Breaking News

လူသိပ်မသိကြတဲ့ တနင်္သာရီတိုင်းက တိုက်ပွဲတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၃ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၃


လူသိပ်မသိကြတဲ့ တနင်္သာရီတိုင်းက တိုက်ပွဲတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ 

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အကြောင်း သတင်းတွေမှာ တပိုင်းတစစီ ပါရှိနေကြတာဖြစ်ပြီး အဲဒီတိုက်ပွဲတွေရဲ့ နောက်က အကြောင်းအချက်တွေ၊ ဘယ်လို စုဖွဲ့လှုပ်ရှား နေကြသလဲ၊ နိုင်ငံရေး အယူအဆအရဘယ်လို ရပ်တည်ချက်မျိုး စွဲကိုင်ထားကြသလဲ၊ စစ်ရေးလှုပ်ရှားမှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဘယ်လို ဆက်ဆံရေး ရှိကြသလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ သေသေချာချာ မသိရှိကြပါဘူး။ စစ်ရေး လှုပ်ရှားမှု အနေနဲ့တော့ တနင်္သာရီတိုင်းထဲမှာ ရှိတဲ့ ကေအန်ယူ/ကေအန်အယ်လ်အေ ရဲ့ တပ်မဟာ ၄ အနေနဲ့ စစ်ကောင်စီနဲ့ တိုက်ခိုက်မှုတွေ မရှိသလောက် ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ PDF လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေက ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း တဖြည်းဖြည်း မြင့်တက်လာနေတာ တွေ့ရမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးစ ဆန္ဒပြမှုတွေကို ဖြိုခွဲတဲ့နောက်ပိုင်း တနင်္သာရီတိုင်းရဲ့ မြို့တွေဖြစ်တဲ့ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ တနင်္သာရီ နဲ့ ကော့သောင်း မြို့နယ်တွေမှာ PDF အမည်အောက်က လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်း ပေါ်ထွက်လာကြပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းခင်ကာလတွေ အထိ ကေအန်ယူ/ကေအန်အယ်လ်အေ ရဲ့ တပ်မဟာ ၄ နယ်မြေ ဖြစ်တဲ့ ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ တနင်္သာရီတိုင်း ရဲ့ ဒေသတွေမှာသာ လက်နက်ကိုင် တပ်ဖွဲ့တွေ နေရာချထားတာ အခြေစိုက်ကြတာရှိပြီး အနောက်ဘက် ပင်လယ်နဲ့ ယှဥ်တဲ့ ဒေသတွေ ဖြစ်တဲ့ ဒေသတွေမှာ လက်နက်ကိုင် လှုပ်ရှားမှု မရှိခဲ့ကြဘဲ စစ်အာဏာသိမ်းပြီးနောက်မှာ PDF အဖွဲ့တွေ ပေါ်လာပြီး လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း တို့မှာ တိုက်ပွဲတွေ စတင်ထွက်ပေါ်လာပြီးနောက် နောက်ပိုင်းမှာတော့ ပုလောမြို့နယ်ဘက်မှာ ပိုမိုကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းဟာ လူမျိုးစုအရ ထားဝယ်တိုင်းရင်းသားတွေ၊ ကရင်တိုင်းရင်းသားတွေ နဲ့ ဆလုံလူမျိုးစုတွေ နဲ့ ဗမာတွေ နေထိုင်ကြတာ ဖြစ်ပြီး လူမျိုးစုနယ်မြေရယ်လို့ မှတ်ယူမထားကြတဲ့ သဘောဖြစ်ပါတယ်။  မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တနင်္သာရီတိုင်းရဲ့ အရှေ့ဘက်တကြော၊ အချို့သောနေရာတွေမှာ ပင်လယ်ကမ်းရိုးတန်းတွေအထိ ကရင်လူမျိုးတွေ အများအပြားနေထိုင်ကြတာ တွေ့ရပါတယ်။ စစ်အာဏာ မသိမ်းမီထိ  စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမား မရှိခဲ့ပဲ စစ်အာဏာသိမ်းပြီးနောက် ကေအန်ယူ/ကေအန်အယ်လ်အေ အပြင် PDF လက်နက်ကိုင် လှုပ်ရှားမှုက စတင်ပေါ်ထွက်လာတဲ့ ဒေသလို့ ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေမှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားခဲ့တဲ့ လောင်းလုံး မြို့နယ်ဟာ ထားဝယ်မြို့ရဲ့ တောင်ဘက် ကျွန်းဆွယ်သဖွယ် ရှိနေတဲ့ မြို့နယ်ဖြစ်ပြီး နယ်စပ်ဒေသလည်း မဟုတ်သလို တဖက်မှာပင်လယ်ပြင် သာရှိပြီး ထားဝယ်မြစ်၊ တနင်္သာရီရိုးမ စတဲ့ ဒေသမှာ ရှိတဲ့မြို့နယ်လည်း ဖြစ်ပါတယ်။ ီမတိုင်ခင်ကာလတွေအထိ ထားဝယ်၊ မြိတ် တို့လိုက ဒေသခံတွေအနေနဲ့ စီးပွားရေး လုပ်ငန်းတွေသာ အာရုံစိုက် လုပ်ကိုင်ကြတာ၊ ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ကြတာကလွဲရင် လက်နက်ကိုင် တိုက်ခိုက်ဖို့ ၊ သဘောတား ပြင်းထန်တဲ့ နိုင်ငံရေးရပ်တည်ချက် လမ်းကြောင်းမျိုး မကြားသိခဲ့ရတဲ့ နေရာ ဖြစ်ပါတယ်။ သို့ပေမဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာတော့ လက်နက်ကိုင် လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်လာတဲ့ ဒေသတခု ဖြစ်လာခဲ့ပြီး ရှည်လျားလှတဲ့ တနင်္သာရီ ကမ်းရိုးတန်းတလျှောက် စစ်ကောင်စီတပ်တွေ စခန်းတွေ၊ ကင်းတွေကို တိုက်ခိုက်လာတဲ့ နေရာဖြစ်လာခဲ့ပါတယ်။ 

တနင်္သာရီတိုင်းထဲက PDF အဖွဲ့တွေရဲ့ ရပ်တည်မှု၊ NUG နဲ့ ဆက်သွယ်ဆောင်ရွက်မှု၊ ကေအန်ယူ/ကေအန်အယ်လ်အေနဲ့ ဆက်ဆံရေး အစရှိတဲ့ အပိုင်းတွေတော့ ပရိသတ်အနေနဲ့ သိပ်ပြီး မသိရှိကြသေးတဲ့ သဘောလည်း တွေ့ရမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီ အနေနဲ့ တနင်္သာရီတိုင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လောက် ရာနှုန်းပြည့်နီးပါး အားကောင်းခဲ့တဲ့ ဒေသတခု မဟုတ်ခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ တိုင်းရင်းသားပါတီတွေကို ကျော်လွန်ပြီး အနိုင်ရခဲ့တဲ့ တိုင်းတတိုင်းဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းဟာ နယ်မြေအနေအထားအရ လူဦးရေ ထူထပ်မှု မများပြားသော်လည်း သတ္တုမိုင်း၊ ငါးဖမ်းလုပ်ငန်း၊ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ရှည်လျားတဲ့ နယ်နိမိတ် နဲ့ ရာနဲ့ချီတဲ့အရေအတွက်ရှိတဲ့ ကျွန်းစုတွေ ပုလဲလို သယံဇာတတွေ ထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ ကရင်၊ ကရင်နီ၊ ရှမ်း၊ ကချင်၊ ချင်းတို့လို တိုင်းရင်းသား လူမျိုးစု အမျိုးသားရေးက ထင်ထင်ရှားရှား မမြင်ခဲ့ကြရပေမယ့် ထားဝယ်တိုင်းရင်းသားတွေ အနေနဲ့တော့ ၄င်းတို့ရဲ့ ထားဝယ်ဘာသာစကားနဲ့ ထားဝယ်ရိုးရာ ယဥ်ကျေးမှု စတာတွေနဲ့ ထားဝယ်တွေကို တိုင်းရင်းသား လူမျိုးစု တရပ်အဖြစ်သတ်မှတ်ရှုမြင်ထားကြတာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် တနင်္သာရီတိုင်းဟာ လူမျိုးစု ဒေသတခု၊ ကရင်လူမျိုး၊ လူနည်းစု ဆလုံလူမျိုးတွေနဲ့ မွန်လူမျိုးအရေအတွက်တခုထိ နေထိုင်ကြတဲ့ ဒေသကြီးဖြစ်ပြီး နိုင်ငံရေးအရ အရေးပါလာမယ့် ဒေသတခုလည်း ဖြစ်တယ်လို့ ရှုမြင်ယူဆမိပါတယ်။ အခု ခေတ်စားတဲ့ နွေဦးတော်လှန်ရေးထဲက စကားလုံးနဲ့ ပြောရရင် ဖယ်ဒရယ်ယူနစ် တခု သို့မဟုတ် တခုထက်ပိုတဲ့ ယူနစ်တွေ ဖြစ်လာမယ်လို့ ဆိုနိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar