Breaking News

ဖြစ်နေကျ အဖြစ်အပျက်ဖြစ်တဲ့ ဖားကန့် မြေပြိုမှု မှာ လူ ၄၀ ကျော် သေဆုံးနိုင်၊ အာဆီယံလွှတ်တော်ကိုယ်စားလှယ် အဖွဲ့က မြန်မာပြည် လာရောက်ဖို့ ပြင်ဆင်နေ


မြန်မာ့နွေဦးခရိုနီကယ် -သြဂုတ် ၁၃ မြင်ကွင်း

မိုးမခ - သြဂုတ် ၁၄၊ ၂၀၂၃


ဖြစ်နေကျ အဖြစ်အပျက်ဖြစ်တဲ့ ဖားကန့် မြေပြိုမှု မှာ လူ ၄၀ ကျော် သေဆုံးနိုင်၊ အာဆီယံလွှတ်တော်ကိုယ်စားလှယ် အဖွဲ့က မြန်မာပြည် လာရောက်ဖို့ ပြင်ဆင်နေ 

ကမ္ဘာမှာ ကျောက်စိမ်းအများဆုံးထွက်ရှိရာ ဒေသအဖြစ်နဲ့ နာမည်ကျော်ကြားတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသက စွန့်ပစ်ထားတဲ့ မြေစာပုံတွေ မြေပြိုရာကနေ ရေမဆေးကျောက် ရှာနေသူတွေ နဲ့ ရွှေကျင်နေသူတွေ အနည်းဆုံး ၂၀ ကနေ အများဆုံး ၄၀ ကျော်လောက်ထိ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထဲ ဖော်ပြထားကြပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားရာမှာ ပေ ၂၀၀ ခန့်ရှိတဲ့ မြေစာပုံပြိုကျရာက ရေကန်ထဲ လှိုင်းလုံးတွေ ဖြစ်ပေါ်လာပြီး ရေကန်အနီး ကျောက်ရှာနေသူတွေနဲ့ ရွှေမျောတိုက်နေသူတွေ ရေနဲ့ပါပြီး အသက်ဆုံးရှုံးကြရတာ ဖြစ်ပါတယ်။ 

ဖားကန့်ဒေသဟာ ကျောက်စိမ်း သယံဇာတ ကြွယ်ဝတဲ့ ဒေသဖြစ်ပြီး ကမ္ဘာမှာ ကျောက်စိမ်းအများဆုံး ထွက်ရှိရာဒေသလည်း ဖြစ်သလို လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားအတွက်တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ အခုလို မတော်တဆ ဖြစ်ပွားမှုတွေ ဖြစ်ပွားတဲ့ ဒေသတခုလို့ ဆိုရင်မမှားပါဘူး။ 

အခုလို မြေပြိုတဲ့ မတော်တဆဖြစ်ပွားမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လူ တဦးစ နှစ်ဦးစ သေဆုံးတဲ့ ဖြစ်ရပ်မျိုးဆိုခဲ့ရင် သတင်းအဖြစ်နဲ့တောင် မမှတ်ယူကြတော့လောက်အောင် ဖြစ်နေကျ သဖွယ် မှတ်ယူထားကြတာ ဖြစ်ပါတယ်။ အဆိုးဆုံးဖြစ်ရပ်တခုကတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ လူပေါင်း ၁၇၀ ကနေ ၁၉၀ လောက်ထိ သေဆုံးခဲ့ရပြီး အဲဒီကာလက အစိုးရ တာဝန်ယူထားတဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်လည်း ဖြစ်ပါတယ်။ အန်အယ်လ်ဒီလက်ထက်မှာ သယံဇာတကို ရှေရှည်ထိန်းသိမ်းထားဖို့ ရည်ရွယ်ပြီး ဖားကန့်ကျောက်စိမ်း တူးဖော်မှုကို လုပ်ကွက်သေးတွေ အနေနဲ့သာ တူးဖော်ခွင့်ပေးဖို့ မူဝါဒ ချမှတ်လုပ်ဆောင်ခဲ့ပေမယ့်လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေကသာ အုပ်ချုပ်နေတဲ့ ဒေသသဖွယ် ဖြစ်တာတကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဥပဒေ၊ မူဝါဒတွေ အားလုံး ဘေးဖယ်ထားလိုက်ကြကာ လက်နက်နဲ့ အာဏာရှိသူရဲ့ အဆုံးအဖြတ်သာ အဓိကဖြစ်လာပြီး လက်နက်ကိုင်ထားသူတွေကို ငွေကြေး လာဘ်လာဘ အကျိုးအမြတ်ခွဲဝေပေးကာ၊ နိုင်ငံရေး မတည်ငြိမ်တဲ့ကာလကို အခါအခွင့်ကောင်း ကာလတခုအဖြစ် ရှုမြင်ကာ ပုံမှန်ထက် ပိုမိုတူးဖော်လာကြတာ ဖြစ်ပါတယ်။ အလားတူ သဘောမျိုး ဖြစ်စဥ်တွေကို ကျောက်စိမ်း တူးဖော်တာတင်မကပဲ သစ်တောတွေက တန်ဖိုးရှိတဲ့ ကျွန်း၊ သစ်မာတွေ ထုတ်လုပ်ကြရာမှာလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ က စစ်တပ်နဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းရှင်တွေ သို့မဟုတ် စစ်တပ်ကို အကျိုးအမြတ် များများစားစား ခွဲဝေပေးထားတဲ့ ကုမ္ပဏီတွေနဲ့ တဖက်မှာ ကေအိုင်အေ ကိုလည်း အခွန်အကောက် ပေးပြီးလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေရဲ့ စက်တွေ ယန္တရားတွေနဲ့ တူးဖော်ရာက ထွက်ရှိလာတဲ့ မြေစာပုံတွေထဲမှာ ကျောက်စိမ်း ရှာကာ အသက်မွေးဝမ်းကျောင်းသူတွေကို ရေမဆေး ကျောက်ရှာသူတွေလို့ ဒေသအခေါ်အဝေါ်အားဖြင့် ခေါ်ဝေါ်ကြပြီး အခုလို မတော်တဆမှုတွေ ဖြစ်ပွားတဲ့အခါ အသက်ဆုံးရှုံးကြရသူတွေက ရေးမဆေး ကျောက်ရှာသူတွေ ဖြစ်ကြပါတယ်။ 

ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေအတွက် အခွန်အကောက်၊ တရားမဝင် လောင်းကစားဝိုင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း၊ စတာတွေက ဖားကန့် ကျောက်စိမ်းမြေ နဲ့ တွဲဖက်နေတဲ့ စကားလုံးတွေ ဖြစ်ပြီး အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေ မကြာခဏဖြစ်ပျက်နေပေမယ့်လည်း ဝမ်းစာကို လွယ်လွယ်နဲ့ ရှာဖွေနိုင်တဲ့ ဒေသသဖွယ် ဖြစ်နေခြင်းကြောင့်လည်း လူသိန်းနဲ့ချီတဲ့ အလုပ်သမားတွေ၊ စားသောက်ဆိုင် အခြားလုပ်ငန်းတွေမှာ လုပ်ကိုင်သူတွေ လုပ်ကိုင် စားသောက်နေကြတဲ့ မြို့တမြို့သဖွယ် ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တခုကတော့ အာဆီယံအဖွဲ့ရဲ့ ပါလီမန် ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ ညီလာခံအဖွဲ့က ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်ဖို့ ပြင်ဆင်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူက ပြောဆိုလိုက်ပါတယ်။ လောလောဆယ်မှာ အာဆီယံ နိုင်ငံတွေအကြား အခုလို သွားရောက်မယ့် ခရီးစဥ်နဲ့ပတ်သက်လို့ အမြင်တွေ ကွဲပြားမှုရှိနေတယ်လို့လည်း သိရပြီး ကြေလည်အောင် ဆွေးနွေးနေတဲ့ အနေအထားမျိုးဖြစ်တယ်လို့လည်း သတင်းတပုဒ်မှာ ဆိုထားပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တဲ့ AIPA အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ချိန်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ အထိအသေးစိတ် အစီအစဥ်တွေတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို ဘယ်နေ့ဘယ်ရက်မှာ သွားရောက်မယ်ဆိုတာမျိုး တိတိကျကျ မထုတ်ပြန်သေးပါဘူး။ 

စစ်ကောင်စီကတော့ သြဂုတ်လ ၁ ရက်နေ့မတိုင်မီ ဇူလိုင် ၃၁ ရက်မှာ အရေးပေါ်ကာလ  တနည်းအားဖြင့် စစ်ကောင်စီ အုပ်ချုပ်ရေး သက်တမ်းကို နောက် ၆ လထပ်တိုးခဲ့ပြီး မြို့နယ် ၄၀ ကျော်မှာ စစ်အုပ်ချုပ်ရေး နဲ့ အုပ်ချုပ်နေတာကိုလည်း ဆက်လက်သက်တမ်းတိုးမြှင့်ထားတဲ့ အနေအထားရှိတာပါ။ မြန်မာစစ်ကောင်စီကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတဲ့ အာဆီယံရဲ့ သဘောတူ မူဝါဒ ၅ ချက်ကို ၂ နှစ်ခွဲကြာတဲ့တိုင် စစ်ကောင်စီဘက်က အကောင်အထည် မဖေါ်နိုင်သေးပဲ မြန်မာနိုင်ငံဟာ အာဆီယံအတွက်တော့ အစဥ်အလာတွေကို ချိုးဖောက်ဖျက်ဆီးတဲ့ နိုင်ငံတနိုင်ငံသဖွယ် ဖြစ်နေတာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar