစ်ပ ထုတ်လုပ်ရေးကုမ္ပဏီ တီအက် အမ်စီ TSMC-Taiwan Semiconductor Manufacturing Company ကို တည်ထောင်ခဲ့သူတဦး ဖြစ်ပါသည်။ သူသည် ကျောင်းသုံးစာအုပ်တစ်အုပ်ကို (Introduction to VLSI Systems) မြတ်နိုးစွာကိုင်တွယ်ရင်း ပြောပြနေပါသည်။ (Very Large Scale Integration) မှာ ထရန်စစ္စတာများကို မိုက်ခရို ချစ်ပ များအဖြစ် တည်ဆောက်ရာတွင် အသုံးပြုသောစနစ် ဖြစ်ပါသည်။
စာအုပ်က မိုက်ခရိုချစ်ပ များ၏ ဒီဇိုင်းကို ဘယ်နေရာမှာပဲ လုပ်လုပ်၊ ချစ်ပ တည်ဆောက်ရေးကို ကြိုက်ရာနေရာတွင် အဆင်ပြေသလို လုပ်နိုင်သည်ဟု ဖော်ပြထားပါသည်။ ဤနည်းဖြင့် ဒေါ်လာ သန်းထောင်ပေါင်း ၅၀၀ ကျော်တန်သော ချစ်ပ စက်ရုံတခု ထိုင်ဝမ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့ပါသည်။ ဟန်းဖုန်းများ၊ မော်တော်ကား၊ စူပါကွန်ပြူတာများနှင့် ဖိုက်တာဂျက်များတွင် မဖြစ်မနေ အသုံးပြုရသော ချစ်ပ များကို ထုတ်လုပ်ရာ စက်ရုံကြီးဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
( ၂ )
အောင်မြင်သော ထိုင်ဝမ်စက်ရုံ၏ အတုကိုယူကာ အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံအများအပြားက သူတို့နိုင်ငံတွင် ဤကဲ့သို့သော စက်ရုံများ တည်ဆောက်ရန် ကြိုးစားခဲ့ကြပါသည်။ တီအက် အမ်စီမှ မစ္စတာချန်းသည် ၂၀၁၈ တွင် အနားယူခဲ့ပါသည်။ သို့သော် စက်ရုံနှင့်မူ အဆက်အသွယ်ပြတ်မသွားခဲ့ပါ။ စက်ရုံတွင် အခမ်းအနားများ ကျင်းပတိုင်း ရှိနေခဲ့ပါသည်။
မောရစ်ချန်းသည် သူ့ကိုသူ အမေရိကန်လူမျိုးတစ်ယောက် ဟူသောအနေအထားကို နှစ်သက်သူ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ ထိုအချိန်ခန့်မှာ ပင် စက်ရုံကို စတင်ထူထောင်ခဲ့ပြီး ကမ္ဘာကြီးတွင် စူပါ ပါဝါများ၏ စစ်အေးတိုက်ပွဲဖြစ်နေချိန် ဖြစ်ပါသည်။ သူသည် တရုတ်ပြည်ဘက်မှမဟုတ်ဘဲ အမေရိကန်တို့ဘက်မှ ပါဝင်ခဲ့သူ ဖြစ်ပါသည်။
“ကျွန်တော်တို့ဟာ ချစ်ပ ထုတ်လုပ်ရေးလုပ်ငန်းကြီးရဲ့ အဓိကအချက်တွေကို ထိန်းသိမ်းထားနိုင်ကြပါတယ်” ဟုပြောသည်။ နယ်သာလန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် အရေးအကြီးဆုံးအပိုင်းကို ပိုင်ဆိုင်ထားသူများဖြစ်ပြီး တရုတ်တို့ လက်ထဲသို့ အတက်ပညာများ ရောက်မသွားစေရန် တာဝန်ယူခဲ့ကြပါသည်။
ထိုစဉ်က သူ့အနားမှာရှိနေကြသော တဒါဇင်ကျော်မျှသော သူများက ထိုင်ဝမ်စက်ရုံကို မစ္စတာချန်း တယောက်တည်းက တာဝန်ယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစဉ်က ပြိုင်ဘက်များဖြစ်ကြသော ဆမ်ဆောင်းနှင့် အင်တဲလ်တို့ ကဲ့သို့သော ကုမ္ပဏီများထက် သာလွန်အောင် သူ၏ အသေးစိတ်ကြည့်တတ်သော၊ ခေါင်းမာသော၊ မိမိ၏အရင်းနှီးဆုံးပုဂ္ဂိုလ်များကိုသာ ယုံကြည်တတ်သော စိတ်ဓာတ်ကြောင့် ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ပါသည်။ သူ ရည်ရွယ်ချက်မှာ ကန့်သတ်မှု ဟူ၍မရှိဘဲ ရဲဝံ့စွာလုပ်ဆောင်ရမည့် လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ တီအက် အမ်စီက ၂၀၀၈ ခု ဘဏ္ဍာရေးအကျပ်အတည်းကာလတွင် လဲပြိုရန်ပစ်ခဲ့သောအခါ မစ္စတာချန်း သည် ၇၇ နှစ်အရွယ်တွင် အနားယူရာမှ တာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့ပါသည်။
မစ္စတာချန်းကို ၁၉၃၁ ခုနှစ်တွင် တရုတ်ပြည်၌ မွေးဖွားခဲ့ပြီး တရုတ်ပြည်တွင် စစ်ဖြစ်ရန် တာစူနေဆဲကာလ ဖြစ်ပါသည်။ သူ အသက် ၁၈ နှစ် ရောက်သောအခါ မြို့ကြီး ၆ မြို့တွင် ကျောင်းပေါင်း ၁၀ ကျောင်းပြောင်းခဲ့ပြီး တက်ခဲ့ရပါသည်။
တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးမှုမှ လွတ်မြောက်အောင် ပြေးလာခဲ့သော မစ္စတာချန်းမှာ ၁၉၄၈ ခုနှစ်၌ ဟောင်ကောင်သို့ ရောက်သောအခါ ပြန်လမ်းမရှိတော့ပါ။ သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် “ကျွန်တော့်ကမ္ဘာဟောင်းသည် ပြိုကွဲပျက်စီးသွားပါပြီ” ဟု ရေးခဲ့သည်။
၁၉၄၉ ခုနှစ်၌ အမေရိကန်ပြည်သို့ ရောက်ပြီး မက်ဆာချူးဆက် စက်မှုတက္ကသိုလ်သို့ မသွားမီ ဟားဗတ်တွင် ပညာသင်ခဲ့ပါသည်။ အဓိကဘာသာရပ်မှာ စက်မှုအင်ဂျင်နီယာဘာသာ ဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် ပီအိပ်ဒီ သင်တန်းကို နှစ်ကြိမ် ကျရှုံးသောအခါ အလုပ်လုပ်ရန် ပြင်ဆင်ခဲ့ရပါသည်။ ပီအိပ်ဒီ သင်တန်းတွင် ကျရှုံးခဲ့ရခြင်းမှာ သူ့ဘဝတွင် အရေးကြီးသော အောင်မြင်မှုကို ရရန်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ ဆယ်ဗေးနီးယား (Sylvania) နှင့် ဖို့ဒ် ကုမ္ပဏီတို့မှ အလုပ်အတွက် ကမ်းလှမ်းလာကြပါသည်။ ဆယ်ဗေးနီးယားက လခ ဒေါ်လာ ၄၈၀ ပေးရာ ဖို့ဒ် ကပေးသည့်ထက် ၁ ဒေါ်လာပို၍ များပါသည်။ ဖို့ဒ် ကုမ္ပဏီကို လခတိုးပေးရန် ပြောသောအခါ လခကို တဆင့်မျှပင် ပို၍မပေးနိုင်ပါဟု အကြောင်းပြန်ကြားပါသည်။ ဤနည်းဖြင့် ဆယ်ဗေးနီးယားတွင် အလုပ်ဝင်ခဲ့ပါသည်။ ထိုကုမ္ပဏီမှာ အလုပ်လုပ်ရင်း ချစ်ပ ၏ အခြေခံအစိတ်အပိုင်းဖြစ်သော ထရန်စစ္စတာများအကြောင်း သိခဲ့ရပါသည်။
၁၉၅၈ ခုနှစ်တွင် ဆီမီးကွန်ဒတ်တာကုမ္ပဏီဖြစ်သော တက်ဆပ်အင်စတူးမင့် (TI - Texas Instrument) သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ဒါးလက်မြို့တွင်ရှိသော ကုမ္ပဏီမှာ အလုပ်သမားများစွာရှိပြီး အလားအလာ အကောင်းဆုံးကုမ္ပဏီ ဖြစ်ခဲ့ပါသည်။ လေးနှစ်အကြာမှာ မစ္စတာချန်း မှာ အမေရိကန် ဖြစ်လာပါသည်။ ၁၉၇၀ ခုနှစ်က တီအိုင် (TI) မှာဂဏန်းပေါင်းစက်များ၊ ဒီဂျစ်တယ်နာရီများနှင့် အိမ်သုံး ကွန်ပြူတာများကို ထုတ်လုပ်နေပါသည်။ မစ္စတာချန်းမှာ ဆီမီးကွန်ဒတ်တာ အပိုင်းကို တာဝန်ယူရပြီး သူ၏အလုပ်အကိုင်မှာ ရှေ့သို့ တက်လမ်းမရှိဘဲ ဖြစ်နေပါသည်။
ချစ်ပ ထုတ်လုပ်ရေးပိုင်း၏ ပဏမအရေးကြီးဆုံးပိုင်းမှာ အခြေခံဖြစ်သော ကျောင်းသုံးစာအုပ် ဖြစ်ပါသည်။ ဒုတိယလိုအပ်ချက်မှာ မစ္စတာချန်း၏ တီအိုင် မှာ အတွေ့အကြုံများ ဖြစ်ပါသည်။ ၁၉၈၀ ခုနှစ်တွင်ဤကုမ္ပဏီက ဂျပန်တွင် ချစ်ပ စက်ရုံတခု ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပြီး ၃ လအကြာတွင် စက်ရုံမှထွက်သော ချစ်ပ အရေအတွက်မှာ အမေရိကန်စက်ရုံထက် ၂ ဆ များပါသည်။ မစ္စတာချန်းကို ဂျပန်သို့စေလွှတ်ခြင်းမှာ ထိုအရေအတွက်ကို တိုးမြှင့်နိုင်ရန် ဖြစ်ပါသည်။ အဓိကကျသည်မှာ စက်ရုံမှ လုပ်သားများ ဖြစ်ပါသည်။ ဂျပန်မှ လုပ်သားများကဲ့သို့ ကျွမ်းကျင်သော အလုပ်သမားကို ဒါးလက် မြို့တွင် မရနိုင်ကြောင်း တွေ့ရသည်။ အနာဂတ် ချစ်ပ စက်ရုံများသည် အာရှမှာသာ တည်ဆောက်ရမည်ဟု သဘောပေါက်ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် General Instrument သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြန်သည်။ ဤ ကုမ္ပဏီတွင် အနာဂတ် ချစ်ပ စက်ရုံထူထောင်ရန်အတွက် မိတ်ဆွေများကို တွေ့ခဲ့သည်။ ဤသည်မှာ ချစ်ပ စက်ရုံထူထောင်ရေးအတွက် တတိယလိုအပ်ချက် ဖြည့်ဆည်းခဲ့ခြင်းပင် ဖြစ်သည်။ ချစ်ပ ဒီဇိုင်းနှင့် ထုတ်လုပ်ရေးမှာ သီးခြားအလုပ်များဖြစ်ကြောင်း သဘောပေါက်လာသည်။ ကုမ္ပဏီအများစုမှာ ဒီဇိုင်းကိုသာ ထုတ်လုပ်ပြီး တကယ်ထုတ်လုပ်ရေးအတွက်မူ အခြားကုမ္ပဏီများကို အားကိုးကြရသည်။
ဤအချိန်မှာ ထိုင်ဝမ်နိုင်ငံတွင် လုပ်သားတို့၏လုပ်အားကို အသုံးပြုသောစနစ် (Labour Intensive) မှ အဆင့်မြင့်ထုတ်လုပ်မှုအပိုင်း (High Tech) သို့ ပြောင်းလဲရန် ကြိုးပမ်းမှုနှင့် တိုက်ဆိုင်နေသည်။ ထိုင်ဝမ်အရာရှိများက ချစ်ပ စက်ရုံတွင် ထုတ်လုပ်ရေးအပိုင်းကို တာဝန်ယူရန် ပုံအပ်ကြသည်။ မစ္စတာချန်းမှာ ချစ်ပ များနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ဖြစ်နေပေပြီ။
၁၉၈၅ ခုနှစ်တွင် မစ္စတာချန်းမှာ အမေရိကန်ကို စွန့်ခွာခဲ့ရပြန်သည်။ လာစဉ်က ထိုင်ဝမ်မှာ လိုအပ်သလောက်သာနေပြီး ပြန်ရန် စဉ်းစားလာခဲ့သည်။ သူ ထိုင်ဝမ်သို့ ရောက်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် ထိုင်ဝမ်နိုင်ငံ စက်မှုလုပ်ငန်းများ၏ ဖခင်ဟု ပြောကြသော လီ (Li kwoh- ting က ထိုင်ဝမ်နိုင်ငံတွင် ချစ်ပ ထုတ်လုပ်ရေး လုပ်ငန်းကို စီးပွားရေးအရ တွက်ခြေကိုက်အောင် ပြုလုပ်ပေးပါရန် တာဝန်ပေးခြင်း ခံခဲ့ရပါသည်။
၁၉၈၇ ခုနှစ်တွင် တီအက်အမ်စီ ကို စတင်ထူထောင်သည်။ သူ့ခေါင်းထဲတွင် ဤစက်ရုံသည် ချစ်ပ များကို ထုတ်လုပ်သော်လည်း ဒီဇိုင်းလုပ်ရန် မဟုတ်ပေ။ ဤမူဝါဒအတိုင်း စက်ရုံကို ချစ်ပ ထုတ်လုပ်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။
( ၃ )
ဧပြီလ ၂၀၀၉ တွင် အလုပ်ထုတ်ခံရသော လုပ်သားများက မကျေနပ်၍ စက်ရုံတွင် ဆူပူမှု ဖြစ်ခဲ့သည်။ ထိုအချိန်တွင် အသက် ၇၇ နှစ် ရှိပြီး အငြိမ်းစားယူပြီးဖြစ်သော မစ္စတာချန်း ရောက်ရှိလာပြီး အလုပ်ထုတ်ခဲ့ရသူများကို ပြန်လည်လက်ခံကာ ထုတ်လုပ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
၂၀၁၀ ခုနှစ်တွင် အက်ပဲကို အိုင်ဖုန်းများအတွက် လိုအပ်သော ချစ်ပ များကို ထုတ်လုပ်ပေးခဲ့သည်။ ထိုအလုပ်ကို လုပ်နိုင်ရန် ဒေါ်လာ ၇ ဘီလီယံမျှ ချေးငှားရပြီး စက်ရုံကိုတိုးချဲ့ခဲ့ရသည်။
၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ် အနားယူခဲ့ပါသည်။ သူသည် (Nvidia) ကုမ္ပဏီကို အေအိုင် Artificial Intelligence ချစ်ပ ထုတ်လုပ်သော ကုမ္ပဏီဖြစ်စေရန်အကူအညီပေးခဲ့ပါသည်။
ယခု တီအက်အမ် စီကဂျာမနီ နိုင်ငံ ဒရက်စဒင်မြို့တွင် ချစ်ပ စက်ရုံတစ်ခုကို ယူရိုငွေ ၃ ဒသမ ၇ သန်း (အစု၏ ၃၀%) အကုန်အကျခံကာ အခြားကုမ္ပဏီနှစ်ခုဖြင့် ပူးပေါင်း၍တည်ဆောက်မည်ဖြစ်သည်။ ဘဝတသက်တာ သင် ယူခဲ့ရသော ချစ်ပ စက်ရုံတည်ဆောက်ရေး လုပ်ငန်းသည် အမြဲတစေ ခေတ်မီနေပါတော့သည်။
Ref: The titan at the centre of the cold war By Paul Mozar N.Y. Times August 7 2023
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar