Breaking News

နိုင်ငံရေးသီလနှင့် လက်တွေ့ကျင့်သုံးမှု


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၃ ရက်


နိုင်ငံရေးသီလနှင့် လက်တွေ့ကျင့်သုံးမှု

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံရေးလမ်းစဥ်၊ စစ်ရေးလမ်းစဥ် အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် နိုင်ငံရေးနည်းလမ်းဖြင့် လျှောက်လှမ်းမည့် လမ်းစဥ်၊ လက်နက်ကိုင်ကာ စစ်ရေးနည်းလမ်းဖြင့် ဆန့်ကျင်ဖြုတ်ချမည့် လမ်းစဥ်၊ နိုင်ငံရေး နည်းလမ်းနှင့် စစ်ရေး နည်းလမ်းကို တွဲဖက်၍ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားမည့် လမ်းစဥ် စသည်ဖြင့် မတူကွဲပြားသည့် နိုင်ငံရေး လမ်းစဥ်၊ စစ်ရေး လမ်းစဥ်အမျိုးမျိုး ထွက်ပေါ်လာကြသည်။ ယခုလို ပေါ်ထွက်လာခြင်းမှာလည်း အထူးအဆန်းတော့ မဟုတ်ဟု ဆိုနိုင်ပါသည်။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တိုက်ခိုက်မည့် အင်အားစုများ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ နယ်စပ်ဒေသများသို့ သွားရောက် ခိုလှုံခဲ့ကြပြီး လက်နက်ကိုင် တပ်ဖွဲ့ထူထောင်ခဲ့ကြသလို၊ မြေပေါ်မှာရှိသည့် နိုင်ငံရေးသမားများကလည်း အာဏာသိမ်းစစ်တပ်က ကတိပေးထားသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် နည်းလမ်း တနည်းအားဖြင့် လက်နက်ကိုင်လမ်းစဥ်မဟုတ်သည့် နိုင်ငံရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြသည့် သမိုင်း အဖြစ်အပျက်များ ရှိခဲ့ပြီးဖြစ်သည်။ 

ယခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် လက်နက်ကိုင် ခုခံတိုက်ခိုက်မည့် လမ်းစဥ်က ၁၉၈၈ ခုနှစ် စစ်အာဏာမှု ဖြစ်ပွားစဥ်ကထက် ပိုမို လူကြိုက်များသည့် လမ်းစဥ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ထိုစဥ်က လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ကာ တိုင်းရင်းသား လက်နက်ကိုင်များရှိရာ ဒေသတွေဆီ ခိုလှုံခဲ့ကြသည့် အရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် ၁၅၀၀၀ ကျော်ရှိခဲ့သည်ဆိုပါက အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ခိုလှုံရောက်ရှိသွားကြသည့် အရေအတွက်နှင့် တိုင်းရင်းသား လက်နက်ကိုင် ဧရိယာမဟုတ်ဘဲ မိမိတို့ဒေသတွင်ပင် ဖွဲ့စည်းကြသည့် ဒေသန္တရ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ၏ အရေအတွက်ကို ခန့်မှန်းကြည့်လျင် သိန်းဂဏန်းမျှရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။ 

၁၉၈၈ ခုနှစ်မတိုင်မီ မြန်မာမြေပေါ် နိုင်ငံရေး အနေအထားနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်မီ မြေပေါ် နိုင်ငံရေး အနေအထားတို့ မတူကွဲပြားကြသည့် အချက်ကြောင့်လည်း အကျိုးဆက် မတူညီကြသည့် သဘောဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ 

၂၀၂၁ ခုနှစ် အနေအထားက ၁၉၈၈ ခုနှစ်အာဏာသိမ်းစဥ် အခြေအနေထက် အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသား သမဂ္ဂများ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့များ တည်ရှိပြီး ဖြစ်သည့်အတွက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် တည်ထားပြီး အင်အားစုများပေါ် အခြေခံလျက် ပေါ်ထွက်လာသည့် သဘောလည်း ဖြစ်နိုင်ပါသည်။ 

ဒီနေရာမှာ ဆွေးနွေးလိုသည်က ၁၉၈၈ ခုနှစ် နှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေး အခြေအနေထက် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးလမ်းစဥ်၊ စစ်ရေး လမ်းစဥ်များ ချမှတ်ကြရာမှာ နိုင်ငံရေးသမားတွေ အနေဖြင့် ရှိသင့်သည့် နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေးသီလ ရှိကြသလား ဆိုသည်ကို စေ့ငုကြည့်လိုခြင်း ဖြစ်သည်။ ခေါင်းဆောင်မှု နေရာကို မိမိဘာသာပဲ ရွေးချယ်ရွေးချယ် သို့မဟုတ် လှုပ်ရှားမှုအတွင်းက လူထုက ခေါင်းဆောင် အဖြစ် အသိအမှတ်ပြု တင်မြှောက်သည်ပဲဖြစ်ဖြစ် ခေါင်းဆောင်များ အနေဖြင့် လက်နက်ကိုင် လမ်းစဥ်ကို ချမှတ်ကြရာတွင် ခံစားမှုကြောင့် ရွေချယ်ခြင်းထက် ရေရှည် မဟာဗျူဟာပေါ် အခြေခံ၍ စဥ်းစားဆုံးဖြတ်ဖို့ သင့်သည်ဟု မြင်သည်။ 

စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် သည်နည်းလမ်းကသာလျှင် အဆုံးအဖြတ်ပေးနိုင်သည့် နည်းလမ်းဖြစ်သလား၊ လက်တွေ့ဖော်ဆောင်ကြသည့်အခါ ပတ်ဝန်းကျင်နိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အထောက်အပံ့ ပေးနိုင်သလား၊ သို့မဟုတ် ၄င်းတို့ အကူအညီမလိုအပ်ဘဲ မိမိတို့ အင်အားနှင့် မိမိတို့ တည်ဆောက်နိုင်သလား စသည့် လက်တွေ့မေးခွန်းတွေကို မေးကြည့်ခဲ့ ဖြေကြည့်ခဲ့ကြဖို့ လိုအပ်သည်ဟု မြင်သည်။ 

အာဏာသိမ်းစစ်တပ်၏ ရက်စက်မှုကြောင့် လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ရသည်ဆိုသည့် ဆင်ခြေ အကြောင်းပြချက်မျိုးကို နိုင်ငံရေးခေါင်းဆောင်တွေ မပေးသင့်ပေ။ နိုင်ငံရေးခေါင်းဆောင်သူများ အနေဖြင့် ကမ္ဘာ့အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများ၏ အခြေအနေ၊ အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ နိုင်ငံရေး လမ်းကြောင်း၊ အခင်းအကျင်း အစရှိသည်တို့ပါ ထည့်သွင်းစဥ်းစားပြီး လက်နက်ကိုင် လမ်းစဥ်ကို ဆုံးဖြတ်ချမှတ်ခဲ့သည့် အနေအထားသာ ဖြစ်သင့်သည်။ 

ထိုသို့ဆုံးဖြတ်ပြီးနောက်တွင်လည်း လက်နက်ကိုင် လမ်းစဥ်ကို ဖေါ်ဆောင်ကြသည့် အထဲတွင် မူဝါဒ အရသာလျှင်မက လက်တွေ့တွင်ပါ ပါဝင်ထမ်းဆောင်ကြရရန် လိုအပ်ပါသည်။ ဤသည်မှာ နိုင်ငံရေး အရ သီလ နှင့် ကျင့်ဝတ်ပိုင်းတွင် ယုံကြည်မှုနှင့် ကျင့်သုံးမှု တထပ်တည်းကျသည့် သဘောလည်း ဖြစ်သည်။ 

၂၀၂၁ ခုနှစ်တွင် စတင်ပေါ်လာသည့် နွေဦးတော်လှန်ရေးသည် နေရာအသီးသီး၊ အလွှာအသီးသီးမှာ ၄င်းတို့ဘာသာ၄င်းတို့ ဦးဆောင်ကြရမည့် တနည်းအားဖြင့် ရထားတွဲတိုင်း ခေါင်းတွဲပါရှိသည် ဆိုသည့် အယူအဆမှာ လက်တွေ့တွင် အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘဲ အဆိုပါကြွေးကြော်သံမှာ နိုင်ငံရေး ဖြစ်ပေါ်မှု အဆင့်တဆင့်၏ စည်းရုံးရေး စကားတရပ်သာ ဖြစ်နိုင်ပါသည်။ နိုင်ငံရေးအင်အားစု တရပ်မှာပင်လျှင် စုစည်းမှု၊ ဦးဆောင်မှု အခန်းကဏ္ဍက အရေးကြီးသလို ရှိလည်းရှိရမည့် သဘောဖြစ်ကာ စစ်ရေးအင်အားစု ဖြစ်လာခဲ့လျှင် သတ်သတ်မှတ်မှတ် ဦးဆောင်မှုတရပ်၊ အမိန့်ပေးစနစ်၊ စုစည်းလှုပ်ရှားမှုက  ပို၍ပင်လိုအပ်မည် ဖြစ်သည်။ 

ဦးဆောင်သူများအနေဖြင့် နောက်လိုက်အင်အားများနှင့် အတူ တမြေတည်း တရေတည်း ရှိနေရန်လည်း လိုအပ်မည်ဖြစ်သည်။ အေးအတူ ပူအမျှ နေထိုင်ကာ တော်လှန်ရေးတိုက်ပွဲထဲ ကိုယ်တိုင်ခံစား ပါဝင်နေဖို့ လိုအပ်ပါသည်။ တရုတ်ပြည်က မြေရှင်ပဒေသရာဇ် အာဏာရှင်တွေကို တော်လှန်ကြသည့် ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တိုက်ပွဲ၊ ဗီယက်နမ်မှ ဟိုချီမင်း ဦးဆောင်သည့် လက်နက်ကိုင်တိုက်ပွဲများတွင် ခေါင်းဆောင်များမှာ မြေပြင်တွင် မိမိတို့တပ်ဖွဲ့နှင့် အတူရှိကြပြီး ဦးဆောင်ခဲ့ကြခြင်း ဖြစ်သည်။ တခြားမြေ၊ တခြားနိုင်ငံမှ ဦးဆောင်ကြခြင်းမျိုး မဟုတ်ပေ။  ထိုသို့ တမြေထဲ တရေထဲမှာ အတူနေထိုင်၍ တိုက်ပွဲဝင်ခြင်းမျိုး မဟုတ်ခဲ့လျှင် နိုင်ငံရေး သီလအရ၊ ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်စရာ ရှိလာနိုင်ကာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ၄င်းတို့ကို နိုင်ငံရေးအရ ဦးဆောင်နေသည့် အဖွဲ့အစည်း၊ လိုက်နာကျင့်သုံးရမည့် မူဝါဒ၊ ကျင့်ဝတ်တို့ကို တိတိကျကျ လိုက်နာမည့်  သဘောထက် မိမိတို့တပ်၏ ခေါင်းဆောင်သူက ချမှတ်သည့် ကျင့်ဝတ်၊ မူဝါဒများအရသာ လုပ်ဆောင်ကြမည့် လမ်းကြောင်းမျိုးဆီ ဦးတည်သွားမည် ဖြစ်သည်။

စစ်ရေး မပါရှိသည့် နိုင်ငံရေးအဖွဲ့အစည်းတခုတွင် မတူ ကွဲပြားသည့် အမြင်များ၊ ကျင့်သုံးမှုများ၊ ခံယူမှုများ ရှိနေခြင်းက အန္တရာယ်မကြီးသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းတရပ်၊ စစ်ရေးအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတရပ်တွင် အထက်အောက် အမိန့်၊ ကျင့်ဝတ်၊ စည်းကမ်းတွေက မရှိမဖြစ်ရှိရမည်ဖြစ်ပြီး မတူကွဲပြားသည့် လုပ်ပုံကိုင်နည်းများ၊ ကျင့်သုံးမှုများ တရွာတပုဒ်ဆန်း ဖြစ်ပေါ်နေလျင် အင်အားစု တရပ်၊ နိုင်ငံရေး အပြောင်းအလဲတရပ် ရလဒ်တရပ်ကို ဖော်ဆောင်နိုင်ဖို့ မဖြစ်နိုင်ဟုသာ ဆိုရမည်ဖြစ်သည်။ 

လက်နက်ကိုင် တိုက်ပွဲအောင်မြင်ဖို့ အရေးတွင် လက်နက်၊ ငွေကြေး၊ တိုက်ပွဲအတွေ့အကြုံတွေသာမကပဲ မှန်ကန်သည့် နိုင်ငံရေး ဦးဆောင်မှုကလည်း မရှိမဖြစ် အရေးပါသည်ကို ရေရှည်လာသည်နှင့်အမျှ သဘောပေါက် တွေ့မြင်လာရမည် ဖြစ်သည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar