Breaking News

ဖရန်ချိုက်စ်သဖွယ် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၂ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၃


ဖရန်ချိုက်စ်သဖွယ် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ

နောက်ဆုံးရ သတင်းတပုဒ်ထဲမှာ ကရင်ပြည်နယ် ကေအန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ထဲမှာ ဖွဲ့စည်းလှုပ်ရှားနေခဲဒ့တဲ့ National Special Force လို့အမည်ပေးထားတဲ့ PDF အဖွဲ့တဖွဲ့ရဲ့ ခေါင်းဆောင်သူ ၃ ဦးဟာ လက်နက်ကိုင်အဖွဲ့ရဲ့ ရံပုံငွေနဲ့ လက်နက်တွေကိုယူဆောင်ပြီး စစ်ကောင်စီဘက်ကို ခိုလှုံသွားလို့ ကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၄၀ ခန့်ကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က လက်ခံစောင့်ရှောက်ထားတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဆိုပါ PDF အဖွဲ့ရဲ့ ရံပုံငွေ ကျပ် သိန်း ၉၀၀ ဝန်းကျင်နဲ့ လက်နက်အချို့ကို ယူဆောင်သွားတယ်လို့ သတင်းထဲဖေါ်ပြထားပါတယ်။ တပ်ရင်းမှူး ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူး တဦး စုစုပေါင်း ၃ ဦးဟာ အများကထည့်ဝင်ထားတဲ့ တပ်ဖွဲ့ပိုင် ရံပုံငွေတွေ နဲ့ တပ်ဖွဲ့ပိုင် လက်နက် အချို့ကို ယူဆောင်ပြီး စစ်ကောင်စီဘက် အလင်းဝင်သွားတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုသတင်းမျိုးက ပဲခူးတိုင်းအနောက်ပိုင်းမှာ ယခုနှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တာရှိခဲ့သလို အထက်အညာဒေသဖြစ်တဲ့ ပခုက္ကူမြို့နယ်ဘက်မှာ မကြာခင် လပိုင်းအတွင်းက ဖြစ်ပျက်ခဲ့ဖူးပြီး ကရင်ပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင်ဧရိယာထဲ ခိုလှုံပြီး လှုပ်ရှားနေတဲ့ ဒေသမှာတော့ ပထမဆုံး အဖြစ်အပျက်လို့ ဆိုနိုင်ပါတယ်။ 

ဒီဖြစ်ရပ်ရဲ့အကြောင်းရင်းခံက ဖြစ်နိုင်ချေ ၂ ခုရှိပါတယ်။ တခုက လက်နက်ကိုင် တော်လှန်ရေးရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရတဲ့အခါ နဂိုမျှော်မှန်းခဲ့တဲ့ လပိုင်းအတွင်း သို့မဟုတ် တနှစ်အတွင်း လက်နက်ကိုင်တိုက်ပွဲက အဖြေရလဒ်ထွက်ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်က လက်တွေ့မှာ မဟုတ်တဲ့အခါ နောက်ကြောင်းလှည့်ဖို့ ဆုံးဖြတ်တဲ့ အချက်ဖြစ်ပြီး ဒုတိယဖြစ်နိုင်ချေကတော့  အခုလို ဘက်ပြောင်းသွားသူတွေဟာ နဂိုကတည်းက စစ်ကောင်စီဘက်က မြှုပ်နှံထားတဲ့ သူ့လူကိုယ့်ဘက်သားတွေ ဖြစ်တယ်ဆိုတဲ့ ဖြစ်နိုင်ချေ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လက်နက်နဲ့ ဖြစ်စေ လက်နက်မပါဘဲဖြစ်စေ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတွေကို စစ်တပ်လော်ဘီတွေက သူတို့မြှုပ်နှံထားတဲ့ သူတွေပါတယ်ဆိုတဲ့ သဘောမျိုး ပြောဆိုမှုနဲ့ အလားသဏ္ဌာန်တူပါတယ်။ 

အခုအဖြစ်အပျက်က အဆိုပါ အကြောင်းခံ ၂ ချက်အနက်က ဘယ်အကြောင်းခံ ကြောင့်လဲဆိုတာတော့ လတ်တလော ထုတ်ဖေါ်ပြောဆိုမှု သို့မဟုတ် ဖေါ်ထုတ်မှုတွေ မတွေ့ရသေးပါဘူး။ စစ်ပွဲတိုင်း နိုင်ငံရေး ဖြစ်ရပ်တိုင်းမှာ ဆန့်ကျင်ဖက်အဖွဲ့ထဲက သတင်းအချက်အလက်တွေ သိနိုင်ဖို့ ရယူဖို့ ကြိုတင်ကြံစည်မှုတွေ ရှိနိုင်တာဖြစ်ပါတယ်။ သို့ပေမယ့် အဖြစ်အပျက်တိုင်းကတော့ ကြိုတင်ကြံစည်မှု ဖြစ်ချင်မှဖြစ်မှာ ဖြစ်ပြီး နိုင်ငံရေးယုံကြည်မှု၊ ရပ်တည်မှု မခိုင်မာခြင်း၊ False Hope လို့ အများခေါ်ဆိုကြတဲ့ လက်တွေ့မကျတဲ့ နိုင်ငံရေး မျှော်လင့်ချက်တွေ မျှော်လင့်ခဲ့ကြပြီး တကယ့်ဖြစ်ရပ်မှာ အဲလောက် မလွယ်ကူတဲ့အခါ လက်လျှော့ပြီး နောက်ကြောင်းပြန်တာမျိုး၊ အရှုံးပေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီနေရာမှာ နောက်ကြောင်း ပြန်သုံးသပ်ကြည့်ကြမယ်ဆိုရင် နွေဦးတော်လှန်ရေး လို့ ယေဘုယျ ခေါ်ဆိုကြတဲ့ ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ကြမယ့် လှုပ်ရှားမှုထဲမှာ လက်နက်မဲ့၊ မြို့ပြပြောက်ကျား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လွတ်မြောက်နယ်မြေကို အခြေပြုကာ လက်နက်ကိုင် တိုက်ခိုက်ကြတဲ့အဖွဲ့တွေ၊ မိမိနေထိုင်ရာ ကျေးရွာတွေ မှာပဲ လက်နက်ကိုင် အဖွဲ့ဖွဲ့စည်း တိုက်ခိုက်ကြတာ စသဖြင့် အမျိုးမျိုးသော ပုံစံနဲ့ ဖွဲ့စည်းပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားဒေသမဟုတ်တဲ့ မြန်မာနိုင်ငံက ဒေသတွေမှာ ပေါ်ထွက်လာတဲ့ ပြောက်ကျား စနစ်နဲ့ တိုက်ခိုက်တဲ့ PDF လက်နက်ကိုင် အဖွဲ့တွေ နဲ့ မြို့တွေမှာ အခြေစိုက်ပြီး စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ တင်သာမက၊ အုပ်ချုပ်ရေး နဲ့ သတင်းပေးတယ်လို့ သံသယရှိသူတွေကို လုပ်ကြံသတ်ဖြတ်ရေး၊ ဗုံးဖေါက်ခွဲတိုက်ခိုက်တာတွေ လုပ်တဲ့ မြို့ပြပြောက်ကျားတွေ အများစုက NUG အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်က မဟုတ်ကြပဲ ၄င်းတို့ဘာသာ ၄င်းတို့ ဖွဲ့စည်းပြီး အများရဲ့ ကူညီထောက်ပံ့တဲ့ ရံပုံငွေနဲ့ ရပ်တည်ကြတာမျိုးဖြစ်ပါတယ်။ အဲဒီလိုအဖွဲ့တွေ အချင်းချင်းအကြားမှာ ဆက်သွယ်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတွေ အတိုင်းအတာတခုအထိ ရှိကြပေမယ့် လုံခြုံရေးကို ဦးစားပေးရတာကြောင့် အချက်အလက်ဖလှယ်မှု ပူးပေါင်းလုပ်ဆောင်မှု အားနည်းကြတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေ အနေနဲ့ ၄င်းတို့ဘာသာ ၄င်းတို့ အလှူခံပြီး ရပ်တည်ကြတာက အများစု ဖြစ်ပါတယ်။ အဲသည်မှာ NUG - MoD နဲ့ ချိတ်ဆက်ပြီး အတိုင်းအတာတခုအရ လက်တွဲ လုပ်ကိုင်ကြသူတွေ ရှိသလို အဲသည် CoC မဟုတ်ပေမယ့်လည်း တဦးနဲ့တဦး ပြိုင်ဘက်လို သဘောမထားဘဲ ဘုံရန်သူကို တိုက်နေရကြတဲ့ သဘောထားမျိုးနဲ့ အဖွဲ့တွေလည်း ရှိကြပါတယ်။ 

တနည်းအားဖြင့်ဆိုရရင် စီးပွားရေး လုပ်ကိုင်ကြရာမှာ ဖရန်ချိုက်စ် စနစ်နဲ့ သီးခြားဆိုင်တွေ ထူထောင်ပြီး ပင်မကုမ္ပဏီကို အမည်ခံစေတာမျိုး၊ ပင်မကုမ္ပဏီရဲ့ အမည်ကို အသုံးပြုပြီး သီးခြားချမှတ်ကြတဲ့ တာဝန်တွေကို ဖေါ်ဆောင်ကြတာမျိုးလည်း ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေမှာတော့ ဖရန်ချိုက်စ် ပင်မကုမ္ပဏီက ဖရန်ချိုက်စီး လုပ်ငန်းခွဲတွေထံက ရာခိုင်နှုန်းနဲ့ အကျိုးခံစားခွင့်ပေးတာ၊ အလုပ်ခွဲဝေလုပ်ကိုင်ကြတာမျိုးဖြစ်ပေမယ့် အခုဖြစ်ရပ်မှာတော့ အဲဒီအသွင်သဏ္ဌာန်မျိုး သဘောမျိုး မရည်ရွယ်ဘဲ ဖြစ်လာသလားလို့ ဝေဖန်ချင်တာ ဖြစ်ပါတယ်။ မရည်ရွယ်ဘဲနဲ့ MoD ၏ တပ်ရင်းတပ်ဖွဲ့၊ လိုကယ်ပီဒီအက်ဖ်၊ ပြောက်ကြားအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ စတာတွေဟာ အပေါ်အောက် ဆက်ဆံရေး၊ ဘေးတိုက် ဆက်ဆံရေးတွေမျိုးစုံ ထူထောင်နေကြရင်း ဖရန်ချိုက်စ် လုပ်နေကြသလို ဖြစ်လာပါတယ်။

ဒီလို ဖရန်ချိုက်စ် စနစ်နဲ့ သဏ္ဍာန်တူတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ မြို့ပြပြောက်ကျားတွေ အနေအထား နဲ့ လှုပ်ရှားနေတာ အခုဆို ၂ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ပါတယ်။ NUG အနေနဲ့ ပကဖ၊ ပအဖ၊ ပလဖ ဆိုတဲ့ အဖွဲ့တွေကို အန်အယ်လ်ဒီပါတီမှာ တာဝန်ယူခဲ့သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အခြေပြုပြီး ဗမာတွေ အများစုနေတဲ့ ဒေသတွေမှာ အစားထိုးဖွဲ့စည်းလာတာတွေရှိပေမယ့် ဒေသအလိုက် ပေါ်ထွက်လာတဲ့ PDF တွေ၊ မြို့ပြပြောက်ကျားတွေကို အားလုံး ထည့်သွင်းစည်းရုံးနိုင်တဲ့ အဆင့်မျိုးတော့မရောက်သေးတာ တွေ့ရမှာဖြစ်ပါတယ်။ 

ဒီအကြောင်းအချက်တွေက အခုလို ဘက်ပြောင်းမှု၊ ရန်သူဘက်ကို လက်နက်ချသွားတာ ဒီဘက်က ရန်ပုံငွေ နဲ့ လက်နက်ပါယူပြီး ခိုလှုံသွားတာတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းအချက်တရပ်ဖြစ်ပြီး အချင်းချင်းအကြား မယုံကြည်မှုတွေကိုလည်း ပေါ်ထွက်စေနိုင်တာ ဖြစ်ပါတယ်။ စီးပွားရေးမှာတော့ ဖရန်ချိုက်စီအခွဲက ပြိုင်ဘက်ဖရန်ချိုက်ကုမ္ပဏီကြီးတခုဆီကို ဘက်ပြောင်းလဲသွားကြသလိုမျိုး ဥပမာပေးနိုင်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် လှုပ်ရှားမှုဟာ သူ့ဒေသနဲ့ သူ သဘာဝအတိုင်းပေါ်ထွက်လာတာ ကောင်းတဲ့အချက် ဖြစ်ပြီး၊ တမင်လုပ်ယူတာမဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာက လူတွေကြားက ပေါ်ထွက်လာတာ ဖြစ်တဲ့ သဘောဖြစ်ပါတယ်။ သို့ပေမဲ့ဲ့ရေရှည်မှာတော့ တဖွဲ့ချင်း တဖွဲ့ချင်း မိမိတို့ဘာသာ မိမိတို့ ရန်ပုံငွေကောက်ခံ၊ အခွန်အကောက် ကောက်ခံပြီး ရပ်တည်နေတာမျိုး၊ တဖွဲ့ချင်း ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင် ဗျူဟာနဲ့ တိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်နေကြတာမျိုးထက် နိုင်ငံရေးအရ၊ စစ်ရေး အမိန့်ပေးစနစ်အရ ၊ ထောက်ပံ့မှုအရ စုစည်းမှုတခုထည်း အောက်ရောက်ရှိဖို့ ကြိုးစားရမယ့် အချိန်၊ အချိန်ကန့်သတ်ချက်တခုအတွင်း ပြီးစီးအောင် ကြိုးစားလုပ်ဆောင်ရမယ့် အခြေအနေရောက်နေပြီလို့ ထင်မြင်ယူဆမိပါတယ်။ ဖရန်ချိုက်စနစ်က ကြားကာလမှာ အလုပ်ဖြစ်တယ် ထင်ကြရင်လည်း စနစ်ကျတဲ့ ပွင့်လင်းမြင်သာရှိတဲ့ ဖရန်ချိုက်လက်ခွဲတွေမျိုးကို အားပေးကြဖို့ လိုမလားလို့ စဉ်းစားမိပြန်ပါသေးတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar