ဇော်ရေးထင် - မပို့ဖြစ်တဲ့မက်ဆေ့ တစ်စောင်
ဇော်ရေးထင်
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၃
ငတ်နေမလား
သတ်သေမလား ဆိုတာ
ငါတို့ခေတ်ရဲ့မေးခွန်း။
မေးခွန်းသတ်တယ်ဆိုတာ
ဒီခေတ်ရဲ့အခြေအနေ
ငါတို့ မေးခွန်းကြားမှာညှပ်နေပြီ။
ကူပါ ကယ်ပါ ထ,ထအော်ကြည့်ပါလား
ပဲ့တင်သံလား အသံအစစ်လား
ပြန်ကြားနေရ။
တောင်မင်း မြောက်မင်းမကယ်နိုင်
လဲကျသွားတာ
ဖိုးသူတော်ရော တောင်ဝှေးရော။
ဦးခေါင်း ၃ လုံးရှိသူကို
မေးပါများစကားရကြည့်တော့
တနေ့တလံဆိုပေမယ့် လမ်းမှန်ဖို့
လိုတယ်ဆိုပြန်တယ်။
တနေ့ပုဆိုးသုံးခါလဲဆိုတာ
ခါးဝတ်ပုဆိုးကို ခဏ ခဏ ပြင်ဝတ်စေတာများလား
၅ ပါးသီလ။
စျေးဆိုင်ဟာ
အိမ်နောက်ဖေးတင်မက
တခြံလုံးတည် လည်း မရ
ချဥ်ပေါင်တွေ ဘွန်ဇိုင်းဖြစ်ကြ။
ဘုရားပန်းဆိုင်ကယ်
အရင်လို အရောင်းမသွက်ဘူးဆိုလား
အရှင်ဘုရား
ဤဝေနေယျများအား နားလည်ဖြည့်ဆည်းတော်မူပါ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar