အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၄ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၄ )
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၃
2/9/23
Diary in the darkness
ဒီမနက် မိုးအုံ့နေတယ်။ ညက ခြံဝင်းတံခါးမှာ ချိတ်ထားတဲ့ ခေါင်းလောင်း အခိုးခံရတယ်။ မီးပျက်နေတော့ CCTV ကလည်း အလုပ်မလုပ်ဘူး။ ပန်းသည်က ပန်းတွေကို ခြံတံခါးမှာ ချိတ်ထားခဲ့တယ်။ ပဲပြုတ်သည်က စပီကာနဲ့ ထပ်ကာထပ်ကာ အော်ခေါ်မှ ခြံတခါးဖွင့် ဝယ်ရတယ်။
တနေ့က လှိုင်မြို့နယ်ဘက်မှာ ဘတ်စ်ကားပေါ် တက်ပြီး ခရီသည်တွေဆီက ဖုန်းနဲ့ ငွေတွေ လုတယ် ဆိုတဲ့ သတင်းတက်လာတယ်။ တနေ့ညက မြောက်ဒဂုံ ၄၆ ရပ်ကွက်နဲ့ ကျူးကျော်ရပ်ကွက်မှာ ဧည့်စာရင်း စစ်တယ်။ တော်တော်များများ အဖမ်းခံရတယ်။ ကျနော့်ရပ်ကွက် ဆယ်အိမ်မှူးပြောစကားအရ ဧည့်စာရင်းမတိုင်ရင် တစ်ယောက်ကို နှစ်သိန်းနဲ့ ရွေးရတယ်။ တရားရုံးရောက်ရင် ဒီထက်ငွေပိုကုန်မယ်လို့ပြောပါတယ်။
အခုဧည့်စာရင်း တိုင်ရင် ငွေသုံးထောင်ကျပါတယ်။ တပတ်တခါ တိုင်ရပါတယ်။ ရပ်ကွက်ရုံးအတွက် နှစ်ထောင်။ ဝန်ဆောင်မှုပေးတဲ့ ဆယ်အိမ်မှူးအတွက် တစ်ထောင်ပါ။
ဆီကုန်သည်ကြီးတွေကို စကစ က အမြတ်ကြီးစားမှုနဲ့ အရေးယူလိုက်တဲ့သတင်းတွေ တက်နေပါတယ်။ စားအုန်းဆီဈေးက အစိုးသတ်မှတ်ဈေး တပိဿာ ၄၀၀၀ ကျပ်ဈေးပါ။ အပြင်ဈေး ၈၀၀၀ ကျပ်ဈေးပါ။
ကုန်ဈေးနှုန်း အတက်ကြမ်းလွန်တော့ လူတွေ ဒုက္ခပိုကြီးလာတာပေါ့။
ကျနော်လည်း နေထိုင်မှုပုံစံ ပြောင်းရပါတယ်။ လက်ဖက်ရည်၊ ကော်ဖီအစား မန်ကျည်းဖျော်ရည်သောက်ပါတယ်။ ကျန်းမာရေးအတွက် ဆေးဝါးကုန်ကျမှုနည်းအောင် ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ပါတယ်။ ဟင်းစားအနေနဲ့ ခြံစည်းရိုးမှာပေါက်တဲ့ မန်ကျည်းရွက်၊ ဆူးပုတ်၊ ကင်ပွန်းချဉ်ရွက်တွေကို အားပြု စားပါတယ်။ ကြက်သားအစားထိုး ကြက်ဥကို စားပါတယ်။
တရားမှတ်ရင်း၊ FB ကြည့်ရင်း၊ အင်္ဂလိပ်စာနဲ့ app တွေကို လေ့လာရင်း၊ ပန်းချီပုံကြမ်းတွေ ရေးဆွဲရင်း တနေ့တာကို ကုန်လွန်စေပါတယ်။
ကျန်းမာရေးကြောင့် နေ့စဉ် မှတ်တမ်းမရေးနိုင်တာ ၃ လ ကျော်ပါပြီ။ ဒီမှတ်တမ်းကို ဖုန်းပေါ်မှာ စမ်းရေးကြည့်ပါတယ်။ မျက်စိမကောင်းတော့ ကြာကြာမရေးနိုင်ပါ။
ဒီနေ့တော့ ဒီလောက်ပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar