Breaking News

ရွေးကောက်ပွဲနဲ့ အခြားရှင်းလင်းပြတ်သားတဲ့ ရွေးချယ်စရာလမ်းကြောင်း

မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၅ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၂


ရွေးကောက်ပွဲနဲ့ အခြားရှင်းလင်းပြတ်သားတဲ့ ရွေးချယ်စရာလမ်းကြောင်း

စစ်ကောင်စီက ၂၀၂၃ မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်တွင်းက တုံ့ပြန်မှုတွေ အင်အားကြီးနိုင်ငံတချို့ရဲ့ မှတ်ချက်တွေ တဖြည်းဖြည်း ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ စစ်ကောင်စီက ၂၀၂၁ မှာ စစ်အာဏာသိမ်းကတည်းက ဒီလမ်းကြောင်းကို ပြထားပြီး ရွေးကောက်ပွဲက အာဏာသိမ်းစစ်ကောင်စီအပေါ် ကျရောက်လာမယ့် နိုင်ငံရေး ဖိအားတွေကို လျော့ပါးအောင် လုပ်တာလို့လည်း တချို့က ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

အချို့ကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လမ်းစလို့ ရှုမြင်ကြတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ၆၂ ခုနှစ် အာဏာသိမ်းစဥ်က အနေအထား၊ ၈၈ ခုနှစ် အာဏာသိမ်းစဥ်က အနေအထားနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းစဥ် အနေအထား ရွေးကောက်ပွဲ လုပ်မယ့် ကတိကဝတ်၊ ရွေးကောက်ပွဲရဲ့ မျှတမှုနဲ့ လွတ်လပ်မှု စတာတွေကို နှိုင်းယှဥ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ကတိလား ၊ လှည့်စားမှုလားဆိုတာ ရှုထောင့်အမျိုးမျိုးက စဥ်းစားအကဲဖြတ်ကြမယ့် သဘောတွေလည်း တွေ့နေရပါတယ်။ 

၆၂ ခုနှစ်စစ်အာဏာသိမ်းစဥ်က အခြေအနေက ဒီမိုကရေစီ အထိုက်အလျောက်ရှိတဲ့ အနေအထားကနေ အာဏာသိမ်းတာဖြစ်ပြီး နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီတွေရဲ့ အကွဲအပြဲနဲ့ ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊ တပ်ကိုအသုံးချဖို့ ကြိုးစားတဲ့ နိုင်ငံရေးသမားအချို့ ပါတီအချို့ကို ထိုစဥ်က ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်နေဝင်းက တပ်ပြင်ပက နိုင်ငံရေးသမားတွေရော တပ်ထဲက နိုင်ငံရေးရည်မှန်းချက်ရှိတဲ့ တပ်ခေါင်းဆောင်တချို့ကိုပါ ကတုံးပေါ်ထိပ်ကွက်ပြီး စစ်အာဏာသိမ်းကာ ထိုခေတ်ကာလက စစ်အေးတိုက်ပွဲမှာ ကြားနေတဲ့ ရပ်တည်ချက်နဲ့ အနောက်အုပ်စုရဲ့ ရန်ပြုမှုလည်း မခံရသလို အရှေ့အုပ်စုအနေနဲ့လည်း ရန်သူအဖြစ် မမြင်ဘဲ ပြည်တွင်းရေးသက်သက်အနေအထားမျိုးနဲ့ ထိုစဥ်က လူကြိုက်များတဲ့ ဆိုရှယ်လစ်ဝါဒကို နာမည်ယူပြီး စစ်အာဏာသိမ်းမှုကို တရားဝင်အစိုးရဖြစ်အောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီအချိန်အခါက ဖြုတ်ချခံရတဲ့ ဖဆပလ သန့်ရှင်းအစိုးရအဖွဲ့ရဲ့ ခေါင်းဆောင် ဦးနုကို ကာလတခု ထိန်းသိမ်းခံရပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် ဦးနုက ဘုရားဖူး အကြောင်းပြကာ ပြည်ပ ထွက်ခွာသွားပြီး လက်နက်ကိုင် တိုက်ခိုက်ဖို့ မဟာဗျူဟာ ချမှတ်ခဲ့ပါတယ်။ အဆိုပါ စစ်အာဏာသိမ်း အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ပြီး ဖြုတ်ချဖို့ ကြိုးပမ်းမှုဟာ ဆယ်စုနှစ်တခုလောက် ကာလအတွင်း အရှိန်လျော့ကျပြီး ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မူဝါဒဆိုင်ရာ ကတိကဝတ်၊ ဆက်ဆံရေး၊ ကိုယ်ပိုင် ထိန်းချုပ်နယ်မြေ ကိစ္စ စတဲ့ အကြောင်း အခြင်းအရာတွေအပြင် နိုင်ငံတကာရဲ့ မဟာဗျူဟာအရလည်း ပြည်တွင်းစစ်ပွဲတပွဲက ဒေသန္တရ ပထဝီနိုင်ငံရေးနဲ့ အကျိုးစီးပွားချင်း ထပ်တူမကျခဲ့ရင် လက်တွေ့အကူအညီပေးဖို့ မရှိတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ဆိုရမယ် ထင်ပါတယ်။ 

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုကတော့ အာဏာသိမ်းတယ်လို့ ပြည့်ပြည့်ဝဝဆိုလို့မရပဲ နိုင်ငံ့အာဏာကို သီတင်းပတ်အနည်းငယ် လက်လွှတ်ထားရာက ပြန်လည် ချုပ်ကိုင်ခဲ့တာလို့ပဲ ဆိုရမယ့်သဘေ ာဖြစ်ပါတယ်။ အဲဒီအာဏာသိမ်းစဥ်ကလည်း ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ ကတိကဝတ်ပေးခဲ့ပြီး အဆိုပါရွေးကောက်ပွဲက ဘယ်လောက်မှန်ကန် မျှတမယ်ဆိုတာမျိုးတော့ အာမမခံခဲ့ပါဘူး။ 

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲက အတိုင်းအတာတခုထိ မျှတခဲ့ပြီး ထွက်လာတဲ့ ရလဒ်ကို လက်တွေ့အကောင်အထည်မဖော်ခြင်းက နိုင်ငံရေး အကျပ်အတည်းကနေ ဆယ်စုနှစ် ၃ ခုနီးပါး မထွက်နိုင်ခဲ့တဲ့ ရလဒ်သာရခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်က ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ခု ၂၀၂၁ လောက်တော့ တနိုင်ငံလုံး အနှံ့အပြား တိုက်ခိုက်မှု ၊ ဖောက်ခွဲမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ မများခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ 

ခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး အာဏာသိမ်းစစ်တပ်က လုပ်မယ်လို့ ကတိပေးထားတဲ့ ရွေးကောက်ပွဲက လာမယ့် ၂၀၂၃ နှစ်လယ်ဝန်းကျင်မှာ ကျင်းပကောင်းကျင်းပပါလိမ့်မယ်။ ဒီရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား၊ သို့မဟုတ် စစ်ကောင်စီက ကျန်နိုင်ငံရေး အင်အားစုတွေကို လှည့်ဖျားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်မယ့် ရွေးကောက်ပွဲလား ဆိုတာ အကဲဖြတ်ကြဖို့လည်း လိုအပ်သလိုပဲ မိမိတို့ဘက်က ရွေးကောက်ပွဲ ကို လက်မခံခဲ့ရင် ထည့်သွင်းစဥ်းစားစရာမလိုလောက်အောင် ငြင်းပယ်ထားပြီးဖြစ်ရင် ကိုယ့်လမ်းကို ကိုယ်လျောက်နိုင်ဖို့ လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးလမ်းစဥ် တနည်းအားဖြင့် မဟာဗျူဟာ ရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေထဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှပစိတ်ဖိတ်ဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မယ်လစ်ဆာ ဘရောင်းက မြန်မာနိုင်ငံအနေနဲ့ နောက်ထပ်ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်မတန်သေးဘူးလို့ မှတ်ချက်ပေးလိုက်ကြောင်း သတင်းဖေါ်ပြထားတာတွေ့ရပါတယ်။ 

NUG ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီလကလည်း “ကျွန်တော်တို့ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်”လို့ မကြာသေးခင်က ပြောဆိုခဲ့ပါတယ်။ 

လက်နက်ကိုင် လမ်းကြောင်းကို လုံးလုံးလျားလျား ရွေးချယ်ထားပြီးဖြစ်တဲ့ NUG အနေနဲ့ ရွေးကောက်ပွဲ လုပ်ခြင်း၊ မလုပ်ခြင်းဟာ ကိုယ့်အဖို့ ဘာမှအရေးမကြီးဘူးလို့ ဆိုရမယ်ထင်ပါတယ်။ 

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တုံ့ပြန်စရာထက် လက်နက်ကိုင် လမ်းစဥ်ရဲ့ အကောင်အထည်ပေါ်ဖို့ စစ်ကောင်စီကို အကြပ်ကိုင်နိုင်တဲ့ အခြေအနေကို ရအောင်လုပ်ဆောင်နိုင်ဖို့က အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ အဲဒီလမ်းကြောင်းက သတ်မှတ်ထားတဲ့ ရည်မှန်းချက်ကာလရှိဖို့လည်း လိုအပ်သလို ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းလည်း ဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar