ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ နဲ့ စစ်ခေါင်းဆောင်တွေအတွင်း စီးပွားရေးနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှုတွေရှိနေတယ်ဆိုတဲ့ သတင်း
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၄ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ နဲ့ စစ်ခေါင်းဆောင်တွေအတွင်း စီးပွားရေးနဲ့ ပတ်သက်တဲ့ ဖမ်းဆီးမှုတွေရှိနေတယ်ဆိုတဲ့ သတင်း
အသက် ၇၈ နှစ် အရွယ်ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လုံလောက်တဲ့ ကျန်းမာရေး ကုသမှုမရရှိဘူးဆိုတဲ့ သတင်းတွေ သတင်းဌာနတွေမှာ ဖေါ်ပြနေကြပြီး ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ သားဖြစ်သူကလည်း စိုးရိမ်ကြောင်း သတင်းမီဒီယာတွေကို ထုတ်ပြောဆိုထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သွားကိုက်တဲ့ဝေဒနာခံစားရရာက အကျဥ်းထောင်ဆရာဝန်က ပဋိဇီဝ ဆေးတွေပေးရာကနေ မူးဝေတာ အန်တဲ့ ဝေဒနာတွေခံစားခဲ့ရတဲ့ အကြောင်း သတင်းတွေမှာဖေါ်ပြထားပြီး ပြင်ပက ဆရာဝန်နဲ့ ပြသဖို့ ခွင့်တောင်းပေမယ့် စစ်ကောင်စီဘက်က ခွင့်မပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒီလိုအခြေအနေ ရဲ့ နောက်ဆက်တွဲ သတင်းတွေတော့ ထပ်မံကြားသိရခြင်း မရှိပဲ၊ စစ်ကောင်စီဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ ဖြေရှင်းတာ၊ ပြောဆိုတာမရှိသေးပါဘူး။ အသက် ၇၈ နှစ်အရွယ် ရှိတဲ့သူ တဦးအဖို့ အကျဥ်းထောင်မှာ အစားအသောက်၊ ဆေးဝါးကုသမှု အကန့်အသတ်တွေအောက်မှာ ကျန်းမာရေး အတွက် အန္တရာယ်ရှိတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ယခင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကလည်း နေအိမ်အကျယ်ချုပ်နဲ့ အကျဥ်းထောင်ထဲတို့မှာ ထိန်းသိမ်းခံအဖြစ်နဲ့ စုစုပေါင်း ၁၂ နှစ်ကျော် နေထိုင်ခဲ့ဖူးပေမယ့် အဲဒီကာလက သူ့ရဲ့ အသက်အရွယ်က ၅၀ ဝန်းကျင် ကနေ ၆၅ နှစ်ဝန်းကျင်ကာလတွေ ဖြစ်လို့ ကျန်းမာရေးအားဖြင့် ကောင်းမွန်တဲ့ ကာလ၊ ခံနိုင်ရည်ရှိတဲ့ ကာလဖြစ်ပြီးအခု တကြိမ် ဖမ်းဆီးခံရချိန်မှာ အသက်အရွယ်အားဖြင့် ၇၅ နှစ်ကျော်ရောက်ရှိနေတဲ့ အနေအထားဖြစ်လို့ ကျန်းမာရေးက စိုးရိမ်စရာဖြစ်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ပြည်ပရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စက်တင်ဘာ ၁၄ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဥပဒေမဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကြောင်း အပြစ်တစုံတရာ မရှိတဲ့အကြောင်း၊ နိုင်ငံရေး အကျဥ်းသားတဦးရဲ့ အခွင့်အရေး တစုံတရာမျှ မရရှိပဲ၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်၊ နေရာထိုင်ခင်းတွေ ပေးမထားပဲ အသက်အန္တရာယ်ရှိ တဲ့အနေအထားမျိုး တမင်တကာ ဖန်းတီးထားလို့ ပါတီအနေနဲ့ အထူးစိုးရိမ်ပူပန်ကြောင်း ရေးသားထားပြီး အမျိုးသားဒီမိုကရစီ အဖွဲ့ချုပ်ခေါင်းဆောင် နဲ့ အခြားနိုင်ငံရေး အကျဥ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံအသီးသီးက အစိုးရတွေ၊ ကုလသမဂ္ဂ၊ အာဆီယံ အသိုက်အဝန်းနဲ့ အိမ်နီးချင်းနိုင်ငံခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်း နဲ့ ထပ်မံတွန်းအားပေး တိုက်တွန်းကြဖို့ တောင်းဆိုလိုက်တယ်လို့ ပါရှိတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ယခင် စစ်အစိုးရလက်ထက်က နေအိမ်အကျယ်ချုပ် အနေအထားနဲ့ အခု မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီ လက်ထက် နေပြည်တော် အချုပ်ထောင်ထဲမှာ အထူးစီမံထားတဲ့ အဆောင်မှာထားရှိတဲ့ အခြေအနေတွေက အများကြီးကွာခြားတယ်လို့ ဆိုနိုင်ပါတယ်။ လိုအပ်တဲ့ ဆေးဝါး၊ အစားအသောက် နဲ့ အဆောက်အဦ ရဲ့ သက်တောင့်သက်သာဖြစ်မှု အနေအထားတွေ ကွာခြားတာ ဖြစ်ပြီး အခြားသော နိုင်ငံရေး အကျဥ်းသားတွေနဲ့ သာတဲ့ အနေအထားမျိုးလို့ ဆိုကောင်းဆိုနိုင်သည့်တိုင် အသက်အရွယ်အားဖြင့် အခုလို အကျဥ်းကျနေတဲ့ အောက်မှာ ဖြစ်ပွားတဲ့ ရောဂါဝေဒနာက ကောင်းမွန်တဲ့ လုံလောက်တဲ့ ကုသမှုမရရင် ပျောက်ကင်းဖို့ ခက်ခဲမှာဖြစ်ပါတယ်။
၂၀၁၅-၂၀၂၀ ခုနှစ်တွေ ကာလအတွင်း အချို့သော တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု အချို့ ဆုံးရှုံးခဲ့ရကာ ရိုဟင်ဂျာအရေးမှာလည်း အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုတချို့ ဆုံးရှုံးခဲ့ရပေမယ့် မြန်မာနိုင်ငံတွင်း လူများစု ဗမာလူမျိုးတွေနဲ့ ရာခိုင်နှုန်း အတိုင်းအတာတခုထိရှိတဲ့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု အားကိုးမှုကို ရရှိထားဆဲဖြစ်လို့ မြန်မာ့နိုင်ငံရေးရဲ့ ဗဟိုချက်တွေထဲက တယောက်ဖြစ်နေဆဲ အနေအထားလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍပြီးဆုံးသွားစေချင်တဲ့ ဆန္ဒမျိုး ရှိနေပြီး ယခင်နဝတ၊ နအဖ လက်ထက်က နေအိမ်အကျယ်ချုပ် အနေအထားမျိုးတောင် ထားရှိဖို့ ခွင့်မပြုနိုင်တာကို ကြည့်ရင် သိရှိနိုင်သလို ရာဇဝတ်ဆိုင်ရာ ပုဒ်မတွေ၊ အဂတိလိုက်စားမှုဆိုင်ရာ ပုဒ်မတွေ၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုလို ပြစ်ဒဏ်ကြီးမားတဲ့ ပုဒ်မတွေနဲ့ အမှုပေါင်း ၁ ဒါဇင်ကျော်စွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့တာကို ကြည့်ရင်လည်း နိုင်ငံရေး အရ နာလံမထူအောင် လုပ်ဆောင်ဖို့ကြိုးစားမှုလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
သို့သော်လည်း ပြောင်းလဲလာတဲ့ အခြေအနေတွေ၊ စစ်ရေးအရ အပြတ်အသတ်အနိုင်ယူဖို့ သို့မဟုတ် နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ဖို့ အင်အား ချိန်ခွင်လျှာ ပြောင်းလဲမှု လက္ခဏာတွေ တွေ့မြင်ရလာချိန်မှာ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးတာမျိုး လုပ်မလားဆိုတဲ့အချက်ကို ရွေးချယ်စရာ အချက်တခုအဖြစ် ထည့်သွင်းလာတဲ့ အနေအထားလည်း တွေ့ရတာ ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဖြစ်သူကို တွေ့ဆုံခွင့်ပေးခဲ့ခြင်းကို ကြည့်ရင် အထက်က ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ကောက်ချက် ချနိုင်ပါတယ်။ သို့ပေမယ့် စစ်ကောင်စီက လျှောက်ချင်တဲ့ လမ်းကို လျှောက်ဖို့ဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်မှုကလည်း အဓိကကျတာ ဖြစ်ပါတယ်။ ဒီလို စကားပြောဆိုမှုတွေ တန်းတူအနေအထားမျိုး မဆက်ဆံပဲ အကျဥ်းချထားတဲ့ အကျဥ်းသားတယောက်နဲ့ မိမိအသာစီးရမယ့် အပေးအယူ အနေအထားမျိုးတွေက အောင်မြင်ဖို့ ခက်ခဲလိမ့်မှာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ကိုယ်ချိုးချင်တဲ့ ဖဲ ချိုးခွင့်ရှိတဲ့ အနေအထားမျိုးမဟုတ်တော့တာကိုလည်း သတိပြုရမယ့် အချိန်ရောက်နေပြီ ဖြစ်ပါတယ်။ တဖက်မှာတော့ အသက်အရွယ်အားဖြင့် ၈၀ ပြည့်ဖို့ ၂ နှစ်သာလိုတော့တဲ့ နိုင်ငံရေး ခေါင်းဆောင်တယောက်နဲ့ ပြည်တွင်းစစ်ချောက်ထဲက မြန်မာနိုင်ငံ အနေအထားဟာ လူတဦးတယောက်ရဲ့ ဆန္ဒ၊ သဘောထားတွေနဲ့ လမ်းပြမောင်းနှင်လို့ ရတဲ့ အခြေအနေမဟုတ်တော့ပဲ နိုင်ငံရေးအရ၊ စစ်ရေးအရ ဝင်ရိုးစွန်းတွေ တခုမက ထွက်ပေါ်လာနေတဲ့ အနေအထားလို့ ဆိုကောင်း ဆိုနိုင်တာ ဖြစ်ပါတယ်။
ဒီနေ့ အဖို့ နောက်ထပ် အကြောင်းအရာတခုကတော့ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေ၊ အတည်မပြုနိုင်တဲ့ ကောလာဟလတွေ အထဲ စစ်ကောင်စီဗိုလ်ချုပ်တွေအကြား ကုန်သွယ်ရေး အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးမှုတွေရဲ့ ပေါ်လာတဲ့ အစကိုဆွဲရင်း နောက်ဆုံး စစ်ခေါင်းဆောင်ရဲ့ အတွင်းဆုံး စက်ဝိုင်းထဲက ဗိုလ်ချုပ်ကြီးတွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ အထိရောက်လာသလား ဆိုတဲ့ ကောလာဟလ သတင်းတွေ ဖြစ်ပါတယ်။ စားအုန်းဆီစျေးနှုန်းတွေ မြင့်တက်လာရာက စားအုန်းဆီ လုပ်ငန်းရှင်အသင်းက တာဝန်ရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးရာက တဆင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးကိုပါ ဖမ်းဆီးစစ်မေးနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါပြီးနောက် ရက်အနည်းငယ်အကြာမှာ သူ့ကို ဒီရာထူးရဖို့ ဆွဲတင်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကိုပါ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီး စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ယနေ့နေ့စွဲနဲ့ ဖေ်ပြထားတာတွေ့ရပြီး အချို့သော ကောလဟလ သတင်းတွေက ဒီ ၂ တင်မက စစ်ကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါ ထိန်းသိမ်းခံထားရတယ် ဆိုတဲ့ ကောလာဟလ အထိ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ အတည်ပြုနိုင်တဲ့ အနေအထားမရှိပါဘူး။ သို့ပေမဲ့ဲ့စီးပွားရေး သွင်းကုန် ထုတ်ကုန် လိုင်စင်တွေ၊ ဗဟိုဘဏ်ရဲ့ ဒေါ်လာရောင်းချမှုတွေ နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရာမှာ စစ်ကောင်စီ အတွင်းဆုံးစည်းအထိ ရောက်ရှိလာခြင်းဟာ စစ်ကောင်စီအတွင်း အက်ကြောင်းပေါ်စရာ အကြောင်းတချက် ဖြစ်မလားဆိုတာတော့ စောင့်ကြည့်ရမယ့် အခြေအနေတခု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar