သီအိုဇော် - နွေဦး၏အောင်ပွဲဋီကာ
သီအိုဇော် - နွေဦး၏အောင်ပွဲဋီကာ
(မိုးမခ) ဩဂုတ် ၁၄ ၊ ၂၀၂၃
ဗန္ဓုလနဲ့
ဦးပေါ်ဦးကို
တမ်းတဖို့ မလိုသလို
ဆွန်ဇူးနဲ့ နပိုလီယန်ကိုလည်း
ကြံဖန်မေးခွန်းမထုတ်ချင်နဲ့။
စွယ်စုံကျမ်း အထပ်ထပ်လှန်
စစ်ကျမ်းအပြန်ပြန်ဖတ်ရင်း
စစ်သမိုင်းပြတိုက်တွေထဲ
ခေါင်းစိုက်ရှာဖွေမနေနဲ့။
အိုက်ဆင်ဟောင်ဝါ
ဆိုကရေးတီး
အဖြေကူရှာပေးစရာမလို
ဂူဂယ်လ်နဲ့
ChatGPTကိုလည်း
ထိုင်ငိုငိုပြမနေနဲ့။
ဒီမှာ
အသေအချာမှတ်
စစ်ပွဲ ကြီး ငယ် ရလဒ်
စိတ်ဓာတ်ကပဲ ဆုံးဖြတ်တယ်
စိတ်ဓာတ်ခွန်အားမဲ့ရင်
လက်နက်ဆိုတာ အသုံးကိုမတည့်
အလှူအတန်းပေးဖို့သက်သက်
ကျောက်ပေါ်မဆောက် သဲပေါ်ပေါက်တဲ့
ပြိုလဲယိုင်နဲ့ စိတ်ဓာတ်မျိုးက
အောင်စိတ်ကိုဖျောက် ကြောက်စိတ်နှိုးဆွ
ဒူးထောက် ကျရှုံးစေတတ်တယ်။
ကဲ...
ဆက်စောင့်ကြည့်ကြ
နွေဦးက သက်သေထပ်ပြမယ်
စိတ်ဓာတ်မခိုင်
နိုင်ပွဲမသိ
စိတ်ဓာတ်မမာ
အောင်ပွဲဗလာ
စိတ်ဓာတ်မရှိ
အောင်ပွဲနတ္ထိ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar